ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်စစ်ရေး ဘယ်ကိုဦးတည်နေလဲ

August 11, 2026

ထားဝယ်ခရိုင်ထဲမှာ စစ်အာဏာရှင်တပ်ရဲ့ စစ်ကြောင်းက ခြေရှုပ်နေတဲ့အတွက် ဒေသခံတွေလည်း စိုးရိမ်စိတ်တွေနဲ့ ပြေးလွှားနေကြရပါတယ်။

ဒီစစ်ကြောင်းတွေက ထားဝယ်ခရိုင် ရေဖြူမြို့နယ်နဲ့ လောင်းလုံးမြို့နယ်တွေထဲကို မကြာခဏ ဝင်ရောက် စစ်ကြောင်းထိုးနေတာပါ။ သူတို့ဦးတည်ရာကတော့ ထားဝယ်အထူးစီးပွားရေးဇုန်ပါပဲ။

ဒါ့အပြင် အထူးစီးပွားရေဇုန်နဲ့ ချိတ်ဆက်ထားတဲ့ ထားဝယ်-ထီးခီး နယ်စပ်လမ်းတည်ရှိရာ ထားဝယ်အရှေ့တော ဒေသမှာလည်း စစ်ကြောင်းထိုးတာတွေ လုပ်နေပါတယ်။

ဇူလိုင်လ ၉ ရက်ကစပြီး စစ်အာဏာရှင်တပ် စစ်ကြောင်းတွေဟာ အထူးစီးပွားရေးဇုန်ဧရိယာထဲ ရွာစဉ်တစ်လျှောက် ဝင်လိုက်ထွက်လိုက် အိမ်မီးရှို့၊ လူသတ်တာတွေ တောက်လျှောက်ကျူးလွန်နေတာဟာ ဒီနေ့အထိဆိုရင် တစ်လကျော် လာနေပါပြီ။

အာဏာသိမ်းပြီးကတည်းက အဲဒီဒေသကို အကြိမ်ရေ အမြောက်အမြား စစ်ကြောင်းထိုးနေကြမို့ မထူးဆန်းဘူးဆိုပေမဲ့ ဒီတစ်ကြိမ်ကတော့ စစ်အာဏာရှင်တပ်မှာ ရည်ရွယ်ချက် တစ်ခုခုရှိပုံရပါတယ်။

ဒေသခံတွေကြားမှာလည်း စစ်အုပ်စုဟာ ထားဝယ်အထူးစီးပွားရေးဇုန်မှာ တစ်ခုခုလုပ်ဖို့ ရှိနေမလားဆိုတဲ့ သို့လော၊ သို့လော မေးခွန်းတွေနဲ့ စိုးရိမ်ပူပန်နေကြရတာပါ။

“ရေနက်ဆိပ်ကမ်း အစည်းအဝေးခန်းမကိုလာပြီးတော့ (စစ်တပ်က) အစည်းအဝေး လာလုပ်မယ်ဆိုပြီး သတင်းတွေထွက်နေတယ်။ ဘယ်နေ့လဲတော့မသိဘူး” လို့ ဒေသခံတစ်ဦးက ဇူလိုင်လ ၂၈ ရက်နေ့က ပြောဆိုပါတယ်။

ဒေသခံတွေ ပြောဆိုနေကြတာ ဘယ်လောက်အထိ ဖြစ်နိုင်ခြေရှိမလဲဆိုတာ မှန်းဆရခက်ပေမဲ့ မြေပြင်မှာတော့ စစ်အာရှင်တပ်ဟာ ထားဝယ်အထူးစီးပွားရေးဇုန် ပတ်ပတ်လည်ကို လတ်တလောမှာ အနည်းဆုံး စစ်ကြောင်းသုံးခုလောက် လွှတ်ထားပြီး ထိန်းချုပ်ဖို့ ကြိုးစားနေတယ်လို့ ဆိုနိုင်ပါတယ်။

ထားဝယ်အထူးစီးပွားရေးဇုန်ရဲ့ မြောက်ဘက် ၂၈ မိုင်လောက်အကွာ(မျဉ်းဖြောင့်)မှာ စစ်အာဏာရှင်တပ်ရဲ့ မောရဝတီရေတပ်စခန်း ဌာနချုပ်၊ အမှတ် ၈ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်လက်အောက်ခံ ခလရ ၂၇၃ ၊ ၂၈၂ နဲ့ ခမရ ၄၀၈၊ ၄၀၉၊ ၄၁၀ တပ်ရင်းတွေနဲ့ ခြေလျင်တပ်ရင်းတွေ အခြေစိုက်ထားပါတယ်။

ဒါအပြင် ကမ်းလွန် သဘာဝဓာတ်ငွေ့စီမံကိန်းရှိတဲ့ ကံပေါက်ဒေသတည်ရှိပါတယ်။

စီမံကိန်းဇုန် အရှေ့ဘက် ၁၀ မိုင်ကျော်အကွာမှာတော့ ပြည်ထောင်စုလမ်းတည်ရှိပြီး အမှတ် ၈ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်လက်အောက်ခံ ခမရ ၄၀၆၊ ၄၀၇၊ ၄၀၈ တပ်ရင်းတွေနဲ့ အမြောက်တပ်ရင်းတို့ တည်ရှိတာပါ။

စီမံကိန်းဇုန် တောင်ဘက်က လောင်းလုံးမြို့နယ်နဲ့ထိစပ်နေပြီး ထားဝယ်-မောင်းမကန်သွားလမ်းပိုင်းမှာ ခလရ ၁၀၄ တပ်ရင်းတည်ရှိသလို မောင်းမကန်ရဲစခန်းလို စစ်အာဏာရှင်တပ် အခြေစိုက်ထားတဲ့ စခန်းတွေလည်းရှိနေပါတယ်။

လက်ရှိထိုးလာတဲ့ စစ်ကြောင်းအများစုက ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းဧရိယာရဲ့ အရှေ့မြောက်ဘက်နဲ့ ပြည်ထောင်စုလမ်းရှိရာ အရှေ့ဘက်ကနေ ဝင်ရောက်လာတာဖြစ်ပါတယ်။

စီမံကိန်းဇုန် တောင်ဘက်ခြမ်း လောင်းလုံးမြို့နယ်ဘက်က စစ်ကြောင်းဝင်တဲ့ သီးခြားအချက်အလက်တော့ မရရှိခဲ့ပါဘူး။

လက်ရှိမှာလည်း စစ်အာဏာရှင်တပ်ဟာ ရေဖြူမြို့နယ်ထဲက ရာဖူးရွာကနေ ကလိန်အောင်မြို့အထိ နေရာယူ သွားလာလှုပ်ရှားနေပါတယ်။

အမှတ် ၈ ပြည်ထောင်စုလမ်းပိုင်းပေါ်မှာရှိတဲ့ ရာဖူးရွာနဲ့မလွှဲတောင်အကြားမှာလည်း စစ်အာဏာရှင်တပ်က အင်အား ရာဂဏန်းလောက်နဲ့ စစ်ကြောင်းထိုးနေပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ​ရံဖန်ရံခါ ဖြစ်နေပါတယ်။

မလွှဲတောင် လမ်းပိုင်း စစ်ကြောင်းထိုးနေတဲ့ စစ်အာဏာရှင်တပ်အင်အားက အင်အားနှစ်ရာဝန်းကျင်လောက် ရှိတယ်လို့ မွန်၊ကရင်၊ ထားဝယ်တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။

ဒါ့အပြင် စစ်အာဏာရှင်တပ်က ပြည်ထောင်စုကားလမ်းမ အနောက်ဘက် ကျေးရွာတွေကြားမှာရှိတဲ့ ကျေးရွာချင်းဆက်လမ်းကို ထောက်ပို့စစ်ကူလမ်းကြောင်းအနေနဲ့ ဒီနှစ်ဆန်းပိုင်းကတည်းက သွားလာအသုံးပြုနေတာပါ။

ရာဖူးဟာ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းအစပ် မလွှဲတောင်စစ်ဆေးရေးဂိတ်နဲ့ မိုင်အနည်းငယ်လောက်ပဲ ဝေးပါတယ်။

အဲဒီ ရာဖူးကနေ ပြည်ထောင်စုလမ်း အနောက်ဘက်က ကျေးရွာချင်းဆက် လမ်းပေါ်ကိုတက်ပြီး ထားဝယ်ရေနက်ဆိပ်ကမ်းကို ကုန်းလမ်းအတိုင်း တိုက်ရိုက်သွားလာလို့ရတာပါ။

“ရာဖူးမှာက အင်အား ရာဂဏန်းလောက် အမြဲနေရာယူထားတယ်။ စုပြီးမနေဘူး။ လူနေအိမ်တွေ၊ ဆိုင်တွေမှာ နည်းနည်းစီ လိုက်ခွဲထားပြီး ကင်းပုန်းချထားတယ်။ သာမန် ဖြတ်သွားဖြတ်လာ ကြည့်ရုံနဲ့ မသိနိုင်ဘူး။ ကင်းပုန်းပုံစံနဲ့ နေတယ်” လို့ ရွာသားတစ်ဦးက ပြောပါတယ်။

နောက်ထပ် စစ်ကြောင်းတစ်ခုကတော့ ဇူလိုင်လ ၉ ရက်ကနေ ၁၈ ရက်နေ့အထိ အထူးစီးပွားရေးဇုန်ထဲ မွှေနှောက်ခဲ့ပြီး ပြန်ထွက်သွားခဲ့ပါတယ်။

၂၆ ရက်နေ့မှာတော့ ရေဖြူမြို့ကနေ နောက်တစ်ကြိမ် ထွက်လာပြီး ထားဝယ်အထူးစီးပွားရေးဇုန်ထဲက ခမောင်းချောင်း၊ ဝက်ချောင်း၊ ဧကနိ စတဲ့ ရွာတွေထဲ ဒီကနေ့အထိ ပေါ်လိုက်ပြောက်လိုက်နဲ့ လှည့်ပတ်သွားလာနေတာပါ။

အလားတူပဲ ဇူလိုင်လ ၂၀ မှာ နောက်ထပ် စစ်ကြောင်းတစ်ခုဟာလည်း ရေဖြူမြို့ကနေ ကျခတ္တပင်အင်း၊ ကျောက်ထောင့်၊ နတ်တွင်းရွာ လမ်းကြောင်းကနေ ထပ်ဝင်လာပြီး ၂၂ ရက်နေ့မှာ လောင်းလုံးမြို့နယ် ဆင်ပုနစ်၊ ဒေါင်းရှောင်ကျေးရွာတွေဘက်ကနေ ရေဖြူမြို့ဘက်ကို ပြန်ထွက်သွားပါတယ်။

၂၇ ရက်မှာတော့ အဲဒီလမ်းကြောင်းအတိုင်း အထူးစီးပွားရေးဇုန်ထဲ ပြန်ဝင်လာပြီး လောင်းလုံးမြို့နယ်ထဲက မြို့ဟောင်း၊ စခန်းကြီး ကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးနေတာ ဒီနေ့အထိ ဖြစ်ပါတယ်။

ဒါက ဒီဇူလိုင်လထဲ ထားဝယ်အထူးစီးပွားရေးဇုန်ထဲ စစ်အာဏာရှင်တပ်တွေရဲ့ လှုပ်ရှားမှု အခြေအနေတွေပါ။

အဲဒီအတောအတွင်း ပြည်သူတွေကို ဖမ်းဆီးတာ၊ လူမှုကူညီရေး လုပ်ငန်းလုပ်နေတဲ့ ပုရွက်ဆိတ်ကလေးများအဖွဲ့ဝင် လူငယ်သုံးဦးအပါအဝင် ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ စစ်အာဏာရှင်တပ်က ဆက်တိုက် ပြုလုပ်ခဲ့ပါတယ်။

ဒေသခံတွေကတော့ အခုလာတဲ့ စစ်အာဏာရှင်တပ် စစ်ကြောင်းတွေဟာ စစ်အုပ်စုက အကောင်အထည်ဖော်မယ့် အထူးစီးပွားရေးဇုန်အတွက် နယ်မြေရှင်းလင်းဖို့ ရောက်လာကြတာလို့ ယူဆနေကြပါတယ်။

“PDF စခန်းရှိတဲ့နေရာတွေကို လိုက်ရှာပြီး နယ်မြေရှင်းမှာဆိုပြီး ပြောနေကြတာပဲ” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

ဩဂုတ်လ ၆ ရက်အထိတော်လှန်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားတာမျိုးတော့ တစ်ကြိမ်မှ မရှိသေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။ သြဂုတ်လ ၇ ရက်နေ့မှာတော့ ဧကနိကျေးရွာမှာ နှစ်ဖက်ထိတွေ့ပစ်ခတ်တာ မိနစ်ပိုင်းလောက် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

စစ်အုပ်စုဟာ ကာလရှည်ကြာ ရပ်တန့်နေတဲ့ ထားဝယ်အထူးစီးပွားရေးဇုန်ကို ပြန်အသက်သွင်းဖို့ အာဏာစသိမ်းတဲ့ ၂၀၂၁ ကတည်းကနေ အခုအချိန်အထိ တောက်လျှောက် ပြောဆိုလာခဲ့တာဟာ အခုဆိုရင် ငါးနှစ်ကျော် ကြာလာပြီဖြစ်ပေမဲ့ မြေပြင်မှာတော့ ဘာမှ အကောင်အထည်ဖော်နိုင်တာ မရှိသေးပါဘူး။

၂၀၂၆ မှာ စစ်ခေါင်းဆောင်ကနေ သမ္မတဖြစ်လာတဲ့ ဦးမင်းအောင်လှိုင် အစိုးရ တက်လာပြီးနောက်မှာတော့ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းနဲ့ပတ်သက်ပြီး လှုပ်လှုပ်ခတ်ခတ် ပိုဖြစ်လာပါတယ်။

သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ISP Myanmar အဖွဲ့ကလည်း ဦးမင်းအောင်လှိုင် သမ္မတလုပ်ပြီးနောက်ပိုင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စီမံကိန်းတွေရှိတဲ့ ဒေသတွေမှာ စစ်ရေးပြင်းထန်လာနိုင်တယ်လို့ သုံးသပ်ထားတဲ့ အစီရင်ခံစာကို ဇူလိုင်လ ၃၁ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာလည်း တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့ မြို့ပေါင်း ၁၀၁ အနက် ၂၂ မြို့ကို စစ်အာဏာရှင်တပ်က ပြန်ပြီး သိမ်းပိုက်နိုင်ခဲ့တယ်လို့ ISP Myanmar က ဆိုပါတယ်။

ဇွန်လ ၂၀ ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့တဲ့ အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးမှာ အရေးပါတဲ့ ခမ်းပါတ်မြို့ အပါအဝင် ၂၀၂၆ ခုနှစ် ပထမခြောက်လထဲ စစ်အာဏာရှင်တပ်က ပြန်သိမ်းထားတဲ့မြို့ ၈ မြို့ ရှိနေပြီလို့လည်း ဆိုထားပါတယ်။

စစ်အာဏာရှင်တပ် ပြန်သိမ်းလိုက်တဲ့ မြို့တွေက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စီမံကိန်းတွေ ရှိလာနိုင်တဲ့ဒေသတွေနဲ့ စစ်လက်နက်ခဲယမ်း သယ်ယူရေး၊ တပ်ဖြန့်ခွဲရေးတို့အတွက် ဗျူဟာမြောက် အရေးပါတဲ့ ဒေသတွေဖြစ်တယ်လို့ ISP Myanmar က ဆိုပါတယ်။

စစ်အာဏာရှင်တပ်ရဲ့ ဒုတပ်ချုပ် ဗိုလ်ချုပ်ကြီးကျော်စွာလင်းကလည်း ဇွန်လ ၂၄ ရက် တနင်္သာရီတိုင်း ခရီးစဉ်မှာ အမှတ် ၈ ပြည်ထောင်စုလမ်းနဲ့ ထားဝယ်အထူးစီးပွားရေးဇုန် ဧရိယာထဲက တော်လှန်ရေးတပ်တွေကို ချေမှုန်းမယ်လို့ ကြိမ်းဝါးသွားပါတယ်။ အဲဒီနောက်ပိုင်း အထူးစီးပွားရေးဇုန်မှာ စစ်မိုးခြိမ်းသံတွေ တကျော့ ညံလာတာပဲ ဖြစ်ပါတယ်။

စစ်အုပ်စုဟာ လတ်တလော ထားဝယ်အထူးစီးပွားရေးဇုန် ဧရိယာနဲ့ တနင်္သာရီတိုင်းထဲက အမှတ် ၈ ပြည်ထောင်စုလမ်းပိုင်းတွေမှာ ဒီလပိုင်းထဲ အဓိက စစ်ရေးလှုပ်ရှားနေတာကိုလည်း တွေ့ရှိရပါတယ်။

ထားဝယ်ဒေသမှာ ထားဝယ်အထူးစီးပွားရေးဇုန်၊ ကမ်းလွန်သဘာဝဓာတ်ငွေ့စီမံကိန်း ထားဝယ်-ရေး-မော်လမြိုင်-ရန်ကုန် ကမ်းခြေတစ်လျှောက် ရထားလမ်း စတဲ့ စီမံကိန်းတွေ ရှိနေပါတယ်။

ဒါကြောင့်စစ်အုပ်စုရဲ့ ထားဝယ်ခရိုင် စစ်ရေးကတော့ ထားဝယ်အထူးစီးပွားရေးဇုန် အပါအဝင် စီးပွားရေးစီမံကိန်းတွေအတွက် ဦးတည်စစ်ကြောင်းထိုးနေတဲ့ အခြေအနေကို တွေ့မြင်ရကြောင်းပါ။