ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထိုင်းအစိုးရအဖွဲ့ကို အယုံအကြည်မရှိ အဆိုတင်သွင်းမည်ဟု အတိုက်အခံပါတီပြော

August 11, 2026

ထိုင်းနိုင်ငံ ဝန်ကြီးချုပ် အနုထင် ချန်ဝီရကူ ဦးဆောင်ထားသော လက်ရှိ အစိုးရအဖွဲ့ကို အယုံအကြည်မရှိကြောင်း လာမည့်လွှတ်တော်သက်တမ်းအတွင်း အဆိုတင်သွင်းမည်ဟု အတိုက်အခံပါတီဖြစ်သော ပြည်သူ့ပါတီဘက်က ပြောကြားလိုက်သည်။

လာမည့် ဩဂုတ်လ ၂၅ ရက်တွင် ထိုင်းနိုင်ငံ၏ လွှတ်တော်ကို ပြန်လည်ကျင်းပမည်ဖြစ်ပြီး အတိုက်အခံပါတီဖြစ်သော ပြည်သူ့ပါတီ (People’s Party) က လက်ရှိဝန်ကြီးချုပ် အနုထင် ချန်ဝီရကူ၏ အစိုးရအဖွဲ့ကို အယုံအကြည်မရှိအဆို တင်သွင်းမည်ဟု ကြေညာလိုက်ခြင်းဖြစ်သည်။

ယခုအဆိုတင်သွင်းမှုသည် ဝန်ကြီးချုပ် အနုထင် ချန်ဝီရကူ အစိုးရအဖွဲ့ကို ဖယ်ရှားနိုင်ရေး အတိုက်အခံပါတီ၏ ပထမဆုံးအကြိမ် လုပ်ဆောင်မှုဖြစ်ပြီး မြန်မာစစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်နှင့် တွေ့ဆုံပြီးနောက်ပိုင်း အတိုက်အခံပါတီဘက်က ထုတ်ပြောလာခြင်းဖြစ်သည်။

၂၀၂၄ ခုနှစ်က အထက်လွှတ်တော်အမတ် ရွေးချယ်ရေးတွင် ဝင်ရောက်ညှိနှိုင်းစွက်ဖက်မှုအတွက် လက်ရှိအစိုးရအဖွဲ့က ပါဝင်ပက်သက်နေသည်ဟု ပြည်သူ့ပါတီခေါင်းဆောင်က စွပ်စွဲထားသည်။

ယင်းအပြင် အစိုးရအဖွဲ့ခန့်ထားရေး စာမေးပွဲတွင်လည်း လာဘ်စားမှု၊ TH-AI နိုင်ငံကူးလက်မှတ် စီမံကိန်းတွင်လည်း အစိုးရအဖွဲ့ဝင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များကြား သံသယဖြစ်ဖွယ် ပါဝင်ပတ်သက်မှုနှင့် ဘတ် ၄၀၀ ဘီလီယံ အရေးပေါ်ချေးငွေရယူမှုများအတွက် သက်သေအထောက်အထားများကို စုစည်းပြီး လွှတ်တော်တွင် တင်ပြသွားမည်ဖြစ်ကြောင်း အတိုက်အခံပါတီဘက်က ပြောသည်။

ပြီးခဲသော ၂၀၂၅ ခုနှစ် မတ်လက ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း ပေထုတ်တန်ရှင်နာဝပ်အပေါ် အယုံအကြည်မရှိအဆိုကို လွှတ်တော်ထဲ ဆွေးနွေးခဲ့ပြီး သုံးလကျော်အကြာတွင် ဝန်ကြီးချုပ်ရာထူးက ရပ်ဆိုင်းခံလိုက်ရသည်။

Ref: Bangkok Post, The Nation Thailand