ကိုလံဘီယာနိုင်ငံတွင် အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့ပြီးနောက် နိုင်ငံတော်အဆင့် အရေးပေါ်အခြေအနေ ကြေညာလိုက်ပြီး သေဆုံးသူ ၁၃၀ ကျော်အထိ ရှိလာကြောင်း နိုင်ငံတကာသတင်းဌာနများတွင် ဖော်ပြသည်။
ဩဂုတ်လ ၁၀ ရက်က ချိုကိုခရိုင်ထဲ ရစ်ချ်တာစကေး ၇ ဒသမ ၄ အဆင့်ရှိသော အင်အားပြင်းငလျင်တစ်ခု အနက် ၁၀၃ ကီလိုမီတာတွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။
ကိုလံဘီယာအနောက်ဘက်ခြမ်းတစ်ခုလုံး ငလျင်ဒဏ်ကို သိသိသာသာ ခံစားခဲ့ရပြီး လူထိခိုက်သေဆုံးမှု များခဲ့သည်။
ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၁၃၂ ဦးအထိ ရှိလာပြီး အများစုမှာ ကော်ဖီစိုက်သောဒေသဖြစ်သည့် ပါရိုင်းရာမြို့နှင့် ကာလီမြို့များမှဖြစ်ကြောင်း ဖော်ပြသည်။
လူ ၅၇၀ ကျော် ထိခိုက်ဒဏ်ရာရပြီး ဒဏ်ရာပြင်းထန်သူများနှင့် ရှာမတွေ့သေးသူများ ရှိသဖြင့် သေဆုံးသူဦးရေ ထပ်တိုးလာနိုင်ကြောင်း ဖော်ပြသည်။
ငလျင်ဒဏ် ထိခဲ့သော မြို့များတွင် ရှောပင်းစင်တာများအပါအဝင် အဆောက်အအုံ ရာနှင့်ချီ ပြိုကျပျက်စီးခဲ့ပြီး လမ်းများလည်း ပျက်စီးခဲ့သည်။
အစိုးရက နိုင်ငံတော်အဆင့် အရေးပေါ်အခြေအနေ ကြေညာလိုက်ပြီး အပျက်အစီးများအောက် ပိတ်မိနေသူများကို ကယ်ဆယ်နေကြောင်း ဖော်ပြသည်။












