ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရေးဘီလူး လူမှုကွန်ရက်စာမျက်နှာတွင် မှတ်ချက် ရေးသူများကို စစ်အုပ်စု ဆက်တိုက်ဖမ်း

August 11, 2026

မွန်ပြည်နယ်တောင်ပိုင်းတွင် အခြေစိုက် တော်လှန်ရေးအဖွဲ့ဖြစ်သည့် ရေးဘီလူးအဖွဲ့၏ လူမှုကွန်ရက်စာမျက်နှာတွင် မှတ်ချက်ဝင်ရေးသူများကို စစ်အာဏာရှင်တပ်က ဆက်တိုက် ဖမ်းဆီးနေသည်။

မှတ်ချက်များ ဝင်ရေးခဲ့မှုဖြင့် မုဒုံမြို့နယ်၊ ဘလောက်ညောင်ဝိုင်းကျေးရွာ ဒေသခံ ဦးဇင်မင်းခိုင်ကို သြဂုတ်လ ၈ ရက်တွင် စစ်အာဏာရှင်တပ်က ဖမ်းဆီးခဲ့သည်။

အသက် ၅၀ နှစ်အရွယ် ဦးဇင်မင်းခိုင်ကို သံဖြူဇရပ်မြို့နယ်၊ တောင်ဖလုကျေးရွာအနီး သံဖြူဇရပ်-ကျိုက္ခမီကားလမ်းပိုင်းတွင် စောင့်ဆိုင်း ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

အလားတူ ဩဂုတ်လ ၈ ရက်တွင်ပင် သံဖြူဇရပ်မြို့နယ်၊ စက်စဲကျေးရွာဒေသခံ မဖူးပွင့်ဝေကိုလည်း ရေးဘီလူးအဖွဲ့၏ လူမှုကွန်ရက်စာမျက်နှာအောက်တွင် မှတ်ချက်ဝင်ရေးခဲ့သည်ဆိုပြီး ဖမ်းဆီးခဲ့သည်။

စစ်အုပ်စုက တော်လှန်ရေးအဖွဲ့အစည်းများ၏ လူမှုကွန်ရက်စာမျက်နှာများကို စောင့်ကြည့်ပြီး ဖမ်းဆီးနေသလို နိုင်ငံရေးနှင့် ပတ်သက်သည့် အကြောင်းအရာ ရေးသားဖြန့်ဝေသူများကိုလည်း ဖမ်းဆီးအရေးယူရန် စစ်အုပ်စုထောက်ခံသူများက ဆက်တိုက် လှုံ့ဆော်နေသည်။

“စစ်တပ်က ဒီတော်လှန်ရေးအဖွဲ့အစည်းတွေ သူတို့ကို ဆန့်ကျင်နေတဲ့လူပုဂ္ဂိုလ်တွေကို စောင့်ကြည့်တယ်။ အားပေးသူတွေ ထောက်ခံသူတွေကို ခြိမ်းခြောက်တဲ့သဘောနဲ့ ဖမ်းဆီးမှုတွေလည်း လုပ်တယ်။ တစ်ဖက်မှာလည်း လူမှုကွန်ယက်စာမျက်နှာတွေမှာ တော်လှန်ရေးနဲ့ ပတ်သက်တဲ့ ပို့စ်တွေ တင်တာ၊ မျှဝေတဲ့လူတွေကို ဖမ်းဖို့ စစ်တပ်ထောက်ခံသူတွေက လှုံ့ဆော်နေတာတွေလည်း တွေ့နေရတယ်” ဟု စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်နေသည့် မွန်လူငယ်တစ်ဦးက ပြောသည်။

လက်ရှိတွင် စစ်အာဏာရှင်တပ်က ဖမ်းဆီးထားသည့် မဖူးပွင့်ဝေနှင့် ဦးဇင်မင်းခိုင်တို့ကို သက်ဆိုင်ရာနယ်မြေရဲစခန်းတို့တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ – ၅၂ (က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

စစ်ကော်မရှင်တပ်က ဖမ်းဆီးထားသူများကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ ဖြင့် အမှုဖွင့် အရေးယူသလို အချို့ကိုလည်း အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် အမှုဖွင့်အရေးယူပြီး နှစ်ရှည်ထောင်ဒဏ် ချမှတ်လျက်ရှိသည်။