ရီးရဲလ်မက်ဒရစ်ကို ဒုတိယအကြိမ်မြောက်အဖြစ် တာဝန်ယူ ကိုင်တွယ်နေတဲ့ မော်ရင်ညိုဟာ သူ့အနေနဲ့ ဖာဂူဆန် အနားယူလိုက်ပြီးချိန်က မန်ယူကို တာဝန်ယူဖို့အတွက် လက်မှတ်ရေးထိုးပြီးသားဖြစ်နေခဲ့ပေမယ့် အကြောင်းကြောင်းကြောင့် ပျက်ပြယ်သွားခဲ့ရတာဖြစ်တယ်လို့ ထုတ်ဖော်အသိပေးလိုက်ပါတယ်။
ဖာဂူဆန်ဟာ သူ့ခေတ်အလွန်မှာ မန်ယူနည်းပြအဖြစ် တာဝန်အပ်နှင်းဖို့ ဒေးဗစ်မွိုက်စ် တစ်ယောက်တည်းကိုသာ မျက်စိကျခဲ့တယ်လို့ လူသိများခဲ့ပေမဲ့ Netflix ရဲ့ အသစ်ထွက်ရှိမယ့် သုံးပိုင်းတွဲ မှတ်တမ်းရုပ်ရှင် MOURINHO မှာတော့ ဖာဂူဆန်ကိုယ်တိုင်က မော်ရင်ဟိုကို နည်းပြရာထူး လက်ခံပေးဖို့ ပထမဆုံး ကမ်းလှမ်းခဲ့တယ်လို့ အတည်ပြုထားပါတယ်။
မန်ယူနဲ့ သဘောတူညီချက် ရထားပြီးသားဖြစ်ပေမယ့် မော်ရင်ဟိုဟာ အချိန်အနည်းငယ်အတွင်းမှာပဲ သဘောထား ပြောင်းလဲသွားခဲ့ပြီး ဖာဂူဆန်ဆီကို ဖုန်းဆက်ကာ သူ့အနေနဲ့ ချယ်လ်ဆီးဆီကို ပြန်လည်ပြောင်းရွှေ့မှ ဖြစ်လိမ့်မယ်ဆိုတာကို ငိုပြီးပြောဖြစ်ခဲ့တယ်လို့ မော်ရင်ညိုက အသိပေးထားပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ဖာဂူဆန် က “မော်ရင်ညိုကို ကျွန်တော့်ရဲ့နေရာမှာ အစားဝင်ပေးဖို့ ရာထူးကမ်းလှမ်းခဲ့ပါတယ်။ ကျွန်တော် သူ့ကို ထိုင်ခိုင်းပြီး အခြေအနေတွေ ရှင်းပြတော့ သူ လက်ခံမယ်လို့ ထင်ထားခဲ့တာပါ။ ဒါပေမဲ့ နာရီပိုင်းအတွင်းမှာပဲ အရာအားလုံး ပြောင်းလဲသွားခဲ့ပါတယ်။ ညနေစောင်းမှာ သူ ကျွန်တော့်ဆီ ဖုန်းဆက်လာခဲ့ပါတယ်။ သူ ငိုနေခဲ့တယ်။ ‘ကျွန်တော် ဒါကို မလုပ်နိုင်တော့ဘူး၊ ချယ်လ်ဆီးကို ကတိပေးထားပြီးသားဖြစ်နေလို့ အဲ့ဒီစကားကို မဖျက်ချင်ဘူး’ လို့ ပြောခဲ့ပါတယ်။ သူ့အကြောင်းပြချက်ကို နားလည်ပေးနိုင်ပေမယ့် ကျွန်တော် တကယ် စိတ်ပျက်ခဲ့ရပါတယ်” လို့ ပြန်ပြောင်းပြောပြခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်ကို ပထမတစ်ကြိမ် တာဝန်ယူခဲ့တုန်းက အသင်းသားတွေနဲ့ ဆက်ဆံရေး အဆင်မပြေဖြစ်ခဲ့ပြီးတဲ့နောက် စိတ်ဓာတ်ရေးရာ ထိုးနှက်ချက်တွေ ရင်ဆိုင်လာခဲ့ရတဲ့အတွက် ချစ်ခြင်းမေတ္တာကို အလေးအနက်ထားပြီး ချယ်လ်ဆီးဆီကိုပဲ ပြန်မယ်လို့ ဆုံးဖြတ်ဖြစ်သွားခဲ့တာဖြစ်ကြောင်း မော်ရင်ညိုက ရှင်းပြထားပါတယ်။
“မန်ယူဆိုတာ အရမ်းကိုပဲ ပုံရိပ်ကြီးမားပြီး ဆွဲဆောင်မှုရှိတဲ့အသင်းပါ။ ရီးရဲလ်မက်ဒရစ်က ကမ္ဘာ့အခမ်းနားဆုံး၊ အကြီးကျယ်ဆုံး အသင်းဆိုရင် မန်ယူကလည်း အဲဒါနဲ့ မနီးရိုးစွဲအဆင့်မှာ ရပ်တည်နေတဲ့အသင်းပါပဲ။ ဒါပေမဲ့ ဘောလုံးကို ချစ်တဲ့အချစ်မှာ အသင်းတစ်သင်းအပေါ် ချစ်တဲ့အချစ်ဆိုတာလည်း ရှိပါတယ်။ ကျွန်တော့်အတွက်ကတော့ ချယ်ဆီအပေါ်မှာ ထားရှိတဲ့ အချစ်က ပိုပြီး အစွမ်းထက်နေခဲ့ပါတယ်။ ရီးရဲလ်က ထွက်လာချိန်မှာ ချစ်ခြင်းမေတ္တာကို ကျွန်တော် တကယ်ပဲ လိုအပ်နေခဲ့တာပါ။ ဆာအဲလက်စ်ရဲ့ နေရာကို ဆက်ခံမယ့်သူ မဖြစ်လိုက်ရတာက ကျွန်တော့်အတွက် ရင်နာစရာပါပဲ။ ဒါပေမဲ့ ကျွန်တော့်နှလုံးသားနဲ့ ဆုံးဖြတ်ခဲ့တာဖြစ်လို့ နောင်တမရပါဘူး” လို့ မော်ရင်ညိုက ပြောပြခဲ့ပါတယ်။
မော်ရင်ညိုဟာ ချယ်လ်ဆီးကို ပြန်ရောက်လာပြီးနောက် အသင်းကို ဒုတိယအကြိမ်မြောက် တာဝန်ယူတော့လည်း ပရီးမီးယားလိဂ် အမှတ်ပေးချန်ပီယံဆုကို ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။
ဖာဂူဆန်အလွန်မှာ မန်ယူကို တာဝန်ယူခဲ့တဲ့ ဒေးဗစ်မွိုက်စ်ကတော့ သက်တမ်း ကိုးလသာ ခံခဲ့ရပြီး ဖာဂူဆန် အနားယူသွားပြီးတဲ့နောက်ပိုင်း မန်ယူက ဒီနေ့ထိတိုင် ပရီးမီးယားလိဂ်အမှတ်ပေးချန်ပီယံ ပြန်မဖြစ်တော့ပါဘူး။
မော်ရင်ညိုဟာ မန်ယူကို ၂၀၁၆ ကနေ ၂၀၁၈ ခုနှစ်အထိ တာဝန်ယူကိုင်တွယ်ခွင့်ရခဲ့ပြီး ကွန်မြူနတီဒိုင်း၊ လိဂ်ဖလားနဲ့ ယူရိုပါလိဂ်ဖလားတို့ကို ဆွတ်ခူးရယူပေးနိုင်ခဲ့ပေမယ့် တတိယမြောက်နှစ်မှာတော့ ကစားသမားတွေနဲ့ဖြစ်ပွားတဲ့ အဝတ်လဲခန်းပြဿနာတွေကြောင့် ရာထူးကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။







