အိန္ဒိယသံအမတ်ကြီး၏ သုံးကြိမ်မြောက် တနင်္သာရီတိုင်းခရီးစဉ်အဖြစ် ဩဂုတ်လ ၁၀ ရက်တွင် မြိတ်မြို့သို့ ရောက်ရှိခဲ့ကြောင်း အိန္ဒိယသံရုံးက ထုတ်ပြန်သည်။
ထိုခရီးစဉ်အတွင်း မြိတ်ခရိုင်ရှိ စစ်အုပ်စု အကြီးတန်းအရာရှိများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့ပြီး ရေထွက်ပစ္စည်းထုတ်လုပ်သည့်လုပ်ငန်းများ၊ သတ္တုလုပ်ငန်းစက်ရုံနှင့် ငှက်သိုက်ထုတ်လုပ်ရေးစက်ရုံတို့သို့ သွားရောက်ကြည့်ရှုခဲ့ကြောင်း ဖော်ပြသည်။
တနင်္သာရီတိုင်းဘက်ကို ခြေလှမ်းစိပ်နေသည့် အိန္ဒိယသံအမတ်ကြီးသည် ၁၈ လအတွင်း တနင်္သာရီတိုင်းကို သုံးကြိမ်ရောက်လာခဲ့ခြင်းဖြစ်သည်။
ပထမအကြိမ် ခရီးစဉ်မှာ ၂၀၂၅ ခုနှစ် မေလကဖြစ်သည်။
ထိုအချိန်က စစ်ကော်မရှင်ဝန်ကြီးချုပ် ဦးမြတ်ကို (လက်ရှိ တိုင်းလွှတ်တော်ဥက္ကဌ) ၊ ဒေသခံစီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံကာ ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်း၊ ကမ်းခြေ၊ ရော်ဘာ၊ သီဟိုဠ်နှင့် ရေထွက်ကုန်ကိစ္စများအကြောင်း ဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
ဒုတိယအကြိမ်ခရီးစဉ်မှာ ၂၀၂၆ ခုနှစ် ဇန်နဝါရီလကဖြစ်ပြီး နယ်စပ်မြို့ ကော့သောင်းသို့ လာရောက်ကာ ကော့သောင်းခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး၊ နယ်စပ်စစ်ဆေးရေးဂိတ်များထံ သွားရောက်ခဲ့သည်။
အိန္ဒိယ-မြန်မာ-ထိုင်း ချစ်ကြည်ရေးလမ်းမကြီးစီမံကိန်းကို အမြန်ဆုံးပြီးစီးရန် အန္ဒိယဘက်က လိုလားလျက်ရှိသည်။
အဆိုပါအမြန်လမ်းမကြီးသည် မြန်နိုင်ငံကိုဖြတ်ကာ အန္ဒိယနိုင်ငံ မဏိပူရပြည်နယ် မိုးရေမြို့မှ ထိုင်းနိုင်ငံမဲဆောက်မြို့သို့ ဆက်သွယ်ထားသည့် ၁၃၆၀ ကီလိုမီတာရှည်လျားသော လေးလမ်းသွားလမ်းမကြီးဖြစ်သည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင်း မတည်မငြိမ်မှုများကြောင့် အဆိုပါလမ်းမကြီးစီမံကိန်းမှာ ကြန့်ကြာလျက်ရှိသည်။
ဇွန်လက သွားရောက်ခဲ့သည့် စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်၏ အိန္ဒိယနိုင်ငံ ခရီးစဉ်တွင်လည်း အဆိုပါလမ်းကိစ္စ ထည့်သွင်းဆွေးနွေးခဲ့ကြောင်း စစ်အုပ်စုက သတင်းထုတ်ပြန်ထားသည်။
ယခုအခါ အိန္ဒိယနိုင်ငံမှ တနင်္သာရီတိုင်း၊ ထို့မှတစ်ဆင့် ထိုင်းနိုင်ငံသို့ ရေလမ်းခရီးစဉ်ကို အိန္ဒိယနိုင်ငံဘက်က စိတ်ဝင်စားမှုမြင့်တက်နေသည်။
အိန္ဒိယနိုင်ငံ ချန်နိုင်းဆိပ်ကမ်းမှတစ်ဆင့် တနင်္သာရီတိုင်းသို့ တိုက်ရိုက်ရေကြောင်းကုန်သွယ်မှုပြုလုပ်နိုင်ပါက မလက္ကာရေလက်ကြားကို ဖြတ်သန်းစရာမလိုဘဲ အရှေ့တောင်အာရှနိုင်ငံအချို့နှင့် ကုန်သွယ်မှုကို အချိန်ကုန်၊ ငွေကုန်ကျသက်သာစွာ ချိတ်ဆက်နိုင်မည်ဖြစ်သည်။







