ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်၏ ထိုင်းခရီးစဉ် ထိုင်းအရပ်ဘက်အဖွဲ့ ၁၆ ဖွဲ့ ကန့်ကွက်

August 6, 2026

မြန်မာစစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင် ယနေ့ လာရောက်သည့် ထိုင်းခရီးစဉ်ကို ထိုင်းအရပ်ဘက်အဖွဲ့အစည်း ၁၆ ဖွဲ့က ကန့်ကွက်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။

ထိုင်းဝန်ကြီးချုပ် အနုထင် ချန်ဝီရကူ၏ ဖိတ်ကြားမှုအရ စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် ယနေ့ ဩဂုတ်လ ၆ ရက်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ရောက်ရှိလာသည်။

မြန်မာနိုင်ငံရှိ သတ္တု လုပ်ငန်းများကြောင့် ထိုင်းတွင် မြစ်ရေ ညစ်ညမ်းမှု၊ နယ်စပ်လုံခြုံရေး၊ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများကို နှစ်ရက်ကြာ ဆွေးနွေးသွားမည်ဖြစ်ကြောင်း ထိုင်းအစိုးရက ပြောကြားထားသည်။

အထူးသဖြင့် နယ်စပ်တိုက်ပွဲများ၊ အွန်လိုင်းကျားဖြန့်လုပ်ငန်းများနှင့် မူးယစ်ဆေးဝါး ‌မှောင်ခိုပို့ဆောင်မှုများနှင့် နယ်စပ် ကုန်သွယ်ရေးကိစ္စကို ပိုအလေးထား ဆွေးနွေးမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဩဂုတ်လ ၅ ရက်တွင် ပြောသည်။

ဦးမင်းအောင်လှိုင်၏ ထိုင်းခရီးစဉ်နှင့် ပတ်သက်၍ Solidarity Collective TH နှင့် the Spirit in Education Movement (SEM) အဖွဲ့များအပါအဝင် အရပ်ဘက် အဖွဲ့အစည်းပေါင်း ၁၆ ဖွဲ့က ကန့်ကွက်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ထိုင်းအစိုးရအနေဖြင့် မြန်မာစစ်အာဏာရှင်ကို အကျိုးဖြစ်စေမည့် လုပ်ဆောင်ချက်များကို ရပ်တန့်ရန်နှင့် စစ်အာဏာရှင်ကို တရားဝင် အသိအမှတ်ပြုမှုများမှ ကင်းကင်းရှင်းရှင်း လုပ်ဆောင်ရန် ဖော်ပြသည်။

မြန်မာစစ်အာဏာရှင်သည် ပြည်သူများအပေါ် အကြမ်းဖက်မှုများ၊ စနစ်တကျ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် စစ်ရာဇဝတ်မှုများ ကျူးလွန်သူဖြစ်သဖြင့် မြန်မာစစ်အာဏာရှင်များအတွက် အကျိုးဖြစ်စေမည့် လုပ်ဆောင်ချက်များကို ပြန်လည်ဆန်းစစ်ရန် ထုတ်ပြန်ထားသည်။

ထိုင်းအစိုးရအနေဖြင့် မြန်မာစစ်အာဏာရှင်နှင့် ထိတွေ့ဆက်ဆံခြင်းသည် မြန်မာပြည်တွင်း ငြိမ်းချမ်းရေးကို အထောက်အကူ ပြုစေမည်မဟုတ်ဘဲ တိုင်းပြည်ပဋိပက္ခကို ပိုမိုရှည်ကြာစေမည်ဖြစ်ကြောင်း ထောက်ပြသည်။

ထို့ကြောင့် ထိုင်းအစိုးရအဖွဲ့အနေဖြင့် အကြမ်းဖက်မှု၊ စစ်ရာဇဝတ်မှုများနှင့် သက်ဆိုင်နေသူများထက် မြန်မာပြည်သူများနှင့်အတူ ရပ်တည်သင့်ကြောင်း အရပ်ဘက်အဖွဲ့များက ပြောကြားသည်။

Ref: Khaosod