ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အဓမ္မယူသွားသည့် ထော်လာဂျီတိမ်းမှောက်ပြီး စစ်အာဏာရှင်တပ်သားတစ်ဦး သေဆုံး

July 31, 2026

ထားဝယ်-လောင်းလုံး လမ်းပိုင်းတွင် ဇူလိုင်လ ၃၀ ရက်က ထော်လာဂျီ တိမ်းမှောက်‌ပြီး စစ်အာဏာရှင်တပ်သားတစ်ဦး သေဆုံးကြောင်း ဒေသခံများက ပြောသည်။

လောင်းလုံးမြို့နယ် ခမောင်းတောင်၊ မြို့ဟောင်းနှင့် တောင်မင်းပြောင်ကျေးရွာအုပ်စုများသို့စစ်ကြောင်းထိုးသည့်စစ်အာဏာရှင်တပ်သည် ထော်လာဂျီ သုံးစီးကို အဓမ္မယူဆောင်သွားကြောင်း ဒေသခံများက ဆိုသည်။

ထိုသို့ ယူဆောင်လာချိန် ဇူလိုင်လ ၃၀ ရက် ညနေပိုင်းတွင် ထားဝယ်မြို့နှင့် လောင်းလုံးမြို့နယ်ကြား လမ်းပိုင်းတစ်နေရာတွင် ထော်လာဂျီတိမ်းမှောက်ကြောင်း ဒေသခံများက ပြောဆိုသည်။

စစ်အာဏာရှင်တပ်သားတစ်ဦး ပွဲချင်းပြီးသေဆုံးပြီး အမျိုးသားတစ်ဦး ဒဏ်ရာရကာ ထားဝယ်မြို့ အမှတ်-၅ ခုတင် ၁၀၀ တပ်နယ်ဆေးရုံသို့ ရောက်ရှိကြောင်း စုံစမ်းသိရသည်။

အင်အားတစ်ရာဝန်းကျင်ရှိသည့် စစ်အာဏာရှင်တပ် စစ်ကြောင်းသည် ဇူလိုင်လ ၂၇ ရက်နေ့ကစ၍ မြို့ဟောင်းကျေးရွာအုပ်စု၊ တောင်မင်းပြောင်ကျေးရွာအုပ်စုနဲ့ စခန်းကြီးကျေးရွာအုပ်စုတို့ကို တစ်ရွာဝင်တစ်ရွာထွက် စစ်ကြောင်းထိုးခဲ့သည်။

စစ်ကြောင်းထိုးစဉ် လူငယ်အမျိုးသားတစ်ဦးကို ပစ်ခတ်သတ်ဖြတ်ကာ ဒေသခံတို့၏ ဆိုင်ကယ်၊ ထော်လာဂျီ၊ သုံးဘီးနှင့် အိမ်အသုံးအ‌ဆောင်ပစ္စည်းများကို အဓမ္မယူဆောင်သွားခဲ့ကြကြောင်း ဒေသခံများက ပြောသည်။

ဇူလိုင်လ ၃၀ ရက်တွင် တောင်မင်းပြောင်ကျေးရွာအုပ်စုမှ ပြန်ထွက်သွားခဲ့သော်လည်း နောက်ချန် စစ်ကြောင်းများ ရှိနေနိုင်သေးသောကြောင့် ဒေသခံများမှာ ယနေ့ ဇူလိုင်လ ၃၁ ရက်အထိ ကျေးရွာအတွင်း ပြန်လည်ဝင်ရောက်နေထိုင်ခြင်း မရှိကြသေးကြောင်း စစ်ဘေးရှောင်ဒေသခံတချို့က ဆိုသည်။