ကွမ်းသီးအနု စျေးကျနေသဖြင့် တွက်ခြေကြောင်း ထားဝယ်ခရိုင်ရှိ တောင်သူအချို့က ပြောသည်။
ကွမ်းသီးအနု ရာသီအစဖြစ်သည့် မေလတွင် တစ်ပိဿာလျှင် ကျပ် ၅၀၀၀ ခန့် စျေးရပြီး ဇွန်လထဲတွင်မူ ကျပ် ၈၅၀၀ ခန့်အထိ စျေးရခဲ့ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
ယခု ဇူလိုင်လနောက်ဆုံးအပတ်တွင် ကွမ်းသီးအနု တစ်ပိဿာလျှင် ကျပ် ၅၅၀၀ ခန့်သို့ စျေးပြန်ကျလာသဖြင့် ခူးဆွတ် ရောင်းချသူနည်းသွားကြောင်း ကွမ်းသီးခြံရှင်အချို့နှင့် အဝယ်တော်အချို့က ဆိုသည်။
“ဇွန်လထဲမှာပဲ နှစ်ခါ ဆွတ်ရောင်းဖြစ်တယ်။ အခုက ဈေးနည်းလို့ ဆွတ် မရောင်းဖြစ်ဘူး” ဟု ထားဝယ် အရှေ့တောဒေသမှ ကွမ်းခြံပိုင်ရှင်အမျိုးသမီးတစ်ဦးက ပြောဆိုသည်။
ကြက်ဥတစ်လုံးလျှင် ကျပ်ခုနစ်ရာ ပေးဝယ်စားနေရသည့်အချိန်တွင် ကွမ်းသီးအနု တစ်ပိဿာ ၅၅၀၀ မှ ၆၀၀၀ ခန့်အထိသာရရှိရာ စျေးရသဖြင့် တွက်ခြေမကိုက်ကြောင်း သရက်ချောင်းမြို့နယ်မှ ကွမ်းသီးခြံရှင် အမျိုးသမီး တစ်ဦးက ပြောသည်။
“တောထွင်ခတောင် တစ်ရက်ကို ရှစ်သောင်းရှိတယ်။ ကွမ်းသီးအနုတစ်ပိဿာ ခြောက်ထောင်ဆို ၁၃ ပိဿာလောက် ရောင်းမှ နေ့စားငှားဖို့ တစ်ရက်စာရမှာ။ တခြားကုန်ပစ္စည်းတွေ အကုန်လုံးကျ ဈေးက အတက်ဘက်မှာပဲ ရှိနေပြီး ကွမ်းသီးကတော့ အနုရော၊ အခြောက်ရောက ဈေးမရှိဘူး” ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် ကွမ်းသီးအနုကို တရုတ်နိုင်ငံ ဝယ်လက်က စျေးကောင်းမပေးသဖြင့် စျေးကျနေခြင်းဖြစ်ကြောင်း မွန်ပြည်နယ် သံဖြူဇရပ်မြို့မှ ပွဲရုံလုပ်ငန်းရှင် အမျိုးသားတစ်ဦးက ပြောဆိုသည်။
လက်ရှိတွင် ကွမ်းသီးနု ကုန်အဝင်များသဖြင့် အချို့စက်ရုံ၊ ပွဲရုံများကအဝယ်ရပ်ထားပြီး လက်ရှိ ဝယ်ယူနေသည့် ပွဲရုံအချို့၊ အဝယ်တော်အချို့ကလည်း စျေးမပေးကြောင်း ပွဲရုံလုပ်ငန်းရှင်အချို့နှင့် အဝယ်တော်အချို့ ဆိုသည်။
ခြံရှင်များအနေဖြင့် ကွမ်းသီးအနု ဆွက်ခူးရောင်းချမှုကို ရပ်ဆိုင်းထားသင့်ပြီး စျေးပြန်တက်မှ ရောင်းသင့်ကြောင်း အထက်ပါ ပွဲရုံလုပ်ငန်းရှင်က ပြောသည်။
ကွမ်းသီးအနုမှာ ကရိကထ မများဘဲ ရောင်းချနိုင်ပြီး ကွမ်းသီးခြောက်မှာမူ ဆွတ်ခူးခ၊ ညှပ်ခ၊ ခွဲခ၊ နေလှန်းခ၊ ထုပ်ပိုး သယ်ဆောင်ခ စသည်တို့ကြောင့် ကုန်ကျစရိတ်ပိုများကြောင်း တောင်သူများထံမှ သိရသည်။
ယင်းအပြင် စစ်ကြောင်းထိုးလာလျှင် ကွမ်းသီးအခြောက်များကို ထားရစ်ပြီး ပြေးရသဖြင့် ကွမ်းသီးအနု ခူးရောင်းလိုသူ များကြောင်း ၎င်းတို့က ဆိုသည်။
သူခိုးရန်ကိုလည်း စိုးရိမ်သဖြင့် ကွမ်းသီးရင့်မှည့်သည်အထိ မထားကြတော့ဘဲ ကွမ်းသီးအနုကိုပင် ဆွတ်ရောင်းလာကြကြောင်း ဒေသခံတောင်သူများများက ပြောသည်။







