ရေဖြူမြို့နယ် ထားဝယ်အထူးစီးပွားရေးဇုန်ဒေသရှိ ကျေးရွာများကို စစ်ကြောင်းထိုးဝင်ရောက်ပြီး တပ်စွဲနေသည့် စစ်အာဏာရှင်တပ်သည် နေအိမ်များကို ဖောက်ထွင်းပြီး ပစ္စည်းများကို ယူဆောင်နေကြောင်း ဒေသခံများက ပြောသည်။
အဆိုပါစစ်ကြောင်းသည် ယနေ့ ဇူလိုင်လ ၁၃ ရက်တွင် ခမောင်းချောင်း၊ ဧကနိနှင့် ၀ဇွမ်းတောကျေးရွာရှိ လူနေအိမ်နှင့် ဘုန်းတော်ကြီးကျောင်းများတွင် တပ်စွဲနေထိုင်နေကြောင်း ဒေသခံများထံမှ သိရသည်။
စစ်အာဏာရှင်တပ်သည် ဇူလိုင်လ ၉ ရက်တွင် စတင်စစ်ကြောင်းထိုးဝင်ရောက်လာခြင်းဖြစ်ပြီး ဇူလိုင်လ ၁၀ရက်တွင် ခမောင်းချောင်းကျေးရွာရှိ နေအိမ်များကို ဖောက်ထွင်းကြောင်း စစ်ဘေးရှောင်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
ပစ္စည်းများကို ကားများဖြင့် တင်ဆောင်ကာ ထားဝယ်ရေနက်ဆိပ်ကမ်းလမ်းအတိုင်း ၎င်းတို့၏ စစ်စခန်းများသို့ သယ်ဆောင်သွားကြောင်း ၎င်းက ဆိုသည်။
“အိမ်တွေမှာ တန်ဖိုးရှိတဲ့ အသုံးအဆောင်ပစ္စည်းဆို ဘာမှ မရှိတော့ဘူးတဲ့” ဟု ကျေးရွာထဲသို့ ခေတ္တ ဝင်ရောက်ခဲ့သူအချို့၏ ပြောဆိုချက်ကို ကိုးကားကာ အထက်ပါအမျိုးသမီးက ပြောဆိုသည်။
ယင်းအပြင် ဧကနိနှင့် ရဲငဲကျေးရွာကြားတွင် စစ်ဘေးရှောင်ဒေသခံများ စစ်ဘေးရှောင်စဉ် ထားရစ်ခဲ့သည့် ဆိုင်ကယ် များကိုလည်း စစ်အာဏာရှင်တပ်က သိမ်းဆည်းထားကြောင်း စစ်ဘေးရှောင်ဒေသခံများထံမှ စုံစမ်းသိရသည်။
စစ်ကြောင်း စဝင်ချိန်က ခမောင်းချောင်းကျေးရွာတွင် စစ်အဏာရှင်တပ်က ဖမ်းဆီးထားသည့် ဒေသခံအချို့ ပြန်လည် လွတ်မြောက်လာပြီး အချို့မှာ လူသားဒိုင်းအဖြစ် စစ်ကြောင်းနှင့်အတူ ရှိနေဆဲဖြစ်ကြောင်း အထက်ပါ ဒေသခံ အမျိုးသမီးက ပြောသည်။
“သူတို့နဲ့အတူ ကျန်ခဲ့တဲ့ ရွာသားတွေ အများကြီးရှိသေးတယ်” ဟု ၎င်းကပြောသည်။
ထားဝယ်အထူးစီးပွားရေးဇုန်ဒေသတွင် စစ်အာဏာရှင်တပ် စစ်ကြောင်းသုံးကြောင်း အင်အား ထောင်ဂဏန်းရှိကြောင်း ဒေသခံများနှင့် စစ်ရေးသတင်းအရင်းအမြစ်များထံမှ သိရသည်။
ထို့ကြောင့် ဝက်ချောင်း၊ ခမောင်းချောင်း၊ ဧကနိ၊ ၀ဇွမ်းတော၊ ရငဲ၊ ကုန်းသာယာအင်း၊ ကညင်အင်းစသည့် ကျေးရွာ ခုနစ်ရွာက ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်မှာ ငါးရက်ခန့် ရှိလာပြီဖြစ်သည်။
တောတောင်နှင့် နီးစပ်ရာကျေးရွာများတွင် ခိုလှုံနေထိုင်ကြရပြီး မိုးသည်းထန်စွာရွာသွန်းခြင်း၊ တောင်ကျချောင်းရေ လျှံခြင်းတို့ကြောင့် နေထိုင်စားသောက်ရန် အခက်အခဲဖြစ်နေကာ အကူအညီလိုအပ်နေကြောင်း စစ်ဘေးရှောင်ဒေသခံအချို့က ပြောသည်။







