ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထိုင်းတွင် မြန်မာလုပ်သားတစ်ဦး အခန်းထဲ သေဆုံး

September 3, 2026

ထိုင်းနိုင်ငံ ဘန်ကောက်မြို့နီး စမွတ်ပရကန်ခရိုင်တွင် မြန်မာအလုပ်သမားတစ်ဦးသည် အခန်းထဲ တစ်ဦးတည်း နေထိုင်စဉ် သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

စက်တင်ဘာလ ၂ ရက် နံနက် ၈ နာရီခန့်က အသက် ၃၇ နှစ်အရွယ် ကိုစောစိုးနီသည် ဘန်းစောင်းထိုးဒေသရှိ အခန်းထဲတွင် တစ်ဦးတည်း နေထိုင်စဉ် သေဆုံးခဲ့ခြင်းဖြစ်သည်။

ကိုစောစိုးနီသည် ဂတ်စ်ဆိုင်တွင် လုပ်ကိုင်နေသူဖြစ်ပြီး နံနက်ပိုင်း အလုပ်မလာသဖြင့် သူငယ်ချင်းဖြစ်သူက အခန်းကို သွားကြည့်ရာမှ သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း သတင်းအရသိရသည်။

ရဲတပ်ဖွဲ့က စစ်ဆေးစဉ် အလောင်းတွင် ပြင်ပထိခိုက်ဒဏ်ရာများကို မတွေ့ရဘဲ သေဆုံးချိန် ၈ နာရီခန့် ရှိနေပြီဖြစ်ကြောင်း ဆိုသည်။

အလောင်းပေါ်တွင် ကိုစောစိုးနီ၏ကြောင်က အိပ်လျက် သခင်ပြန်နိုးလာမည့်အချိန်ကို စောင့်နေသည်ကို တွေ့ရသဖြင့် ရဲတပ်ဖွဲ့ကို စိတ်မကောင်းဖြစ်စေခဲ့ကြောင်း သတင်းတွင်ဖော်ပြထားသည်။

သေဆုံးသူသည် ကျန်းမာရေး ကောင်းမွန်သူဖြစ်ပြီး မသေဆုံးမီ ညနေက တွေ့ဆုံခဲ့သေးကြောင်း သူငယ်ချင်းဖြစ်သူကဆိုသည်။

လက်ရှိတွင် အလောင်းကို ရင်ခွဲစစ်ဆေးနိုင်ရန် မှုခင်းဆေးဌာနသို့ ပို့ဆောင်ထားကြောင်း ဖော်ပြသည်။

သေဆုံးသူ ကျန်ရစ်သော ကြောင်ကိုမူ အနီးနေ အမျိုးသမီးတစ်ဦးက ကြောင်ချစ်သူဖြစ်သဖြင့် မွေးစားရန် ဆုံးဖြတ်ခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။

Ref: Bright TV, Samut Prakan News