ရေဖြူမြို့နယ်၊ ရာဖူးရွာတွင် ယနေ့ စက်တင်ဘာလ ၃ ရက် နံနက် ၆ နာရီဝန်းကျင်တွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်များအကြား ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
စစ်အာဏာရှင်တပ်သားများ နေရာယူထားသည့် ရာဖူးရွာဘက်မှ စိန်ဘုံရွာ၊ ဘုရားသုံးဆူရွာဘက်သို့ သွားသည့် လမ်းဆုံတွင် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။
တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်မှု အခြေအနေကိုမူ စုံစမ်းနေဆဲ ဖြစ်သည်။
အဆိုပါ အပြန်အလှန် ပစ်ခတ်မှုသည် မိနစ် ၂၀ ဝန်းကျင် ကြာမြင့်ခဲ့ပြီး စစ်အာဏာရှင်တပ်ဘက်က ရာဖူးရွာဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်။
လက်နက်ကြီးတစ်လုံးသည် ရာဖူးရွာအတွင်း ကျရောက်ပေါက်ကွဲကာ ရာဖူးရွာရှိ ဈေးဆိုင်တစ်ဆိုင်မှ အသက် ၃၀ ဝန်းကျင်အရွယ် မလဲ့လဲ့တွင် ကျည်စထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း ရာဖူးရွာသားတစ်ဦးက ပြောသည်။
“လက်မောင်းကို လက်နက်ကြီးစမှန်တယ်။ တိုက်ပွဲဖြစ်တာက ရာဖူးကနေ စိန်ဘုံ၊ ဘုရားသုံးဆူသွားတဲ့လမ်း ရာဖူးအထွက်မှာ ဖြစ်တာ။ လက်နက်ကြီး ရွာထဲ ပစ်သွင်းတာ” ဟု ၎င်းက ပြောဆိုသည်။
ဩဂုတ်လ ၈ ရက်ကလည်း ရာဖူးရွာနှင့် ကျွဲတလင်းရွာအကြားတွင် တိုက်ပွဲတစ်ကြိမ်ဖြစ်ပွားကာ လက်နက်ကြီးပစ်ခတ်မှုကြောင့် ခြံလုပ်သား အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့သေးသည်။
ရာဖူးရွာသည် ရေး-ထားဝယ် ကားလမ်းပေါ်တွင် တည်ရှိပြီး တိုက်ပွဲကြောင့် ကားလမ်းပိတ်ဆို့သွားခြင်းမရှိဘဲ ပုံမှန်အတိုင်း သွားလာနေကြဆဲဖြစ်ကြောင်း လမ်းပိုင်းအသုံးပြုသူများက ဆိုသည်။







