ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရုရှားရောက် မြန်မာဒုစစ်ခေါင်းဆောင် ထားဝယ်ရေနက်ဆိပ်ကမ်းအရေး ဆွေးနွေး

September 3, 2026

စစ်အစိုးရ ဒုတိယခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးညိုစောသည် ရုရှားနိုင်ငံသို့ ရောက်နေစဥ် ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် တည်ဆောက်ရေး ဆွေးနွေးခဲ့ကြောင်း စစ်အုပ်စုက သတင်းထုတ်ပြန်သည်။

ရုရှားနိုင်ငံ ဗလာဒီဗော့စတော့မြို့တွင် ကျင်းပမည့် (၁၁) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်တွင် ရုရှားနိုင်ငံ ဒုတိယ ဝန်ကြီးချုပ် မစ္စတာ ယူရီပက်ထရိုဗစ်ချ် ထရုညက်ဖ်နှင့် စက်တင်ဘာ ၁ ရက်က တွေ့ဆုံစဥ် ဆွေးနွေးခဲ့ကြောင်း ဆိုသည်။

ထားဝယ်ရေနက်ဆိပ်ကမ်း အပါအဝင် နှစ်နိုင်ငံဆက်ဆံရေး၊ ပညာရေးကဏ္ဍပူးပေါင်းဆောင်ရွက်ရေး၊ စွမ်းအင်၊ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ခရီးသွားကဏ္ဍတို့ အကောင်အထည်ဖော်ဆောင်ရေးနှင့် ဗလာဒီဗော့စတော့မြို့တွင် မြန်မာကောင်စစ်ဝန်ချုပ်ရုံး ဖွင့်လှစ်နိုင်ရေး စသည့်တို့ ပါဝင်ကြောင်း သတင်းထုတ်ပြန်သည်။

အဆိုပါ ဖိုရမ်တက်ရောက်ရန် စစ်အစိုးရ ဒုခေါင်းဆောင်နှင့်အတူ လျှပ်စစ်၊ စွမ်းအင်ဝန်ကြီး၊ နိုင်ငံခြားရေး ဒုတိယဝန်ကြီး၊ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့ ရောက်ရှိနေခြင်းဖြစ်သည်။

စက်တင်ဘာလ ၁ ရက်တွင်ပင် ရုရှား-မြန်မာ ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ တို့နှင့် တနင်္သာရီတိုင်း စစ်အစိုးရ ဝန်ကြီးချုပ် ဦးဇော်နိုင်ဦးတို့ ထားဝယ်မြို့တွင်တွေ့ဆုံပြီး ရင်းနှီးမြုပ်နှံမှုဘဏ္ဍာရေးဆိုင်ရာပူးပေါင်းရေး ဆွေးနွေးခဲ့သေးသည်။

စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်ကလည်း သြဂုတ်လ တတိယအပတ်တွင် ရုရှားနိုင်ငံသို့ သွားရောက်ခဲ့ပြီး ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းတွင် ပါဝင်မည့် စီမံကိန်းအသစ်များကို ရုရှားထံ ကမ်းလှမ်းခဲ့သေးသည်။

ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် ပတ်သက်၍ မြန်မာ-ထိုင်း- ဂျပန် သုံးနိုင်ငံပူးပေါင်းဆောင်ရွက်ထားသော SPV /Special Purpose Vehicle ဖျက်သိမ်းရေးကိစ္စကို ၂၀၂၅ ခုနှစ် နှစ်ဆန်းတွင် စစ်ကော်မရှင် ဒုဥက္ကဋ္ဌ က ထုတ်ဖော်ပြောဆိုခဲ့သည်။

ယင်းနောက် ရေနက်ဆိပ်ကမ်းကိစ္စအတွက် စစ်အုပ်စုက ရုရှားနှင့် တောက်လျှောက်ဆက်ဆံခဲ့ပြီး ၂၀၂၅ ခုနှစ်နှင့် ၂၀၂၆ ခုနှစ်တို့တွင် နားလည်မှု စာချွန်လွှာ MoU များ ရေးထိုးခဲ့သည်။

နားလည်မှုစာချွန်လွှာများတွင် ဆိပ်ကမ်းတစ်ခု၊ ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံနှင့် ရေနံချက်စက်ရုံ ၊ LNG သဘာဝဓာတ်ငွေ့ရည်စက်ရုံ တို့ ဆောက်လုပ်မည့်အကြောင်းများ ပါဝင်ကြောင်း စစ်အုပ်စုက ထုတ်ပြန်သည်။

ထားဝယ် ရေနက်ဆိပ်ကမ်းနယ်နိမိတ် (Port Limit) သတ်မှတ်နိုင်ရေးအတွက် ပို့ဆောင်ရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းခြင်း အပြီးသတ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီက စစ်အုပ်စု ကျင်းပနေသည့် အမျိုးသားလွှတ်တော်တွင် ပြောဆိုထားသည်။

ရေနက်ဆိပ်ကမ်းအတွက် စစ်အုပ်စုက ရုရှားနှင့်ထိတွေ့ဆက်ဆံမှုများ နောက်ပိုင်းတွင် ရေနက်ဆိပ်ကမ်းစီမံကိန်း တည်ရှိရာ ရေဖြူမြို့နယ်နှင့် လောင်းလုံးမြို့နယ်က ကျေးရွာများကို စစ်အာဏာရှင်တပ်က အင်အားအလုံးအရင်းဖြင့် ဆက်တိုက် စစ်ကြောင်းထိုးနေခဲ့သည် ။

တနင်္သာရီတိုင်းအတွင်း ရင်းနှီးမြုပ်နှံမှုများကို စောင့်ကြည့်လေ့လာနေသည့် Investment Monitor – TNI ၏ ၂၀၂၆ ဧပြီလ မှ သြဂုတ်လအထိ အစီရင်ခံစာတွင် ရေနက်ဆိပ်ကမ်းဧရိယာတွင် ငါးလတာအတွင်း ကျေးရွာပေါင်း လေးဆယ်ခန့် စစ်ဘေးရှောင်နေရပြီး စစ်အာဏာရှင်တပ်က ဖမ်းဆီးခဲ့သူဦးရေ ၇၀ ကျော်ရှိကာ ယင်းတို့အနက် ကိုးဦး သတ်ဖြတ်ခံခဲ့ရကြောင်း ဖော်ပြသည်။

ယင်းအပြင် ရေနက်ဆိပ်ကမ်း ဧရိယာထဲက ဒေသခံများ၏ နေအိမ် ၃၄ ဆောင် နှင့် ရပ်ရွာ ဆေးပေးခန်းတစ်ခုလည်း မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ဖော်ပြသည်။

ထားဝယ်အထူးစီးပွားရေးဇုန်နှင့် အနီးဝန်းကျင် ဒေသများကို စစ်အုပ်စုက ရာနှုန်းပြည့် ထိန်းချုပ်ထားနိုင်ခြင်းမရှိဘဲ တော်လှန်ရေးတပ်များနှင့် မကြာခဏ တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။