ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရုရှားနှင့်ပေါင်းပြီး ထားဝယ် SEZ တွင် LNG သဘာဝဓာတ်ငွေ့ရည်စက်ရုံဆောက်မည်ဟု စစ်အုပ်စုပြော

August 24, 2026

ထားဝယ်အထူးစီးပွားရေးဇုန်တွင် LNG သဘာဝဓာတ်ငွေ့ရည်စက်ရုံ တည်ဆောက်ရန် ရုရှားနိုင်ငံနှင့် ဆွေးနွေးခဲ့ကြောင်း စစ်အစိုးရ သမ္မတရုံးဒုတိယဝန်ကြီး ဒေါက်တာခိုင်ခိုင်စိုးက ပြောသည်။

စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်နှင့်အတူ တနင်္သာရီတိုင်း စစ်အစိုးရဝန်ကြီးချုပ်တို့၏ ရုရှားနိုင်ငံခရီစဉ်အတွင်း ရုရှား-မြန်မာ စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြပြီး ယင်းတို့အထဲတွင်ရေနံနဲ့ သဘာဝဓာတ်ငွေ့ကိစ္စ၊ လျှပ်စစ်ဓာတ်အားပေး စက်ရုံ တည်ဆောက်ရေး၊ နျူကလီးယားကဏ္ဍများ ပါဝင်သည်ကြောင်း စစ်အုပ်စုက သတင်းထုတ်ပြန်သည်။

ထားဝယ်အထူးစီးပွားရေးဇုန်တွင် LNG သဘာဝဓာတ်ငွေ့ရည်စက်ရုံ တည်ဆောက်ရေးလည်း ပါဝင်ပြီး စက်ရုံ ဆောက်ပြီးပါက အိမ်နီးချင်းနိုင်ငံများထံ LNG သဘာဝဓာတ်ငွေ့ရည် တင်ပို့ရောင်းချမည်ဖြစ်ကြောင်း ဒေါက်တာခိုင်ခိုင်စိုးက ဆိုသည်။

“ဒီထားဝယ်ရေနက်ဆိပ်ကမ်းမှာ ကျွန်မတို့ LNG စက်ရုံတည်ဆောက်ပြီးတော့ အိမ်နီးနားချင်းနိုင်ငံတွေကို LNG နဲ့ သဘာဝဓာတ်ငွေ့တွေ တင်ပို့ရောင်းချဖို့အတွက် ဆွေးနွေးခဲ့ပါတယ်” ဟု ၎င်းက ပြောဆိုသည်။

မည်သည့်အချိန်တွင်၊ မည်ကဲ့သို့ဖော်ဆောင်မည် စသည့် အသေးစိတ်ကိုမူ ပြောဆိုခဲ့ခြင်း မရှိပေ။

ရုရှားသမ္မတပူတင်ကလည်း မြန်မာနိုင်ငံတွင် သယံဇာတရှာဖွေရေးနှင့် ကမ်းလွန် ရေနံ၊ သဘာဝဓာတ်ငွေ့တူးဖော်ရေး စီမံကိန်းများကို စိတ်ဝင်စားလျက်ရှိကြောင်း မြန်မာစစ်ခေါင်းဆောင်ကို ပြောဆိုခဲ့သည်။

ယင်းအပြင် တနင်္သာရီတိုင်းစစ်အစိုးရ ဝန်ကြီးချုပ်ဦးဇော်နိုင်ဦးကလည်း ရုရှားနိုင်ငံ မော်စကိုမြို့ G.V. Plekhanov စီးပွားရေးတက္ကသိုလ်တွင် ထားဝယ်အထူးစီးပွားရေးဇုန်၏ ဗျူဟာမြောက်အရေးပါသည်ဟု ပြောဆိုခဲ့သည်။

ထားဝယ်အထူးစီးပွားရေးဇုန်တွင် လာရောက်ရင်းနှီးမြှုပ်နှံမည့်သူများကို ခိုင်မာသည့် ရင်းနှီးမြှုပ်နှံမှုဥပဒေများ၊ အထူးစီးပွားရေးဇုန် (SEZ) ဥပဒေများနှင့် အကာအကွယ် ပေးထားကြောင်းလည်း ဆိုသည်။

မြန်မာစစ်ခေါင်းဆောင်၏ ရုရှားနိုင်ငံခရီးစဉ်တွင် လျှပ်စစ်၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ အပါအဝင် ရေဒီယို အီလက်ထရောနစ်လုပ်ငန်းနှင့် ဒီဂျစ်တယ်နည်းပညာကဏ္ဍ၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး၊ ယဉ်ကျေးမှုနှင့် အနုပညာ စသည့်ကဏ္ဍ၊ အာကာသ၊ ဂြိုဟ်တုနည်းပညာဆိုင်ရာ ကဏ္ဍ စုစုပေါင်း ၁၂ ခုကို နာလည်မှု စာချွန်လွှာ (MoU) လက်မှတ်ရေးထိုးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ရုရှားနှင့် အာရှနိုင်ငံဆိုင်ရာ စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် မဟာဗျူဟာဆိုင်ရာ အချက်အလက်များကို အထူးပြုဖော်ပြနေသည့် RUSSIA’S PIVOT TO ASIA ဝက်ဘ်ဆိုက်တွင်မူ ရုရှားနိုင်ငံသည် ကမ္ဘာပေါ်တွင် LNG ဓာတ်ငွေ့ရည် ထုတ်လုပ်တင်ပို့မှု ထိပ်တန်းနိုငံများအနက်တစ်ခု အပါအဝင်ဖြစ်ပြီး အာရှဈေးကွက်ရှိ ဂျပန်၊ တောင်ကိုရီးယားနှင့် တရုတ်နိုင်ငံများကို တင်ပို့နေကြောင်း ဖော်ပြသည်။

၂၀၂၆ ခုနှစ် ဧပြီလတွင် ရုရှား-မြန်မာ စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်အပေါ် ဆန်းစစ်လေ့လာခြင်း ဆောင်းပါးတွင် ထိုကဲ့သို့ ရေးသားထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၊ ထားဝယ်အထူးစီးပွားရေးဇုန်တွင် LNG သဘာဝဓာတ်ငွေ့စက်ရုံတည်ဆောက်နိုင်ပါက တရုတ်နိုင်ငံသို့ ရှိပြီးသား ပိုက်လိုင်းများဖြင့် ဓာတ်ငွေ့ပိုမိုတင်ပို့နိုင်မည့်အပြင် ထိုင်း၊ ဘင်္ဂလားဒေရှ့်၊ အိန္ဒိယနှင့် စွမ်းအင် လိုအပ်ချက် ကြီးကြီးမားမားရှိနေသည့် အခြား အရှေ့တောင်အာရှနိုင်ငံများဆီသို့ ဓာတ်ငွေ့တင်ပို့နိုင်ရန် ရည်ရွယ်ပြီး ရုရှားနိုင်ငံက အကောင်အထည်ဖော်နေကြောင်း ရေးသားထားသည်။

လက်ရှိတွင် မြန်စစ်ခေါင်းဆောင်နှင့် ရုရှားတို့သည် အထက်ဖော်ပြပါ စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရန် မူဝါဒ ဆိုင်ရာ သဘာတူညီမှုအဆင့်သို့ပင် ရောက်ရှိနေပြီဖြစ်ကြောင်းလည်း အဆိုပါဝက်ဘ်ဆိုက်တွင် ရေးသားထားသည်။

မြေပြင်တွင်မူ ထားဝယ်အထူးစီးပွားရေးဇုန်နှင့် အနီးဝန်းကျင် ဒေသများကို စစ်အုပ်စုက ရာနှုန်းပြည့် ထိန်းချုပ်ထားနိုင်ခြင်းမရှိဘဲ တော်လှန်ရေးတပ်များနှင့် မကြာခဏ တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။