ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ PV အမျိုးအစား နိုင်ငံကူးလက်မှတ် သက်တမ်းတိုးလျှင် နေပြည်တော်သို့ ခွင့်ပြုချက် တောင်းခံရမည်ဖြစ်ပြီး ခွင့်ပြုချက်ရမှသာ သက်တမ်းတိုးပေးမည်ဟု မြန်မာသံရုံးဘက်က ပြောဆိုကြောင်း အကျိုးဆောင်များ၊ သံရုံးနှင့် နီးစပ်သူများထံမှ သိရသည်။
ထိုင်းနိုင်ငံတွင် PV အမျိုးအစား နိုင်ငံကူးလက်မှတ်ကို ကိုင်ဆောင်ပြီး Work Permit ဗီဇာဖြင့် အလုပ်လုပ်နေသူများ၊ ပညာရေး ED ဗီဇာဖြင့် ကျောင်းတက်နေသူများ စာအုပ်သက်တမ်းတိုးစဉ် နေ့ချင်းပြီး တိုး၍ မရတော့ဘဲ နေပြည်တော်သို့ ခွင့်ပြုစာတင်ခဲ့ရကြောင်း ယနေ့ ဩဂုတ်လ ၁၉ ရက် သက်တမ်းတိုး လုပ်ဆောင်ခဲ့သော အကျိုးဆောင်တစ်ဦးက ပြောသည်။
နေပြည်တော်သို့ ခွင့်ပြုစာတင်ပြီး ခွင့်ပြုချက် ကျလာမှသာ စာအုပ်သက်တမ်းတိုးလုပ်ငန်းစဉ်ကို ဆက်လက် လုပ်ဆောင်ရမည်ဟု သံရုံးဘက်က ပြောဆိုခဲ့ကြောင်း ၎င်းက ဆိုသည်။
“ဒီနေ့မနက် သက်တမ်းတိုးဖို့သွားတဲ့သူတွေ ဖောင်တင်ခဲ့ရပြီး သက်တမ်းတိုး ခွင့်ပြုမှ အကြောင်းကြားပေးမယ်လို့ (သံရုံးက) ပြောပါတယ်။ ဘယ်လောက် စောင့်ရမယ်တော့ မသိပါဘူး။ အစ်မတို့မှာ ED ဗီဇာနဲ့ ကျောင်းသားတွေပါ ပါတယ်။ မရခဲ့ ပါဘူး။ အခြေအနေ စောင့်ရမယ် ပြောပါတယ်” ဟု အထက်ပါအကျိုးဆောင်က ပြောဆိုသည်။
သံရုံးဘက်က စည်းမျဉ်းများကို ကြိုတင်ကြေညာခြင်းမရှိဘဲ ရုတ်တရက် ပြောင်းလဲခဲ့သဖြင့် PV စာအုပ် သက်တမ်းတိုး လဲလှယ်လိုသူများ ပိုမိုအခက်တွေ့နိုင်ကြောင်း ၎င်းက ပြောသည်။
ဩဂုတ်လ ၁၈ ရက်မှစ၍ ထိုင်းနိုင်ငံတွင် PV အမျိုးအစား နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူအားလုံး မြန်မာသံရုံးတွင် စာအုပ်သက်တမ်းတိုးပါက နေပြည်တော်သို့ ခွင့်ပြုချက် ရယူရမည်ဖြစ်ပြီး ခွင့်ပြုချက်ရမှသာ ဆက်လက်လုပ်ဆောင်ပေးရန် ညွှန်ကြားထားကြောင်း သံရုံးနှင့် နီးစပ်သူက ဆိုသည်။
“PV စာအုပ် အားလုံးပါပဲ။ နေပြည်တော် ခွင့်ပြုချက် ရယူရမယ်။ ရုံးမှာ စာတင်ရမယ်ပေါ့။ ခွင့်ပြုချက်ကတော့ အချိန်အားဖြင့် သုံးလကနေ ခြောက်လအထိ ကြာမယ်လို့ ခန့်မှန်းပါတယ်။ နောက်ပိုင်း ပိုကျပ်လာတဲ့ သဘောပေါ့” ဟု ၎င်းက ပြောဆိုသည်။
ယခင်က PV အမျိုးအစား နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူများကို မြန်မာသံရုံးက ဗီဇာပေါ်မူတည်၍ PJ၊ PE အမျိုးအစားများကို နေ့ချင်းပြီး စာအုပ်လဲလှယ်ပေးနေခဲ့ရာမှ ရုတ်တရက် စည်းမျဉ်းများ တင်းကျပ်ခဲ့ခြင်းဖြစ်သည်။
စည်းမျဉ်းပြောင်းလဲလိုက်မှုနှင့် ပတ်သက်၍ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးဘက်က ထုတ်ပြန်ခြင်း မရှိသေးသလို မြန်မာသံရုံးနှင့် အလုပ်သမားသံအရာရှိတို့ကို ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြားခြင်း မရှိပေ။
ယခုပြောင်းလဲမှုကြောင့် ထိုင်းနိုင်ငံအတွင်း PV စာအုပ် ကိုင်ဆောင်ပြီး အလုပ်လုပ်ကိုင်သူများ၊ ကျောင်းတက်သူများအပြင် မှီခိုဗီဇာဖြင့် နေထိုင်သူများပါ အခက်အခဲများ ကြုံတွေ့ရနိုင်ကြောင်း အကျိုးဆောင်များက ပြောသည်။







