ထားဝယ်မြို့၊ မြို့ပေါ်ရပ်ကွက် နှစ်ခု၌ သြဂုတ်လ ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် ဆိုင်ကယ်ခိုးယူခံရမှု နှစ်ခုဖြစ်ကြောင်း ဆိုင်ကယ် ခိုးယူခံရသည့် ကာယကံရှင်များနှင့် နီးစပ်သည့် မြို့ခံများထံမှ သိရသည်။
ညောင်ရမ်းတောင်ရပ်ကွက် ၊ မျှော်အင်းလမ်းရှိ နေအိမ်တစ်ဆောင် ရှေ့တွင် ရပ်ထားသည့် Wave I အမျိုးအစား ဆိုင်ကယ်တစ်စီး သြဂုတ်လ ၁၈ ရက် ညနေပိုင်းက ခိုးယူခံခဲ့ရကြောင်း ၎င်းတို့က ပြောသည်။
အလားတူ မြို့သစ် ရပ်ကွက် ၊ (၈)လမ်း နေအိမ်ခြံဝင်းတစ်ခုတွင် ရပ်ထားသည့် ကလစ်အမျိုးအစား ဆိုင်ကယ်တစ်စီး လည်း ယနေ့ သြဂုတ်လ ၁၉ ရက် နံနက်ပိုင်းတွင် ခိုးယူခံခဲ့ရကြောင်း မြို့ခံများက ပြောဆိုသည်။
ဆိုင်ကယ် ခိုးယူသွားသူများကို ဖမ်းမိခြင်း မရှိသေးသလို ဆိုင်ကယ်များလည်း ပြန်မရကြသေးသဖြင့် ကာယကံရှင်များက ၎င်းတို့၏ လူမှုကွန်ရက်တွင် အကူအညီတောင်းခံထားဆဲဖြစ်သည်။
သြဂုတ်လ ၁၁ ရက်ညကလည်း ညောင်ရမ်းတောင်ရပ်ကွက်တွင်ပင် ညဘက်ခြံဝင်းကို ဖောက်ထွင်း၍ ဆိုင်ကယ်တစ်စီး ခိုးယူခံရပြီး ခိုးသူကို ဖမ်းမမိသေးလို ဆိုင်ကယ်လည်း ပြန်မရသေးကြောင်း ယင်းရပ်ကွက်တွင် နေထိုင်သူများက ဆိုသည်။
ထားဝယ်တွင် လစဥ် ဆိုင်ကယ်ခိုးခံရမှု၊ အလစ်သုတ်ခံရမှုများ ဆက်တိုက်ဖြစ်နေကြောင်း မြို့ခံများထံမှ သိရသည်။
“ဆိုင်ကယ်က ခိုးခံရပြီး နီးစပ်ရာ လက်လှမ်းမီသမျှ ပြန်ရှာကြည့်တာပဲ မရတော့ဘူး။ တိုင်တာ အမှုဖွင့်တာတွေလည်း မလုပ်ဖြစ်ဘူး၊ သိပ်မထူးလို့လေ” ဟု ဆိုင်ကယ် ခိုးယူခံရဖူးသည့် ကာယကံရှင် ထားဝယ်မြို့ခံတစ်ဦးက ပြောသည်။
ဆိုင်ကယ်ပျောက်မှုဖြင့် ရဲစခန်းတွင် တိုင်းထားသည့် ပိုင်ရှင်အများစုလည်း ဆိုင်ကယ်ပြန်ရလေ့မရှိကြောင်း ကိုယ်တိုင်အမှုဖွင့်ဖူး သူများက ပြောဆိုသည်။
ထားဝယ်မြို့သည် တိုင်းစစ်အစိုးရ ရုံးစိုက်ရာမြို့ဖြစ်ပြီး မြို့တွင်း၌ စစ်အာဏာရှင်တပ်သားများအပြင် ပျူစောထီး (ခေါ်) ပြည်သူ့စစ် များပါ နေ့ကင်း ၊ ညကင်းများ လှည့်လည်သွားလာလေ့ရှိကြောင်း မြို့ခံများက ဆိုသည်။







