ထားဝယ်မြို့နယ် ရေဝိုင်းချောင်းရိုးတစ်လျှောက်ရှိ သတ္တုလုပ်ကွက်များကို အပြီးတိုင်ပိတ်သိမ်းရန် ညွှန်ကြားထားကြောင်း ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်-DNLA ထံမှ သိရသည်။
ချောင်းရိုးတစ်လျှောက်နှင့် ဥယျာဉ်ခြံများအတွင်း ဘက်ဟိုးကဲ့သို့ စက်ယန္တရားကြီးများဖြင့် လုပ်ကိုင်နေသည့် သတ္တုလုပ်ကွက်များကို ဇူလိုင်လနှောင်းပိုင်းမှစကာ အပြီးရပ်နားခိုင်းလိုက်ကြောင်း ဓဝယ်အမျိုးသား လွတ်မြောက်ရေးတပ်တော် (DNLA) ၏ ဒူရကစစ်ကြောင်း စစ်ကြောင်းမှူး ကိုဖားကြီးက ဆိုသည်။
လုပ်ငန်းရှင်များက သတ္တုတူးဖော်ရန်အတွက် ရေချောင်းများ အပါအဝင် ဥယျာဉ်ခြံမြေများကို ဈေးကြီးပေးဝယ်ယူကြသည့်အပြင် ဒေသပါပျက်စီးလာသည့်အတွက် ယင်းကဲ့သို့ပိတ်ပင်လိုက်ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
“ဒီအတိုင်းသာ ဆက်လွှတ်ထားရင် ရွာတွေပါမကျန် ဖြစ်လာမယ်။ စီးပွားရေးသမားတွေ လုပ်လာတာက ရွာပါ ပြောင်မယ့်ကိန်းရှိတယ်။ အဲဒါကြောင့် အပြီးရပ်နားခိုင်းတာ”ဟု စစ်ကြောင်းမှူး ကိုဖားကြီးက ဆိုသည်။
ရေဝိုင်းချောင်းရိုးတစ်လျှောက်ရှိ ဟာမြင်းကြီး၊ ပိန္နဲချောင်း၊ မြင်းမတပ်၊ ရေဝိုင်းစသည့်ကျေးရွာများရှိ သတ္တုလုပ်ကွက်အားလုံးနီးပါး ရပ်နားခိုင်းထားကြောင်း စုံစမ်းသိရသည်။
အဆိုကျေးရွာများတွင် သတ္တုလုပ်ကွက်အကြီးအသေးအရေအတွက် ဒါဇင်ပေါင်းများစွာရှိကြောင်း ဒေသခံအချို့ထံမှ သိရသည်။
အဆိုပါသတ္တုလုပ်ကွက်များကို မည်သည့်အဖွဲ့အစည်းက ခွင့်ပြုထားသည်ကို မသိရကြောင်း စစ်ကြောင်းမှူး ကိုဖားကြီးက ဆိုသည်။
သို့ရာတွင် ယခင်ကတည်းက လုပ်ကိုင်နေသည့် သာမန်လက်လုပ်လက်စား သတ္တုရှာဖွေသူများကိုမူ ဆက်လက်လုပ်ကိုင်ခွင့်ပြုထားကြောင်း ၎င်းက ပြောသည်။
“ပိတ်တယ်ဆိုတာက စီးပွားရေးသမားတွေရဲ့ စက်ကြီး၊ ဘက်ဟိုးတွေနဲ့ လုပ်နေတဲ့သူတွေကို ပိတ်တာ။ အရင်အစိုးရအဆက်ဆက် ဒေသခံတွေ လုပ်စားလာတဲ့ဟာ (လုပ်လက်လုပ်စားတွေ) ကို ပိတ်တာမဟုတ်ဘူး”ဟု စစ်ကြောင်းမှူး ကိုဖားကြီးက ဆိုသည်။
ရေဝိုင်းချောင်းက မြေးခန္တီရွာ အပေါ်ဘက်တောတောင်များတွင် မြစ်ဖျားခံကာ စတင်စီးဆင်းလာပြီး ထားဝယ်မြို့နယ် မောင်မယ်ရှောင်အနီး ဖြတ်သန်းကာ ထားဝယ်မြစ်အတွင်းသို့ စီးဝင်သည်။
သတ္တုလုပ်သားအချို့ကလည်း ၎င်းတို့၏ လုပ်ငန်းများရပ်နားထားပြီး စက်ယန္တရားများပါ ပြန်သိမ်းထားရကြောင်း ပြောဆိုကြသည်။
“စက်တွေပါ အားလုံး ဆွဲတင်ခိုင်းထားတယ်ဗျ။ ကျင်း (လုပ်ငန်းခွင်) ထဲမှာ စက်တွေတောင် ချထားခဲ့လို့မရဘူး။ ပစ္စည်းတွေပါ အားလုံးကောက်(သိမ်း)ထားရတယ်” ဟု သတ္တုလုပ်သားတစ်ဦးက ပြောသည်။
သတ္တုလုပ်ကွက်များ ရပ်နားထားရသည့်အတွက် အလုပ်သမားအချို့ ဥယျာဉ်ခြံများတွင် ဝင်လုပ်နေကြကြောင်း သတ္တုအလုပ်သမားနောက်တစ်ဦးက ပြောသည်။
” ကလုံးပန်းဆိုဒ်(သတ္တုလုပ်ကွက်) တွေမှာ နေ့စားဝင်လုပ်တာ။ တစ်နေ့ကို နေ့စားခ လေးသောင်း(ကျပ်)ရတယ်။ လုပ်ငန်းတွေရပ်ခိုင်းထားတော့ အလုပ်မရှိဘူးပေါ့။ အခုတော့ ဒေသခံတွေဆီမှာပဲ (ဥယျာဥ်ခြံ) တစ်ရက်ပဲရရ နှစ်ရက်ပဲရရ ခေါ်မယ့်သူရှိရင် လိုက်လုပ်နေတယ်” ဟု ၎င်းက ဆိုသည်။
အဆိုပါ ရေဝိုင်းချောင်းရိုးတစ်လျှောက်တွင် မြန်မာနိုင်ငံအနှံအပြားမှ သတ္တုလုပ်ငန်းရှင်များက လာရောက်လုပ်ကိုင် နေကြသလို ဒေသခံလုပ်ငန်းရှင် အနည်းငယ်လည်းရှိသည်။
အထက်ပါသတ္တုလုပ်ကွက်များတွင် အလုပ်လုပ်နေသည့် အလုပ်သမားများမှာ ဒေသခံ အနည်းစုပါဝင်သလို မြန်မာပြည်အထက်ပိုင်းမှ လာရောက်လုပ်ကိုင်သူများလည်းရှိသည်။







