အခုနှစ် ဇူလိုင်လနှောင်းပိုင်းမှာ ထားဝယ်-ပုလော-မြိတ် ပြည်ထောင်စု ကားလမ်းမပေါ် က တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်စိုးမိုးခဲ့တဲ့နေရာတချို့ကို ပြန်လက်လွှတ်လိုက်ရပါတယ်။
အဲဒီလို လက်လွှတ်လိုက်ရတဲ့နောက်မှာ နှစ်ဖက်တိုက်ပွဲတွေနဲ့ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြန်ရှိလာတာကြောင့် ကားလမ်းပိုင်း ကျေးရွာတွေက ဒေသခံရာနဲ့ချီ စစ်ဘေးရှောင်နေရပါတယ်။
အဲဒီလို အခြေအနေကို စစ်အုပ်စု ဝါဒဖြန့်သူတွေက ထားဝယ်-ပုလော-မြိတ် ကားလမ်းပိုင်းမှာ တော်လှန်ရေးတပ်တွေ မရှိတော့တာကြောင့် ခရီးသွားတွေနဲ့ ဒေသခံတွေ အဆင်ပြေနေပြီဆိုပြီး ဝါဒဖြန့်ချိနေကြတာပါ။
Subscriber လေးသောင်းရှစ်ထောင်ကျော်ရှိတဲ့ Ba Nyunt နာမည်နဲ့ တယ်လီဂရမ်ချန်နယ်က ဇူလိုင်လ ၂၉ ရက်မှာ ဖြန့်ချိခဲ့တာ ဖြစ်ပါတယ်။ ဖြန့်ချိတာကို မြင်တွေ့ရသူ လေးထောင်ကျော်ရှိပါတယ်။
Ba Nyunt ချန်နယ် ဖော်ပြချက် လင့်ခ် – https://archive.ph/J8kce
အဲဒီလို ဖြန့်ချိတာကို Myanmar Fact-checking Netwok အဖွဲ့ဝင် Dawei Watch က အချက်အလက် စိစစ်ထားပါတယ်။
ထားဝယ်-ပုလော-မြိတ် ကားလမ်း အခု ဘာဖြစ်နေလဲ
စစ်အာဏာရှင်တပ်ဟာ ဇူလိုင်လဆန်းမှာ ပြည်ထောင်စုကားလမ်းမပေါ် အင်အားရာချီနဲ့ စစ်ကြောင်းထိုးပြီးတဲ့နောက် နှစ်ဖက်တိုက်ပွဲတွေဖြစ်ခဲ့ပြီး တော်လှန်ရေးအင်အားစုတွေဘက်က နယ်မြေတချို့ လက်လွှတ်ခဲ့ရပါတယ်။
ပုလောမြို့နယ်၊ ပလမြို့အနီးမှာရှိတဲ့ ဇရပ်ဆိပ်၊ မင်းပြင်၊ ဘိုင်းပြင်ရွာနဲ့ မိန်းမမြို့ စတဲ့ ရွာတွေကို စစ်အာဏာရှင်တပ်ဘက်က ပြန်လည်း ထိန်းချုပ်နိုင်ခဲ့ပါတယ်။
ဒါပေမဲ့ တော်လှန်ရေးတပ်တွေဘက်က ပြန်လည်တိုက်ခိုက်နေဆဲဖြစ်သလို နှစ်ဖက်တိုက်ပွဲတွေ ဆက်ရှိနေပြီး စစ်ရေးပြင်းထန် နေပါတယ်။
ဒါကြောင့် ဒေသခံတွေ နေရပ်မပြန်နိုင်သေးသလို လမ်းပိုင်းအသုံးပြုတဲ့ ခရီးသွားတွေလည်း လျောလျောရှူရှူ ခရီး မသွားနိုင်ကြသေးပါဘူး။
အဲဒီအကြောင်းအရာတွေကို Dawei Watch က ဇူလိုင်လ ၂၈ ရက်က “ပုလောရှိ ပြည်ထောင်စုလမ်းပိုင်းကို စစ်အာဏာရှင်တပ် ပြန်ထိန်းချုပ်” ခေါင်းစဉ်နဲ့ သတင်းဖော်ပြခဲ့ပါတယ်။ သတင်း လင့်ခ် – https://shorturl.at/lpULX
စစ်အာဏာရှင်တပ်ဘက်က ပြန်လည်ထိန်းချုပ်ဖို့ ကြိုးပမ်းလာတဲ့ ပြည်ထောင်စုကားလမ်း ပုလော-မြိတ်အပိုင်းကို အပိုင်းသုံးပိုင်းခွဲ လေ့လာနိုင်ပါတယ်။
အပိုင်း (၁) ပလမြို့ဝန်းကျင် ကျေးရွာတွေ၊ အပိုင်း (၂) ပလမြို့နဲ့ ပုလောမြို့အကြား ကျေးရွာတွေနဲ့ အပိုင်း (၃) ပုလောမြို့နဲ့ ပလောက်မြို့အကြား ကျေးရွာတွေဆိုပြီး သုံးပိုင်းခွဲ လေ့လာနိုင်ပါတယ်။
အပိုင်း (၁) ပါ ကျေးရွာတွေကို တော်လှန်ရေးတပ်တွေဘက် လက်လွှတ်ခဲ့ရပြီး အပိုင်း (၂) ပါ ကျေးရွာတွေမှာ နှစ်ဖက်ထိတွေ့ တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။ အပိုင်း (၃) ကတော့ တော်လှန်ရေးတပ်တွေ စိုးမိုးထားနိုင်ဆဲ အခြေအနေဖြစ်ပါတယ်။
အဲဒီအပိုင်း သုံးပိုင်းစလုံးဟာ ၂၀၂၃ ခုနှစ်လောက်ကတည်းက တော်လှန်ရေးအင်အားစု တွေ ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။
စစ်အာဏာရှင်တပ်ဟာ အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးလာတဲ့အပြင် လေကြောင်း ခပ်စိပ်စိပ် သုံးလာတာကြောင့် အပိုင်း (၁) ပါ ကျေးရွာတွေက နောက်ဆုတ်ပေးလိုက်တာလို့ တော်လှန်ရေးအင်အားစုတွေက ဆိုပါတယ်။
အဲဒီနယ်မြေသုံးခုရဲ့ အကြောင်းကို တော်လှန်ရေးသတင်းရင်းမြစ်တွေကို ကိုးကားပြီး Dawei Watch က သြဂုတ်လ ၄ ရက်မှာ “စစ်အုပ်စု ပြန်ထိန်းချုပ်ထားသည့် ပုလော ပြည်ထောင်စုလမ်းပိုင်း” ခေါင်းစဉ်နဲ့ သုံးသပ်ချက်ဆောင်းပါး ဖော်ပြခဲ့ပါတယ် ။
ဆောင်းပါးလင့်ခ် – https://shorturl.at/ejWXQ
လက်ရှိ သြဂုတ်လလယ်အထိ အခြေအနေမှာလည်း လမ်းပိုင်းမှာ စစ်ရေးပြင်းထန်နေဆဲ ဖြစ်တယ်လို့ တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောဆိုပါတယ် ။
“ကြဲ၊ မင်းပြင်၊ ဘိုင်းပြင်ရွာတွေမှာ ပြည်သူတွေအနေနဲ့ သွားရင်တောင် (စစ်အာဏာရှင်တပ်က) ပစ်သတ်တာတွေရှိနေတယ်။ ပလမြို့မှာတော့ သူတို့ အလုံးစုံ ထိန်းချုပ်ထားတာမျိုးဖြစ်တယ်။ အလုံးစုံ အေးချမ်းတာမျိုး မရှိဘူး။ ကျွန်တော်တို့ ဘက်ကလည်း ပြောက်ကျားနဲ့ ပြန်တိုက်နေတယ်။ သူတို့တွေ (စစ်အာဏာရှင်တပ်) လမ်းကိုတောင် အပြည့်ဝထိန်းချုပ်နိုင်တာ မရှိဘူး”လို့ သူက ပြောပါတယ်။
ပုလော လမ်းပိုင်းကနေ တော်လှန်ရေးတပ်တွေ ဆုတ်ပေးခဲ့တာဟာ စစ်အာဏာရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ခဲ့လို့ ခေတ္တဆုတ်ပေးတာလို့ တော်လှန်ရေးအင်အားစုတွေက ပြောဆိုကြပါတယ်။
ပုလောမြို့နယ် မင်းပြင်ရွာနဲ့ တပိုရွာကို စစ်အာဏာရှင်တပ်က ဇူလိုင်လ ၉ ရက်နဲ့ ၁၀ ရက်မှာ ဂျိုင်ရိုကော်ပတာနဲ့ ဒရုန်းတွေ အသုံးပြုပြီး ဗုံးကြဲခဲ့ပါတယ်။ သတင်းလင့်ခ် – https://shorturl.at/cNuOh
ကရင်အမျိုးသားအစည်းအရုံး KNU ကလည်း မင်းပြင်ရွာနဲ့ တပိုရွာ လေကြောင်းတိုက်ခိုက်ခံရမှုကို သတင်းထုတ်ပြန် ထားပါတယ် ။ ထုတ်ပြန်ချက် လက့်ခ် – https://shorturl.at/ncDj8
ဇူလိုင်လ ၂၀ ရက်မှာလည်း ပုလောမြို့နယ်၊ ကဒဲရွာဘုန်းကြီးကျောင်းကို စစ်အာဏာရှင်တပ်က ဂျိုင်ရိုကော်ပတာ သုံးပြီး ဗုံးကြဲတာကြောင့် အဆောက်အအုံ တချို့ ထိခိုက်ပျက်စီးခဲ့ပါတယ်။ သတင်းလင့်ခ် – https://shorturl.at/SWv7C
နယ်မြေ မလုံခြုံလို့ ဒေသခံရာချီ စစ်ဘေးရှောင်နေရ
အထက်ဖော်ပြပါ စစ်ရေးအခြေအနေတွေကြောင့် ပုလောမြို့နယ်ထဲက ပင်လယ်နဲ့ နီးတဲ့ ကျေးရွာက ဒေသခံတွေ ပင်လယ်ဘက်မှာ စစ်ဘေးရှောင်နေရပါတယ်။
စစ်ဘေးရှောင်အရေအတွက် ရာဂဏန်းရှိပြီး အစားအသောက် ရိက္ခာနဲ့ ဆေးဝါးတွေ လိုအပ်နေတယ်လို့ဆိုပါတယ်။ ကြဲ၊ ဇရပ်ဆိပ်၊ မင်းပြင်၊ ဘိုင်းပြင်၊ မိန်းမမြို့ စတဲ့ ကျေးရွာငါးရွာ ထက်မနည်း စစ်ဘေးရှောင်နေရတာပါ။
အဲဒီကျေးရွာတွေမှာ စစ်အာဏာရှင်တပ်သားတွေရှိနေပြီး ကျေးရွာထဲဝင်တဲ့ ရွာသားတချို့ ပစ်ခတ်ခံရလို့ ထိခိုက်သေဆုံးမှုရှိခဲ့တာကြောင့် နေရပ်မပြန်ရဲကြတာလို့ ဒေသခံတွေက ဆိုပါတယ်။
အဲဒီအကြောင်းအရာတွေကို Dawei Watchက “ပုလောမြို့နယ် ပင်လယ်ဘက်ရှိ စစ်ဘေးရှောင်တစ်ရာကျော် စားနပ်ရိက္ခာနှင့် ဆေးဝါး ထောက်ပံ့မှုလို” ခေါင်းစဥ်နဲ့ သတင်းဖော်ပြခဲ့ပါတယ်။ သတင်းလင့်ခ် – https://shorturl.at/
ဇူလိုင်လ ၂၆ ရက်မှာ ဘိုင်းပြင်ရွာထဲ စားနပ်ရိက္ခာပြန်ယူစဉ်တဲ့ ရွာသားသုံးဦးကို ကားနဲ့ ကင်းလှည့်လာတဲ့ စစ်အာဏာရှင် တပ်သားတွေက ပစ်ခတ်တာကြောင့် တစ်ဦးသေဆုံးခဲ့ပြီး ဒေသခံနှစ်ဦး ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။
အဲဒီအကြောင်းအရာကို Dawei Watch နဲ့ မွန်အခြေစိုက် Than Lwin Times သတင်းဌာနတွေက သတင်းဖော်ပြခဲ့ပါတယ်။
Dawei Watch သတင်းလင့်ခ် – https://shorturl.at/JHAi1
Than Lwin Times သတင်းလင့်ခ် – https://shorturl.at/5gL2l
အဲဒီလို အခြေအနေတွေကြောင့် အခု သြဂုတ်လလယ်အထိ ဒေသခံတွေ အိမ်မပြန်နိုင်သေးပါဘူး။ နေရပ်ပြန်ရမသေးပါဘူး ။
စိစစ်ချက်
တယ်လီဂရမ် ချန်နယ်ရဲ့ ဖြန့်ချိချက်မှာ ဖော်ပြတဲ့ Screenshot ဓာတ်ပုံဟာ Dawei Watch က ဖော်ပြခဲ့တဲ့ သတင်းကို လိုရာဆွဲယူပြီး ပြန်လည်အသုံးပြုထားတွေ့ရပါတယ်။
ပုလောမြို့နယ်အတွင်းရှိ မြိတ်-ထားဝယ် ပြည်ထောင်စုလမ်းပိုင်းကို စစ်အာဏာရှင်တပ်က ပြန်လည်ထိန်းချုပ်လိုက်တယ် ဆိုတဲ့ စာသားတစ်ခုကိုပဲယူပြီး ပြန်လည်အသုံးပြုခဲ့တာပါ။
Dawei Watch မှာ ဖော်ပြထားတဲ့ သတင်းမှာက တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ပုလော-မြိတ် ပြည်ထောင်စု လမ်းပိုင်းရှိ ကျေးရွာအချို့ကို စစ်အာဏာရှင်တပ်က ပြန်လည်ထိန်းချုပ်ပေမယ့် ဒေသခံတွေ အိမ်မပြန်ရဲကြသေးသလို လမ်းပိုင်းသွားလာရေးဟာလည်း ခက်ခဲနေတဲ့အကြောင်း ပါရှိပါတယ်။
Dawei Watch မူရင်းသတင်းလင့်ခ် – https://shorturl.at/lpULX
ဒီလမ်းပိုင်းဟာ အရင်လည်း တိုက်ပွဲတွေ ပြင်းထန်ရင် လမ်းပိတ်ဆို့မှုတွေ ဖြစ်ပွားတာမျိုး ရှိပေမယ့် ပုံမှန်အားဖြင့် သွားလာနေတဲ့ လမ်းဖြစ်သလို စစ်အာဏာရှင်တပ် ထိန်းချုပ်ပြီးနောက်မှာလည်း ထူးခြားတဲ့ ပြောင်းလဲမှုတွေ မရှိသေးဘူးလို့ ဒေသခံတွေနဲ့ လမ်းပိုင်းအသုံးပြုသူတွေက ပြောဆိုကြပါတယ်။
တယ်လီဂရမ်ချန်နယ် ရဲ့ဖော်ပြချက်မှာတော့ စစ်အာဏာရှင်တပ်က လမ်းပိုင်းပြန်ထိန်းချုပ်လိုက်လို့ ဒေသခံတွေနဲ့ ခရီးသွားတွေ အဆင်ပြေချောမွေ့ သွားတယ်လို့ ဖော်ပြထားပါတယ်။
ဒါကြောင့် စစ်အုပ်စု ဝါဒဖြန့်သူတွေရဲ့ ဖြန့်ချိချက်ဟာ မြေပြင်အခြေအနေနဲ့ ကွဲလွဲနေတဲ့ သတင်းအမှားဖြစ်တာကို စိစစ်တွေ့ရှိရ ပါတယ်။
သုံးသပ်ချက်
ထားဝယ်-ပုလော-မြိတ် ပြည်ထောင်စု လမ်းပိုင်းမှာ နေရာတချို့ကို စစ်အာဏာရှင်တပ်က ပြန်လည်ထိန်းချုပ်လိုက်နိုင်ပေမယ့် ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်၊ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေသေးတာကြောင့် ဒေသခံတွေ အိမ်မပြန်နိုင်ရဲကြတဲ့ အခြေအနေ ဖြစ်နေဆဲပါ။
စစ်အာဏာရှင်တပ်က မြေပြင်စစ်ကြောင်းထိုးသလို လေကြောင်းတိုက်ခိုက်မှုတွေလည်း ဆက်တိုက်လုပ်ဆောင်နေလို့ ကျေးရွာ ငါးရွာထက်မနည်းက ဒေသခံပြည်သူတွေ ထွက်ပြေးနေကြရဆဲဖြစ်ပါတယ်။ ဒါ့အပြင် လမ်းကြောင်းတစ်ခုလုံးကို အပြည့်အဝ ထိန်းချုပ်နိုင်တာမျိုး မဟုတ်ဘဲ အစိတ်အပိုင်းတချို့ကိုပဲ ထိန်းချုပ်ထားနိုင်ပြီး နှစ်ဖက်တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားဆဲ အခြေအနေပါ။
ဒီလို ပြည်သူတွေအတွက် မလုံခြုံတဲ့အခြေအနေမျိုးမှာ စစ်အာဏာရှင်တပ်က လမ်းပိုင်းထိန်းချုပ်နိုင်တာကြောင့် နယ်မြေ အေးချမ်းသွားသယောင် စစ်အုပ်စုဝါဒဖြန့်သူတွေက အချိန်ကိုက် သတင်းအမှား ဖြန့်ချိလာတာဖြစ်သလို မြေပြင်မှာ စစ်အာဏာရှင်တပ်က အရပ်သားပြည်သူတွေအပေါ် ကျူးလွန်တာတွေကိုလည်း ဖုံးကွယ်ဖို့ ကြိုးပမ်းတာလို့ သုံးသပ်ရပါတယ်။
စာဖတ်သူတွေအနေနဲ့ သတင်းတု၊ သတင်းမှားတွေ၊ စစ်ဆေးပေးစေလိုတဲ့ သံသယဖြစ်ဖွယ် သတင်းအချက်အလက်တွေ ရှိလာရင်ဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ် မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ် Myanmar Fact-Checking Network နဲ့ Myanmar Fact-Checking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch ရဲ့ မက်ဆင်ဂျာကနေတစ်ဆင့် ဆက်သွယ်ပြီး အချက်အလက် စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။







