ထားဝယ်အထူးစီးပွားရေဇုန်ဧရိယာထဲ စစ်အာဏာရှင်တပ်စစ်ကြောင်း ဖမ်းသွားတဲ့ အရပ်သားတွေထဲမှာ ပါဝင်တဲ့ စစ်ဘေးရှောင်ကူညီရေးအဖွဲ့တစ်ခုက လူငယ်သုံးဦးနဲ့ ရွာသားတစ်ဦးတို့ကို စစ်အာဏာရှင်တပ်က သတ်ဖြတ်ပြီး အလောင်းစွန့်ပစ်ခဲ့ပါတယ်။
ထားဝယ်ခရိုင် ရေဖြူမြို့နယ်မှာရှိတဲ့ ထားဝယ်အထူးစီးပွားရေဇုန်ဧရိယာထဲ ဇူလိုင်လ ဒုတိယအပတ်က ဖြစ်ပွားခဲ့တာပါ။
အဲဒီ ဖြစ်စဥ်မှာ သတ်ဖြတ်ခံရတဲ့လူငယ်သုံးဦးဟာ PDF တွေဖြစ်တယ်လို့ စစ်အုပ်စု ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေက ဖြန့်ချိနေကြပါတယ်။ Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch က အချက်အလက်အရ စိစစ်ကြည့်ရာမှာတော့ စစ်အာဏာရှင်တပ်ရဲ့ လုပ်ရပ်ကို ဖုံးကွယ်ရှောင်လွှဲဖို့ ကြိုးပမ်းမှုအဖြစ် တွေ့ရပါတယ်။
Subscriber တစ်သိန်းဝန်းကျင်ရှိတဲ့ “တိုက်ပွဲသတင်းစုံ” နာမည်နဲ့ တယ်လီဂရမ်ချန်နယ်က ဇူလိုင်လ ၂၄ ရက်မှာ စတင်ဖြန့်ချိခဲ့တာဖြစ်ပြီး မြင်တွေ့ထားသူ တစ်သောင်းကျော်ရှိပါတယ်။
တိုက်ပွဲသတင်းစုံချန်နယ်ရဲ့ ဖော်ပြချက်လင့်ခ် – https://archive.ph/Yhl7A
အဲဒီဖော်ပြချက်ကို Thazin Oo နဲ့ snow queen လို့ နာမည်ပေးထားတဲ့ တယ်လီဂရမ်ချန်နယ်နှစ်ခုကလည်း ဆက်စပ်ကူးယူဖော်ပြခဲ့ကြပါတယ်။
Thazin Oo ချန်နယ်ရဲ့ ဖော်ပြချက်လင့်ခ် – https://archive.ph/GSfVo
snow queen ချန်နယ်ရဲ့ ဖော်ပြချက်လင့်ခ် – https://archive.ph/a0IUY
လူငယ်သုံးဦးနဲ့ ဒေသခံတစ်ဦးကို သတ်ဖြတ်ခံရ
ထားဝယ်အထူးစီးပွားရေဇုန်ထဲမှာ ဒေသခံတွေလိုက်ပါလာတဲ့ ကားခြောက်စီးကို စစ်အာဏာရှင်တပ် စစ်ကြေင်းက ဇူလိုင်လ ၉ ရက်က ဖမ်းဆီးခဲ့ပါတယ်။ ဖမ်းဆီးတဲ့အထဲ အမျိုးသမီးခရီးသည်တွေကို လွှတ်ခဲ့ပြီး ကားသမားတွေနဲ့ အမျိုးသား ခရီးသည်တွေကို လူသားဒိုင်းအနေနဲ့ ၁၀ ရက်ဝန်းကျင် စစ်ကြောင်းနဲ့အတူ ဖမ်းခေါ်ခဲ့ပါတယ်။
ဖမ်းဆီခံရသူ အများစုပြန်လွတ်လာကြပြီး ဇူလိုင်လ ၂ဝ ရက်မှာတော့ ပြန်မလွတ်လာဘဲ သတင်းအဆက်အသွယ် ပြတ်နေတဲ့လူငယ်သုံးဦးနဲ့ ဒေသခံတစ်ဦးရဲ့ ရုပ်အလောင်းတွေကို ရေဖြူမြို့နယ်၊ ဧကနိရွာအနီး ဆီအုန်းတောအစပ်မှာ ဒေသခံတွေ ပြန်တွေ့ခဲ့ပါတယ်။
သတ်ဖြတ်ခံရသူတွေဟာ နှိပ်စက်ခံထားရတဲ့ ဒဏ်ရာနဲ့ သေဆုံးတာ ရက်ကြာနေပြီဖြစ်လို့ ရုပ်အလောင်းတွေ ပျက်စီးနေတာကြောင့် အဝတ်အစားတွေနဲ့ပဲ ဘယ်သူဘယ်ဝါလို့ အတည်ပြုခဲ့ရပါတယ်။ ရုပ်အလောင်းတွေမှာ ဓားနဲ့ထိုးသွင်းဒဏ်ရာအများအပြား တွေ့ရတယ်လို့ မျက်မြင်တွေ့ရသူတွေက ဆိုပါတယ်။
သတ်ဖြတ်ခံရတဲ့လူငယ်သုံးဦးဟာ ထားဝယ်ခရိုင်ထဲ လူသားချင်းစာနာထောက်ထားရေးနဲ့ အသိပညာပေးရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ The Ants – Humanitarian Aid Team – Tanintharyi က ကိုအသာ ၊ ကိုလီယွန် နဲ့ ကိုမြတ်သူတို့ ဖြစ်တယ်လို့ အတည်ပြုနိုင်ခဲ့ပြီး ရွာသားရုပ်အလောင်းကိုတော့ ဘယ်သူဘယ်ဝါလို့ အတည်မပြုနိုင်သေးပါဘူး။
အဲဒီအကြောင်းအရာနဲ့ပတ်သက်လို့ကို Dawei Watch က ဒေသခံတွေ၊ ကာယကံရှင်တွေရဲ့ မိတ်ဆွေတွေနဲ့ တော်လှန်ရေးအင်အားစုတွေကို မေးမြန်းပြီး သတင်းဖော်ပြထားပါတယ်။
Dawei Watch သတင်းလင့်ခ် – https://shorturl.at/1kX8H
အဲဒီအကြောင်းအရာကို BBC မြန်မာပိုင်းကလည်း သတင်းဖော်ပြထားတာ အောက်ဖော်ပြပါလင့်ခ်မှာ ကြည့်နိုင်ပါတယ်။
BBC မြန်မာပိုင်း သတင်းလင့်ခ် – https://shorturl.at/8JM8c
ဒါကြောင့် လူငယ်သုံးဦးဟာ စစ်အာဏာရှင်တပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားပြီးနောက်မှာ နှိပ်စက်သတ်ဖြတ်ခံရတာကို စိစစ်တွေ့ရှိရပါတယ်။
လူငယ်သုံးဦးက PDF တွေ မဟုတ်
စစ်အာဏာရှင်တပ် ဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့ ကိုအသာ ၊ ကိုလီယွန် နဲ့ ကိုမြတ်သူ တို့ဟာ စစ်ဘေးရှောင်ကူညီရေးအဖွဲ့တစ်ခု ဖြစ်တဲ့ The Ants – Humanitarian Aid Team – Tanintharyi က အဖွဲ့ဝင်တွေ ဖြစ်ပါတယ်။
ကိုအသာ က အဲဒီအဖွဲ့ရဲ့ အဖွဲ့တာဝန်ခံဖြစ်ပြီး ကိုလီယွန်က ဘဏ္ဍာရေးတာဝန်ခံ ဖြစ်ကာ ကိုမြတ်သူက စီမံကိန်း ညှိနှိုင်းရေးတာဝန်ခံ ဖြစ်ပါတယ်။
သူတို့သုံးဦးနဲ့ ပတ်သက်လို့ The Ants အဖွဲ့က သတင်းထုတ်ပြန်ထားတဲ့ လင့်ခ် – https://shorturl.at/n2KpK
The Ants အဖွဲ့ဟာ PDF တပ်ဖွဲ့ မဟုတ်ဘဲ ၂၀၂၃ ခုနှစ်မှာ လူငယ်တွေနဲ့ စတင်တည်ထောင်ထားတဲ့ ထားဝယ်ခရိုင် အခြေစိုက် စစ်ဘေးနဲ့ လူသားချင်းစာနာထောက်ထားရေး အကူအညီပေးရေးအဖွဲ့တစ်ခု ဖြစ်ပါတယ်။
စိစစ်တွေ့ရှိ သုံးသပ်ချက်
စစ်အာဏာရှင်တပ် စစ်ကြောင်းဟာ စစ်ဘေးရှောင်ကူညီရေးအဖွဲ့တစ်ခုက လူငယ်သုံးဦးနဲ့ ဒေသခံတစ်ဦး အသတ်ခံရတာကို PDF လေးဦးကို ဖမ်းမိပြီး စခန်းလိုက်ပြခိုင်းရာကနေ ထွက်ပြေးလို့ ပစ်သတ်လိုက်တယ်လို့ စစ်အုပ်စုဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေက ဖြန့်ချိပါတယ်။
ဒါပေမဲ့ ရုပ်အလောင်းတွေ ပြန်တွေ့ချိန်မှာ သေနတ်နဲ့ ပစ်သတ်ခံထားရတာမဟုတ်ဘဲ ဖမ်းဆီးချုပ်နှောင်ပြီးမှ နှိပ်စက်သတ်ဖြတ်ခံထားရတာကို တွေ့ရတယ်လို့ မျက်မြင်တွေ့သူတွေက အခိုင်အမာ ပြောဆိုကြပါတယ်။
ဒါ့အပြင် လူငယ်သုံးဦး ဟာ PDF တွေ မဟုတ်ဘဲ စစ်ဘေးရှောင်အရေးဆောင်ရွက်နေတဲ့ လူငယ်တွေဖြစ်တာကို စိစစ်တွေ့ရှိရပါတယ်။ ကျန်တစ်ဦးက ဘယ်သူဘယ်ဝါ အတည်မပြုနိုင်ပေမယ့် ပျောက်နေတဲ့ရွာသားတွေထဲကတစ်ဦး ဖြစ်နိုင်တယ်လို့ သုံးသပ်နိုင်ပါတယ်။
ဒါကြောင့် စစ်အုပ်စုရဲ့ ဖြန့်ချိချက်ဟာ စစ်အာဏာရှင်တပ်ရဲ့ အပြစ်ကိုဖုံးကွယ်နိုင်ဖို့ အချိန်ကိုက်သတင်းအမှား ဖြန့်ချိတာလို့ သုံးသပ်ရပါတယ်။
စာဖတ်သူတွေအနေနဲ့ သတင်းတု၊ သတင်းမှားတွေ၊ စစ်ဆေးပေးစေလိုတဲ့ သံသယဖြစ်ဖွယ် သတင်းအချက်အလက်တွေ ရှိလာရင်ဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ် မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ် Myanmar Fact-Checking Network နဲ့ Myanmar Fact-Checking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch ရဲ့ မက်ဆင်ဂျာကနေတစ်ဆင့် ဆက်သွယ်ပြီး အချက်အလက် စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။







