Tiktok ပေါ် မှာ တော်လှန်ရေးသမားအယောင်ဆောင်ထားတဲ့ ငွေလိမ်သူတွေ ရှိနေပါတယ်။ သတိမမူမိဘဲ ငွေလိမ်ခံရသူတွေလည်းရှိနေလည်း ရှိနေပါတယ်။
မြန်မာနိုင်ငံမှာ အင်တာနက်ကန့်သတ်မှုနဲ့ သတင်းအချက်အလက် ကန့်သတ်ပိတ်ပင်မှုတွေကြောင့် Facebook ၊ Youtube၊ Telegram၊ Instagram၊ Twitter(X) စတဲ့ လူမှုကွန်ရက်တွေဟာ Virtual Private Network (VPN) ကို ကြားခံပြီး ခက်ခက်ခဲခဲ အသုံးပြုနေကြရပါတယ်။ အဲဒီလူမှုကွန်ရက်တွေ အသုံးပြုသူတွေကို စစ်အုပ်စုက တောက်လျှောက် စောင့်ကြည့်ပြီး အမြင်မတူသူတွေကို ဖမ်းဆီးထောင်ချတာတွေလည်း လုပ်ခဲ့ပါတယ်။
ဒါပေမဲ့ Tiktok လူမှုကွန်ရက်ကတော့ အများအားဖြင့် VPN မလိုဘဲ အသုံးပြုလို့ရနေတယ်လို့ အသုံးပြုသူတွေဆီကနေ သိရပါတယ်။ စောင့်ကြည့်ဖမ်းဆီးမှုတွေကလည်း အခြားလူမှုကွန်ရက်တွေနဲ့ နှိုင်းစာရင် နည်းပါးပါတယ်။
၂၀၂၅ ခုနှစ်နှောင်းပိုင်း စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကာလမှာ တခြားလူမှုကွန်ရက်အသုံးပြုသူတွေကို စောင့်ကြည့် ဖမ်းဆီး တာ၊ သတင်းအချက်အလက် ပိတ်ပင်တာတွေကို ပိုမိုလုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမဲ့ Tiktok ကိုတော့ စစ်အုပ်စုနဲ့ ရွေးကောက်ပွဲဝင်တဲ့ ပါတီတွေကပါ မဲဆွယ်ပလက်ဖောင်းအဖြစ် တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့ပါတယ်။
အဲဒီလို အခြေအနေတွေကြောင့် ၂၀၂၆ ခုနှစ် နှစ်ဆန်းပိုင်းလောက်ကစပြီး လူမှုကွန်ရက်အသုံးပြုသူတွေ Tiktok ဘက်ကို ပိုမိုရောက်ရှိ လာကြသလို နဂိုကပင်လည်း Tiktok ပေါ် လူငယ်ထုက အုံနဲ့ကျင်းနဲ့ ရှိနေပါတယ်။
Tik tok ကိုလည်း လိမ်လည်သူတွေ ပစ်မှတ်ထားလာပါတယ်။ ငွေလိမ်သူတွေထဲ တော်လှန်ရေးသမား အယောင်ဆောင် လိမ်လည်အလှူခံတာတွေလည်း ရှိနေတယ်လို့ ကိုယ်တိုင်ကြုံရတဲ့သူတွေနဲ့ အဖွဲ့အစည်းတွေက ဆိုပါတယ်။
ဒါကြောင့် Tik tok ပလက်ဖောင်းမှာ တော်လှန်ရေးသမားအယောင်ဆောင်လိမ်လည်အလှူခံသူတွေကို ဘယ်လိုသတိထား ရှောင်ရှားရမလဲဆိုတာ Myanmar Fact-checking Network အဖွဲ့ဝင် Dawei Watch က အချက်အလက်စုစည်း ဖော်ပြလိုက်ပါတယ်။
ဘယ်လိုအယောင်ဆောင်သလဲ
Tiktok ပေါ် ရောက်လာတဲ့ တော်လှန်ရေးသမားအယောင်ဆောင် လိမ်လည်အလှူခံသူတွေဟာ ပုံရိပ်တစ်ခု ဖန်တီးလေ့ရှိကြပါတယ်။
ပုံရိပ်ဖန်တီးရာမှာ တော်လှန်ရေးတပ်ဖွဲ့တွေထဲ အမှန်တကယ်ရှိနေသူရဲ့ ဓာတ်ပုံနဲ့ လှုပ်ရှားသွားလာနေတဲ့ ပုံတွေကို ကူးယူပြီး အမည်ပြောင်းပြီး ဖန်တီးလေ့ရှိပါတယ်။ ရံဖန်ရံခါလည်း အမည်အစစ်ကို သုံးပြီး ပုံရိပ်အတု ဖန်တီးလေ့ ရှိပါတယ်။
လိမ်လည်သူတွေက ပစ်မှတ်ထား ပုံရိပ်ခိုးယူ ဟန်ဆောင်လေ့ရှိသူတွေက တော်လှန်ရေးတပ်ဖွဲ့ ရဲ့ တာဝန်ရှိသူတွေနဲ့ ဘဏ္ဍာရေးကဏ္ဍက ပုဂ္ဂိုလ်တွေဖြစ်ပါတယ်။
နမူနာအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တနင်္သာရီတိုင်းစစ်ဌာန၊ နည်းဗျူဟာ ၃၃ ရဲ့ နည်းဗျူဟာမှူး ရဲဘော်စော်ဒါးကို ဟန်ဆောင်ပြီး ထိုင်းနိုင်ငံအခြေစိုက် ထောက်ပို့အဖွဲ့တစ်ခုဆီက လိမ်လည်အလှူခံဖို့ Tiktok အကောင့်တစ်ခုက ကြိုးစားခဲ့တာကို သက်ဆိုင်ရာထောက်ပို့အဖွဲ့ကအသိပေးဖော်ပြဖူးပါတယ်။ အောက်ဖော်ပြပါလင့်ခ်မှာ ကြည့်ရှုနိုင်ပါတယ်။
လင့်ခ် – https://archive.ph/vvmdy
နောက်ထပ် နမူနာတစ်ခုအနေနဲ့ ထားဝယ်ခရိုင်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ် (TPLF) က ဘဏ္ဍာရေးတာဝန်ရှိတဲ့ ရဲမေတစ်ယောက်ရဲ့ ပုံတွေ အသုံးပြုပြီး Tiktok အကောင့်ဖွင့်ကာ လိမ်လည်ဖို့ကြိုးစားနေတာလည်း ရှိပါတယ်။
ကာယကံရှင်ရဲမေ ရဲ့ ပြန်လည်ဖြေရှင်းထားတဲ့လင့်ခ် – https://shorturl.at/87nfg
အထက်ပါ နမူနာနှစ်ခုစလုံးမှာ Tiktok ကတစ်ဆင့် အယောင်ဆောင်လိမ်လည်ဖို့ကြိုးပမ်းသူတွေဟာ အစစ်အမှန် ရှိသူတစ်ယောက်ရဲ့ ဟန်ပန်ကို တုပပြီး ပုံရိပ်အတုတစ်ခု ဖန်တီးခဲ့တာကို စိစစ်တွေ့ရှိရပါတယ်။
လိမ်လည်ခံရသူတွေရှိ
အထက်မှာဖော်ပြခဲ့တဲ့ နမူနာနှစ်ခုထဲက TPLF တပ်ဖွဲ့ရဲ့ ရဲမေ ဟန်ဆောင် လိမ်လည်တဲ့ မီးမီး နာမည်နဲ့ Tiktok အကောင့် မှာ အလိမ်ခံရသူတွေရှိတယ်လို့ ကာယကံရှင်ဖြစ်တဲ့ TPLF တပ်ဖွဲ့က ရဲဘော်ဂျက်မက ပြောပါတယ်။
“အခုဆို အလိမ်ခံနေရတဲ့သူတွေ အတော်များနေပါပြီ။ လှူကြ ကူကြတဲ့သူတွေထဲမှာ ကျွန်မလို့ ထင်ပြီး ကူပေးနေတဲ့ သူတွေရှိသလို တချို့ကလည်း အော် ဒီမှာလည်း လိုအပ်နေတာပဲဆိုပြီး တော်လှန်ရေးအတွက် အားဖြည့် ပေးကြမယ် ဆိုတဲ့စိတ်နဲ့ ကူပေးကြသူတွေရှိတယ်။ အဲဒီလူတွေအားလုံးက အလိမ်ခံနေရတာပါရှင့်” လို့ ရဲဘော်ဂျက်မက ဆိုပါတယ်။
ဟန်ဆောင်လိမ်လည်သူဟာ Tiktok အကောင့်တစ်ခုပြီး တစ်ခု ထပ်ခါထပ်ခါ ဖွင့်ပြီး လိမ်လည်ဖို့ ကြိုးစားနေတာလို့ သိရပါတယ်။
Tiktok အသုံးပြုတဲ့ ထောက်ပို့တချို့ဆီ အဓမ္မငွေအလှူခံတဲ့ပုံစံနဲ့ ပိုက်ဆံ လာတောင်းနေရာကနေ တပ်ဖွဲ့ဆီ လာအတည်ပြုတဲ့အချိန်မှ အကောင့်တုနဲ့ငွေလိမ်သူကို ဖြေရာခံမိတာလို့ ဆိုပါတယ်။
ရဲဘော်စောဒါးကို ဟန်ဆောင်လိမ်လည်တဲ့ Tiktok အကောင့်မှာတော့ ငွေ လာအလှူခံချိန်မှာ ဆက်သွယ်ခံရသူ ထောက်ပို့ တပ်ဖွဲ့က ကာယကံရှင် ရဲဘော်စောဒါးကို နဲ့ ချက်ချင်းဖုန်းခေါ် အတည်ပြုခဲ့တာကြောင့် ငွေလိမ်ခံရတာ မရှိဘူးလို့ သိရပါတယ်။
ဒါပေမဲ့ ရဲဘော်စောဒါးကို ဟန်ဆောင်ထားတဲ့ Tiktok အကောင့်နဲ့ TPLFက ရဲမေဂျက်မ ဟန်ဆောင်ထားတဲ့ ရဲဘော်မီးမီး ဆိုတဲ့ Tiktok အကောင့်တွေဟာ အခုအချိန်အထိ လူမှုကွန်ရက်မှာ ရှိနေပါတယ်။ သတိပြုနိုင်ဖို့ အောက်ပါပုံတွေမှာ ကြည့်နိုင်ပါ။


ဒီအကောင့်အတုတွေဟာ ငွေလိမ်တာတစ်ခုတည်းမဟုတ်ဘဲ ဓာတ်ပုံနဲ့ အကြောင်းအရာ အစုံကူးယူဖော်ပြနေ တာကြောင့် တော်လှန်ရေးပုံရိပ်လည်းထိခိုက်နိုင်ပါတယ်။
ဒါကြောင့် အကောင့်အတုအစစ် ကို ခွဲခြားနိုင်ဖို့ တပ်ရင်း၊ တပ်ဖွဲ့တွေအနေနဲ့လည်း တရားဝင်ထုတ်ပြန် အသိပေးတာတွေ လုပ်ဆောင်သင့်ပါတယ်။
အလိမ်မခံရအောင် ဘယ်လို သတိထားသင့်လဲ
ငွေလိမ်မခံရအောင်ဆိုရင် “မကူညီခင် အရင်စိစစ်” တဲ့ နည်းလမ်းက အထိရောက်ဆုံး နည်းလမ်းတစ်ခုဖြစ်တယ်လို့ အကြုံပြုချက်တွေ ရှိပါတယ်။
နည်းပညာပိုင်းကနေ အကောင့်အတု ၊ အစစ် ခွဲခြားဖို့ ခက်ခဲတာကြောင့် သက်ဆိုင်ရာ တော်လှန်ရေးအဖွဲ့၊ လူပုဂ္ဂိုလ်တွေ ကို ဆက်သွယ်အတည်ပြုဖို့ လိုတယ်လို့ ဒီဂျစ်တယ် လုံခြုံရေးလုပ်နေတဲ့ နွေဦးလုံခြုံရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
“TikTok ပေါ်က အကောင့်တုတွေကို မတားဆီးနိုင်တဲ့ အခြေအနေဖြစ်နေပါတယ်။ ဒါကြောင့် မကူခင် စစ်ဖို့နဲ့၊ ကိုယ်သုံး နေတုန်း အကောင့်တု တွေ့ရင် ချက်ချင်း သက်ဆိုင်တဲ့ သူ/ အဖွဲ့တွေကို သတိလာပေးကြဖို့ပဲ လုပ်လို့ရပါမယ်” လို့ နွေဦးလုံခြုံရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ် ။
ဒါကြောင့် ကိုယ့်ဆီကို Tiktok ကနေ တော်လှန်ရေးအတွက် ထောက်ပို့ဖို့ဆက်သွယ်လာပြီဆိုရင် သက်ဆိုင်ရာအဖွဲ့ ဒါမှမဟုတ် တပ်ရင်း၊ တပ်ဖွဲ့ တွေကို ဆက်သွယ်ပြီး ဟုတ်၊ မဟုတ် အတည်ပြုကြည့်တာလုပ်လို့ ရပါတယ်။
ဒီလိုလုပ်ပေးတာက ကိုယ်တိုင်အလိမ်ခံရတာကနေ လွတ်မြောက်နိုင်သလို တပ်ရင်း၊ တပ်ဖွဲ့ တွေကလည်း ကြိုတင်သိရှိတာမျိုးဖြစ်တာကြောင့် လိမ်လည်မှုတွေကို ကြိုတင်ဟန့်တားနိုင်မှာဖြစ်ပါတယ်။
လိမ်လည်သူတွေဟာ လူမှုကွန်ရက် ပလက်ဖောင်းအစုံမှာရှိပါတယ် ။
“တော်လှန်ရေးအယောင်ဆောင် ငွေလိမ်အလှူခံတာတွေ သတိပြုပါ” ဆိုတဲ့ ခေါင်းစဥ်နဲ့ Dawei Watch က အသိပေးဖော်ပြချက်တစ်ခု ဖော်ပြဖူးပါတယ်။ အောက်ဖော်ပြပါလင့်ခ်မှာ ဖတ်ရှုနိုင်ပါတယ်။
လင့်ခ် – https://shorturl.at/qUwXv
စာဖတ်သူတွေအနေနဲ့ သတင်းတု၊ သတင်းမှားတွေ၊ စစ်ဆေးပေးစေလိုတဲ့ သံသယဖြစ်ဖွယ် သတင်းအချက်အလက်တွေ ရှိလာရင်ဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ် မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ် ၊ လိမ်လည်မှု ၊အယောင်ဆောင်မှုတွေကို စိစစ်ချင်ရင်ဖြစ်ဖြစ် Myanmar Fact-Checking Network နဲ့ Myanmar Fact-Checking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch ရဲ့ မက်ဆင်ဂျာကနေတစ်ဆင့် ဆက်သွယ်ပြီး အချက်အလက် စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။







