ဂျီအော်ဂျီနာ ဟာ စီရော်နယ်ဒိုနဲ့ တရားဝင်လက်ထပ်ပြီး ရက်ပိုင်းအတွင်းမှာတင် စီရော်နယ်ဒိုရဲ့သားသမီး အကြီး ၃ ယောက်ကို တရားဝင်မွေးစားလိုက်တယ်လို့ ပေါ်တူဂီသတင်းမီဒီယာတွေက ရေးသားဖော်ပြလာခဲ့ပါတယ်။
အသက် ၄၁ နှစ်အရွယ် စီရော်နယ်ဒို ဟာ သူ့ရင်သွေးအကြီး ၃ ယောက်နဲ့ ပတ်သက်တဲ့ မိသားစုကိစ္စကို ထုတ်ဖော်ပြောကြားတာမျိုး မရှိသလို စီရော်နယ်ဒိုရဲ့မိသားစုဘက်ကလည်း လျှို့ဝှက်ထားပါတယ်။
“လောကမှာ အမေ ဘယ်သူဆိုတာကို သိမှပဲ ရှင်သန်ရပ်တည်လို့ ရမှာလား။ အခု ဒီကလေးတွေကို ခရစ္စတီယာနို က ပြည့်ပြည့်စုံစုံ ထားပေးနိုင်ပါတယ်။ သူတို့ရဲ့အနာဂတ်ကို အပြည့်အဝ တာဝန်ယူထားပါတယ်။ သူတို့ကို ဘယ်လိုပုံစံမျိုးနဲ့ ရခဲ့တာလဲ၊ သူတို့ရဲ့အမေတွေက ဘယ်သူတွေလဲဆိုတာကို သူတို့ သိဖို့ မလိုအပ်သလို မိသားစုဘက်ကလည်း ထုတ်ပြောမှာ မဟုတ်ပါဘူး”လို့ စီရော်နယ်ဒိုရဲ့အစ်မဖြစ်သူက ထုတ်ဖော်ပြောကြားခဲ့ဖူးပါတယ်။
အစောပိုင်းက အသက် ၁၆ နှစ်အရွယ် သားကြီးဖြစ်သူ ခရစ္စတီယာနို ဂျူနီယာ နဲ့ အသက် ၉ နှစ်အရွယ် အမွှာ မောင်နှမ အီဗာ မာရီယာ နဲ့ မက်တီယို (Mateo) တို့ကို စီရော်နယ်ဒိုကပဲ အုပ်ထိန်းခွင့် အပြည့်အဝ ရယူထားခဲ့တာပါ။
အခုတော့ စီရော်နယ်ဒိုရဲ့ဇနီး အသက် ၃၂ နှစ်အရွယ် ဂျီအော်ဂျီနာ က ဒီကလေး ၃ ယောက်ကို တရားဝင် မွေးစားလိုက်တဲ့အတွက် ကလေးတွေကို အုပ်ထိန်းခွင့်ဟာ သူမနဲ့လည်း သက်ဆိုင်သွားခဲ့ပြီဖြစ်ပါတယ်။
ဂျီအော်ဂျီနာ ဟာ မကြာသေးခင်ကပဲ အင်စတာဂရမ် လူမှုကွန်ရက်စာမျက်နှာထက်ဆီ Post တစ်ခု လွှင့်တင်ခဲ့ပြီး အဲ့ဒီ Post မှာ သူမက ခရစ္စတီယာနို ဂျူနီယာ ကို “ကျွန်မရဲ့သား”လို့ သုံးနှုန်းခေါ်ဆိုထားပါတယ်။
စီရော်နယ်ဒိုနဲ့ ဂျီအော်ဂျီနာတို့ဟာ အတူနေချစ်သူဘဝတုန်းက သမီးနှစ်ယောက် ထွန်းကားခဲ့ပြီး လက်ရှိမှာ သူနဲ့ စီရော်နယ်ဒိုတို့ရဲ့မိသားစုဘဝက သားသမီး ၅ ယောက်နဲ့အတူ ပြည့်စုံနေပါပြီလို့လည်း ဂျီအော်ဂျီနာက ပြောကြားထားပါတယ်။







