ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အာဆင်နယ်တိုက်စစ်မှူး မာတင်နယ်လ်လီနဲ့ အက်စတွန်ဗီလာတိုက်စစ်မှူး အိုလီ ဝတ်ကင်းစ် တို့ကို ခေါ်ဖို့ အယ်လ်ဟီလယ်လ် ကမ်းလှမ်း

August 24, 2026

ဆော်ဒီအာရေဗျကလပ် အယ်လ်ဟီလယ်လ်အသင်းဟာ အာဆင်နယ်တိုက်စစ်မှူး မာတင်နယ်လ်လီ နဲ့ အက်စတွန်ဗီလာ တိုက်စစ်မှူး အိုလီ ဝတ်ကင်းစ် တို့ကိုခေါ်ယူဖို့ ကမ်းလှမ်းလိုက်ပြီဖြစ်ပါတယ်။

မာတင်နယ်လ်လီ က တူရကီကလပ် ဂါလာတာစာရေးက ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၃၈ သန်းနဲ့ခေါ်ယူဖို့ ကမ်းလှမ်း ခဲ့ပေမယ့် ကစားသမားဖြစ်သူဘက်က ဂါလာတာစာရေးဆီကို ပြောင်းလိုစိတ် မရှိဘူးလို့ ငြင်းဆိုထားတဲ့အတွက် အပြောင်းအရွှေ့ အထမမြောက်ခဲ့ပါဘူး။

အယ်လ်ဟီလယ်လ်ဟာ မာတင်နယ်လ်လီကို မြင့်မားလှတဲ့ လုပ်ခလစာအကျိုးခံစားခွင့်တစ်ရပ်နဲ့ မက်လုံးပေး ဆွဲဆောင်နေပြီး ဝတ်ကင်းစ် အတွက် အယ်လ်ဟီလယ်လ်ဘက်က ကမ်းလှမ်းမှုဟာ စတုတ္ထအကြိမ်မြောက်ဖြစ်တယ်လို့ အက်စတွန်ဗီလာအသင်းတာဝန်ရှိသူတစ်ယောက်က ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။

အယ်လ်ဟီလယ်လ်ဟာ ဝတ်ကင်းစ်အတွက် ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၄၅ သန်းအထိ တိုးပေးထားပေမယ့် အက်စတွန်ဗီလာဘက်ကတော့ ငြင်းဆန်နေဆဲပဲဖြစ်ပါတယ်။

အယ်လ်ဟီလယ်လ်ဟာ တိုက်စစ်ကို အားဖြည့်ဖို့အတွက် ထိပ်တန်းအဆင့်ကစားသမားတစ်ယောက် ရှာဖွေနေပြီး ချယ်လ်ဆီးတိုက်စစ်မှူး နီတိုနဲ့ အဲဗာတန်တိုက်စစ်မှူး အန်ဒီယာယေးတို့ဟာလည်း အယ်လ်ဟီလယ်လ်ရဲ့ လျာထားစာရင်းထဲမှာ ပါဝင်လို့နေပါတယ်။

ချယ်လ်ဆီးဟာ နီတိုရဲ့ တန်ကြေးကို ပေါင်သန်း ၁၀၀ သတ်မှတ်တောင်းဆိုထားပြီး အန်ဒီယာယေးကတော့ အသင်း ပြောင်းချင်ပေမယ့် သူ့ရည်မှန်းချက်က ဥရောပချန်ပီယံလိဂ်ကစားခွင့်ရထားတဲ့ ပရီးမီးယားအသင်းတစ်သင်းဆီ ပြောင်းခွင့်ရရေးသာဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားထားပါတယ်။