ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဒိုင်တွေရဲ့ အငြင်းပွားဖွယ်ဆုံးဖြတ်ချက်တွေကြောင့် ကျော်စွာဝင်းနဲ့ စောမင်းမင်းတို့ ရှုံးပွဲကြုံရပြန်ပြီ

August 22, 2026

The Inner Circle 27 ရဲ့ခေါင်းစဉ်အောက်မှာ ပွဲထိုးခဲ့ရတဲ့ မြန်မာဖိုက်တာနှစ်ယောက်ကတော့ ရှုံးပွဲကိုယ်စီ ကြုံသွားခဲ့ရပါတယ်။

ကျော်စွာဝင်းနဲ့ စောမင်းမင်းတို့ ပြိုင်ဘက် ထိုင်းဖိုက်တာတွေကို အစီးအနေအထားကနေ ထိုးနိုင်ခဲ့ပေမယ့် အလဲမထိုးနိုင်ခဲ့လို့ အမှတ်ပေးဒိုင်လူကြီးတွေရဲ့အဆုံးအဖြတ်ကို ခံယူလိုက်ရချိန်မှာ အရှုံးရလဒ်တွေနဲ့ ရင်ဆိုင်သွားခဲ့ရတာဖြစ်ပါတယ်။

စောမင်းမင်း ဟာ အခုမတိုင်ခင် ရော့ဒ်လက်ပက်နဲ့ ထိုးခဲ့တဲ့ပွဲတုန်းကလည်း အမှတ်ပေးဒိုင်လူကြီးတွေရဲ့အငြင်းပွားစရာ ဆုံးဖြတ်ချက်ကြောင့် ရှုံးခဲ့ရသလို အခုပွဲမှာလည်း အမှတ်ပေးဒိုင်တွေကြောင့် အထိနာခဲ့ရပြန်ပါတယ်။

Short Notice နဲ့ အစားဝင်ထိုးခွင့်ရတဲ့ ရော့ဒ်ဖူပ ဟာ စောမင်းမင်း ကို ဖိအားပေးကစားနိုင်တာမျိုး လုံးဝ မရှိခဲ့ပါဘူး။ ပွဲချီ ၂ ချီကို အသာစီးကနေ ထိုးနိုင်ခဲ့ပြီးနောက် စောမင်းမင်း ဟာ နောက်ဆုံးပွဲချီကို ထိန်းကစားလိုက်တဲ့အချိန်ရောက်မှသာ ရော့ဒ်ဖူပ က အနည်းငယ် တန်ပြန်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ တစ်ယောက်ကို တစ်ယောက် အလဲမထိုးနိုင်လို့ အမှတ်ပေးဒိုင်လူကြီးတွေရဲ့အဆုံးအဖြတ်ကို ခံယူလိုက်ရချိန်မှာ အမှတ်ပေးဒိုင်လူကြီးအားလုံးက ရော့ဒ်ဖူပ ကို အနိုင်ပေးလိုက်တာကတော့ အံ့အားသင့်စရာပါပဲ။

ကျော်စွာဝင်းနဲ့ ကိုမာဝပ် တို့ ထိုးခဲ့တဲ့ပွဲမှာဆိုရင်လည်း ပထမပွဲချီမှာကတည်းက ကျော်စွာဝင်း ဟာ အသာစီးကနေ ထိုးနေခဲ့တာပါ။

ကိုမာဝပ် ကတော့ ပတ်ပြေးရင်း Counter ပြန်ကစားတာလောက်ပဲ ရှိခဲ့ပါတယ်။ ကျော်စွာဝင်းက တိုက်စစ်အရှိန်ကို မြင့်တင်လာရင် နှစ်ယောက်ပူးကပ်လုံးထွေးပြီး Tempo ပြန်လျှော့တာမျိုးကိုပဲ ကိုမာဝပ် က လုပ်နေခဲ့ရတာပါ။

ဒုတိယပွဲချီမှာ ကျော်စွာဝင်း မျက်ခုံးကွဲသွားပြီးတဲ့နောက် အချိန်ပိုင်းအနည်းငယ်လောက်ကိုပဲ ကိုမာဝပ် က ဖိထိုးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ကွဲနေတဲ့ကြားကနေ ကျော်စွာဝင်းက ပုံမှန်အတိုင်း ပြန်ကစားပြလာနိုင်တော့ တတိယအချီမှာ ကိုမာဝပ် က အောက်စည်းကို ပြန်ရောက်သွားခဲ့တာပါပဲ။

ဒါပေမဲ့ တစ်ယောက်ကို တစ်ယောက် အလဲမထိုးနိုင်ခဲ့လို့ အမှတ်ပေးဒိုင်လူကြီးတွေရဲ့အဆုံးအဖြတ်ကို ခံယူလိုက်ရချိန်မှာ အမှတ်ပေးဒိုင်လူကြီး နှစ်ယောက်က ကိုမာဝပ် ကို အနိုင်ပေးလိုက်တဲ့အတွက် ကိုမာဝပ် က Split Decision နဲ့ နိုင်ပွဲ ရသွားခဲ့ပြီး ကျော်စွာဝင်းကတော့ အသာစီးက ထိုးနိုင်ပါလျက်နဲ့ လက်မခံနိုင်စရာရှုံးပွဲကို ရင်ဆိုင်သွားခဲ့ရပါတယ်။

မြန်မာပရိသတ်တွေကတော့ ONE ဟာ ONE Championship မဟုတ်တော့ဘဲ Thai Championship ဖြစ်နေပြီလို့ ဝေဖန်နေကြပြီပဲဖြစ်ပါတယ်။