ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

တောင်ပိုင်းသားတွေရဲ့ ရေတံခွန် တမ်းချင်း

August 21, 2026

မိုးရာသီရောက်ရှိလာပြီဆိုရင် စိမ်းစိုနေတဲ့ တောင်တန်းတွေကြား သဘာဝရေတံခွန်တွေဆီ အုပ်စုလိုက် သွားရောက်အပန်းဖြေတာဟာ ကမ်းရိုးတန်းဒေသ တနင်္သာရီတိုင်းသားတွေရဲ့ နေထိုင်မှုဓလေ့တစ်ခုပါ။

နွေရာသီဆိုရင် ပင်လယ်ကမ်းခြေတွေဆီသွားပြီး လေကောင်းလေသန့်ရှူကြ၊ ရေကူးကြ၊ မိုးရာသီဆိုရင် တောင်ကျရေတံခွန်တွေဆီ သွားကြပြီး အပန်းဖြေကြနဲ့ ဒီလိုနဲ့ နေသားကျနေခဲ့တာပါ။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်ပိုင်းမှာတော့ ဒေသတွင်း မတည်ငြိမ်မှုတွေ၊ စစ်ကြောင်းထိုးတာတွေ၊ စစ်အာဏာရှင်တပ်ရဲ့ စစ်ဆေးရေးဂိတ်တွေ စတဲ့ ကန့်သတ်ချက်တွေကြောင့် ပြည်သူတွေရဲ့ ဘဝတွေက အရင်ကလို မလွတ်လပ်မလွယ်ကူတော့ဘဲ စိုးရိမ်ထိတ်လန့်မှုတွေနဲ့ ရှင်သန်နေကြရပါတယ်။

အဲဒီအပြင် စစ်မှုထမ်းဥပဒေကြောင့် ဖြစ်ပေါ်လာတဲ့ မလုံခြုံမှု၊ လူမှု၊ စီးပွား အထွေထွေအကျပ်အတည်းတွေအကြား လူငယ်အများအပြား ပြည်ပကို ထွက်ခွာသွားကြရပါတယ်။

ဒါပေမဲ့ အခုနောက်ပိုင်း မိုးရာသီမှာတော့ နေ့စဉ်ရင်ဆိုင်နေရတဲ့ မွန်းကျပ်မှုတွေ၊ စိတ်ဖိစီးမှုနဲ့ စိုးရိမ်သောကတွေကို ခေတ္တခဏ မေ့ဖျောက်ဖို့အတွက် အခက်အခဲနဲ့ စိန်ခေါ်မှုတွေကြားမှပဲ စစ်ဆေးရေးဂိတ်တွေကို ရှောင်ကွင်းဖြတ်သန်းပြီး ရေတံခွန်တွေဆီ ခြေဦးလှည့်လာကြတဲ့သူတွေ များပြားလာခဲ့ပါတယ်။

ပြည်ပရောက်ရှိနေကြတဲ့ တနင်္သာရီတိုင်းသားတွေကတော့ မိုးရာသီရောက်တိုင်း မွေးရပ်မြေက သဘာဝရေတံခွန်တွေမှာ ပျော်ရွှင်ခဲ့ရတဲ့ အတိတ်ကာလကို လွမ်းဆွတ်တမ်းတနေကြရပါတယ်။

လက်ရှိကာလ ဒေသခံတွေဟာ လုံခြုံရေးအရ ဘယ်လိုမျိုး စိန်ခေါ်မှု၊ စိုးရိမ်ပူပန်မှုတွေနဲ့ ရင်ဆိုင်ဖြတ်သန်းပြီး ရေတံခွန်တွေဆီ သွားနေရလဲ၊ အာဏာမသိမ်းမီကာလနဲ့ လက်ရှိအခြေအနေ ဘယ်လိုကွာခြားမှုတွေရှိလဲ၊ ပြည်ပရောက်ဒေသခံတွေကရော ဘယ်လို စိတ်ခံစားချက်ဖြစ်နေမလဲ ဆိုတာတွေကို ယခုတစ်ပတ် တနင်္သာရီပုံရိပ်အစီအစဉ်မှာ မေးမြန်းဖော်ပြလိုက်ပါတယ်။

“စစ်တပ်ဂိတ်တွေ ဖြတ်ရတယ်၊ PDF ဂိတ်တွေ ဖြတ်ရတယ်။ အဲဒီဂိတ်တွေ ဖြတ်ပြီး ခက်ခက်ခဲခဲ ရေတံခွန်တွေဆီ လာကြရတဲ့ အနေအထားရှိတယ်”

ထားဝယ်တက္ကသိုလ် ကျောင်းသူဟောင်းတစ်ဦး

DW ။ အခုနှစ် မိုးရာသီ ရေတံခွန်တွေ ရောက်ပြီးပြီလား။

ဖြေ ။ ကိုယ်အကြိုက်ဆုံး ရေတံခွန်တွေတော့ ထပ်ခါထပ်ခါ ရောက်ဖြစ်တယ်။ ရေတံခွန် ငါးခုလောက်တော့ ရောက်ပြီးပြီ။ ကိုယ်ကိုယ်တိုင်ကတော့ ၂၀၂၂ ခုနှစ်လောက်မှာ ရေတံခွန်တွေ ပြန်သွားဖြစ်လာတယ်။

DW ။ အခုနှစ်မှာရော ရေတံခွန်တွေ လူပြန်များလာတယ်၊ လူပြန်စည်လာတယ်လို့ ခံစားရသလား။

ဖြေ ။ အဲဒါက အခုနှစ်မှာ သိသိသာသာကို များလာတယ်။ အနည်းဆုံး ဒီဘက်ခြမ်းက တော်လှန်ရေးနယ်မြေလို ပြောလို့ရတယ်။ စစ်တပ်ဂိတ်တွေ ဖြတ်ရတယ်၊ PDF ဂိတ်တွေ ဖြတ်ရတယ်။ အဲဒီဂိတ်တွေ ဖြတ်ပြီး ခက်ခက်ခဲခဲ (ရေတံခွန်တွေဆီ) လာကြရတဲ့ အနေအထားရှိတယ်။ တနင်္ဂနွေနေ့ဆို လူတအားစည်တယ်။ ကလုံးထာရေတံခွန်ဆို သိတဲ့အတိုင်းပဲ ၄၀၆၊ ၄၀၇ (စစ်အာဏာရှင်တပ်) ကို ဖြတ်ပြီးမှ ဝင်ရတယ်လေ။ အဲဒီမှာက နယ်မြေအနေအထားအရဆို အဆင်မပြေဘူးပေါ့။ စစ်တပ်ဂိတ်ကို ဖြတ်ပြီး သွားနေရတယ်။ ၂၀၂၅ ခုနှစ်အထိ (ရေတံခွန်) သွားလာသူ အရမ်းနည်းတယ်။ အခုနှစ် များလာတာ၊ ဘာလို့လဲတော့ ပြောမတတ်ဘူး။

DW ။ ရေတံခွန်တွေ လူပြန်စည်လာတယ်ဆိုတော့ ကိုဗစ်မတိုင်မီက အနေအထားကိုရော မီလောက်လား။

ဖြေ ။ အဲဒီအနေအထားတွေနဲ့တော့ ယှဉ်မရဘူးပေါ့။ ကျောင်းတွေ (တက္ကသိုလ်၊ ကောလိပ်) ဖွင့်ထားတော့ ဘယ်ရေတံခွန်မဆို အမြဲစည်နေတယ်လေ။ ကျောင်းသားတွေရော ကျန်လူငယ်တွေရောပေါ့။ အဲဒီအနေအထားကိုတော့ လုံးဝမမီဘူး။ အဲဒီတုန်းကတော့ ဘယ်လိုပြောပြော စည်နေတာလေ။ အခုကတော့ လူငယ်ဦးရေလည်း နည်းတယ်လေ။ အရင်အခြေအနေနဲ့တော့ ယှဉ်မရဘူး။

DW ။ မိုးရာသီရယ်၊ ထားဝယ်သူ/ထားဝယ်သားတွေရယ်၊ ရေတံခွန်တွေရယ်ကြားက ဆက်စပ်မှုဆို ဘယ်လိုပြောလို့ရနိုင်လဲ။

ဖြေ ။ မိုးရာသီ မိုးဘယ်လောက်ရွာရွာ ရေတံခွန်သွားချင်လာတဲ့အခါ လမ်းခရီးဘယ်လောက် ခက်ခက်ခဲခဲ သွားလိုက်ကြတာပဲ။ ဒါပေမဲ့ တချို့က (ရေတံခွန်သွားရတာ) မကြိုက်တဲ့လူ မကြိုက်ဘူးနော်။

DW ။ တက္ကသိုလ်ကျောင်းသူဘဝက အမှတ်ရဆုံး ရေတံခွန်ခရီးစဉ်တွေ ရှိခဲ့လား။

ဖြေ ။ အမှတ်ရဆုံးကတော့ ဆင်ကိုးရပ် (ရေဖြူမြို့နယ်၊ ကံပေါက်ဒေသမှ ရေတံခွန်) ပဲ။ သူငယ်ချင်းတွေ တစ်အုပ်လုံး သွားကြတယ်။ ပြီးတော့ အသက်အန္တရာယ်ကြားက သွားရတယ်။ (ရေချောင်းထဲ) ကြိုးတန်းနဲ့ ဝါးလုံးနဲ့ ရေကိုဖြတ်ပြီး သွားရတယ်။ ဆင်ကိုးရပ်မှာက ရေစီးအရမ်းကြမ်းတယ်လေ။ ကိုယ့်ရဲ့ အရင်းနှီးဆုံး သူငယ်ချင်းတွေနဲ့ သွားရတဲ့အချိန်၊ အသက်ကလည်း ငယ်သေးတယ်၊ ဘာပဲပြောပြော ဘာလုပ်လုပ် ပျော်နေခဲ့တဲ့ အရွယ်ဖြစ်နေတာကိုး။ အခုလောက်လည်း စိတ်ဖိစီးမှု မများဘူးလေ။ အဲဒီတုန်းက အပျော်ဆုံးဆိုရင်တော့ ဆင်ကိုးရပ်ကို သွားခဲ့ရတာ မိုက်တယ်။ ဘာလို့လဲဆိုတော့ ထားဝယ်မြို့ကနေ စထွက်ပြီဆိုတာနဲ့ လမ်းလည်းကောင်းတယ်။ မိုးရာသီဆိုတော့ သိတဲ့အတိုင်းပဲ လမ်းနံဘေးက လယ်ကွင်းတွေက စိမ်းစိမ်းစိုစိုနဲ့ တောင်တန်းတွေရဲ့အလှကို အပြည့်အဝ ခံစားရတယ်။ ရေတံခွန်သွားတဲ့အချိန် ဒါတွေ ကြည့်နေရတာက လမ်းတစ်လျှောက်ဖြတ်ရတဲ့ ဖီလင် (ခံစားချက်) ကကို ပျော်နေပြီ။ ကိုယ်သွားချင်တဲ့ ရေတံခွန် သွားရတာတော့ ပိုပျော်စရာကောင်းတာပေါ့။ အခုထိ ပြန်တွေးတာတောင် မျက်လုံးထဲမှာ ပြန်မြင်နေတုန်းပဲ၊ ဆင်ကိုးရပ်ကို သွားခဲ့တဲ့ ခရီးစဉ်ပေါ့။

အဲဒီတုန်းကတော့ ကိုယ်က ကျောင်းသူတစ်ယောက် ဖြစ်တယ်၊ စိတ်ဖိစီးမှုဆိုတာကလည်း နည်းတယ်။ အလုပ်လုပ်နေရတဲ့ အချိန်လည်း မဟုတ်သေးဘူး။ ကိုယ့်သူငယ်ချင်းတွေနဲ့ တွေ့နေ၊ ဆုံနေ၊ သွားနေ၊ လာနေရတာကို ပျော်နေတာ။ အခုနဲ့ လုံးဝမတူဘူး။ (အဲဒီတုန်းက) ရေတံခွန်သွားတာက ပျော်လို့သွားတယ်။ အခု ရေတံခွန်သွားတာက ကိုယ့်မှာ စိတ်ပင်ပန်းနေတာတွေ၊ မွန်းကျပ်စရာတွေ များလို့ ခဏတာ သွားအနားယူတယ်ဆိုတဲ့ စိတ်နဲ့ သွားတာလေ။ အဲဒီတော့ လုံးဝမတူဘူးပေါ့။ အသက်ကြီးလာတော့ ကိုယ့်ရဲ့ စိတ်ညစ်ပင်ပန်းစရာတွေ ဆေးကြောဖို့သွားတာ၊ အရင်ကတော့ ပျော်လွန်းလို့ကို သွားတာ။ မတူဘူးပေါ့။

DW ။ ရေတံခွန်အနားမှာ စားသောက်ဆိုင်တွေရော ပြန်ရှိလာလား။

ဖြေ ။ အခု အရှေ့တောမှာဆို ဗဲ့မတက် (ရေတံခွန်) လည်း နာမည်ကြီးတယ်၊ သင်္ကန်းတုံးရေတံခွန်လည်း နာမည်ကြီးတယ်။ အရင်က (၂၀၂၅ မတိုင်မီ) ရေတံခွန်သွားရင် တိတ်ဆိတ်နေတာပဲ၊ အခုက ဘယ်အချိန်သွားသွား စည်နေတယ်။ ထူးခြားတာက အရင်က (ကိုဗစ်မတိုင်မီက) သင်္ကန်းတုံးရေတံခွန်မှာဆို အသုပ်တွေ၊ စားစရာတွေ ရောင်းနေတဲ့ ဆိုင်တန်းလေး ရှိခဲ့တယ်မလား။ အခုလည်း အဲဒီလို မုန့်ဆိုင်တွေ ပြန်များလာတယ်။ အသုပ်တွေ၊ အကင်တွေ ရောင်းကြတယ်။ အခုနှစ်မှာ ထူးထူးခြားခြားက ဆိုင်တန်းလေးတွေ ပြန်ဖြစ်လာတယ်။ ဗဲ့မတက်ကို သွားတဲ့လမ်းမှာလည်း မုန့်ဆိုင်ကလေးတွေ ဖြစ်သွားပြီ။

DW ။ ရေတံခွန်တွေ လူပြန်စည်လာတာနဲ့ ပတ်သက်ပြီး ဘယ်လိုမြင်လဲ။

ဖြေ ။ အခု နိုင်ငံထဲမှာရှိတဲ့ လူငယ်တွေမှာလည်း သူတို့ အသက်အရွယ်တွေနဲ့ မျှတဲ့ စိတ်ဖိစီးမှုတွေ ရှိတယ်။ မွန်းကျပ်စရာတွေ၊ အခက်အခဲတွေ ရှိတယ်။ ထားဝယ်မြို့ပေါ်မှာ နေတယ်လို့ ပြောပေမဲ့ သူတို့ရဲ့ မလုံခြုံမှုတွေလည်း ရှိတယ်။ စစ်မှုထမ်းလို့ ပြောလိုက်တာနဲ့ အမျိုးသားရော အမျိုးသမီးရောက စိုးရိမ်ရတဲ့ အနေအထားမှာ ရှိနေတယ်။ အဲဒီလိုဆိုတော့ မြို့ပြရဲ့ အပြင်ဘက် ကိုယ့်ဒေသရဲ့ အလှတွေ၊ သဘာဝတွေကို အပြည့်အဝ ခံစားခွင့်ရှိတယ်လို့ ယူဆတယ်။ လွတ်လွတ်လပ်လပ်လည်း သွားခွင့်ပေးစေချင်တယ်။

DW ။ ရေတံခွန် သွားလာကြတဲ့ ညီငယ်၊ ညီမငယ်တွေအတွက်ရော ဘာတွေ ဆောင်ရန်၊ ရှောင်ရန် ရှိမလဲ မျှဝေပေးပါဦး။

ဖြေ ။ ရေတံခွန်တွေမှာ တိတ်ဆိတ်နေပြီး လူတစ်ယောက်စ၊ နှစ်ယောက်စလောက်ပဲ ရှိနေရင် ရေတကယ်မကူးတတ်ဘဲ စမ်းသပ်ပြီး ရေကူးတာမျိုးတွေ မလုပ်စေချင်ဘူး။ ရေကူးတတ်ရင်တောင်မှ ရေတံခွန်ရဲ့ သဘောတရားတွေ မသိရင် မကူးစေချင်ဘူး။ ပခပ်ရေတံခွန်တွေလိုမျိုးဆို အန္တရာယ်ရှိတယ်၊ သူ့မှာက ရေဝဲတွေ ရှိတယ်။ ကလုံးထာမှာလည်း အဲဒီလို အန္တရာယ်ရှိတယ်၊ ရေစီးသန်တယ်။ စမ်းသပ်ရင်းနဲ့ အပျော်ကနေ အပျက်မဖြစ်စေချင်ဘူး။ သူတို့ (မြို့ပေါ်က လူငယ်တွေ) က ခေတ်ကာလအနေအထားကိုလည်း သိပြီးသားဆိုတော့ အန္တရာယ်ကိုလည်း သိမယ်ထင်ပါတယ်။ တချို့အရာတွေ အကျယ်ကြီး မပြောတာ ကောင်းပါတယ်။ ကိုယ့်အတွက် အန္တရာယ်ဖြစ်စေမယ့် အရာတွေကိုတော့ ဆင်ခြင်ဖို့ လိုတယ်ပေါ့။

“စစ်အာဏာရှင်တပ် စစ်ဆေးရေးဂိတ်တွေကို ရှောင်ကွင်းသွားနေရတယ်”

သရက်ချောင်းမြို့နယ် သင်းကျွန်းကျေးရွာက အသက်နှစ်ဆယ်ကျော် လူငယ်အမျိုးသမီး

DW ။ အခု အာဏာသိမ်းထားတဲ့ ကာလမှာ ညီမတို့ ရေတံခွန်တွေဘာတွေ သွားကြသေးလား။ အရင်ကနဲ့ အခု သွားရတဲ့ အခြေအနေ ဘယ်လိုရှိလဲပေါ့နော်။

ဖြေ ။ ခေတ်ကောင်းတုန်းကလား၊ ခေတ်ကောင်းတုန်းက ၂၀၂၂ တွေ အဲဒီတုန်းကတော့ သွားတယ်။

DW ။ ဒီ အာဏာမသိမ်းခင် ကာလတုန်းကရော သွားကြလား။

ဖြေ ။ သွားတယ်၊ အိုး… တအားကို သွားတာ။ ရေဖြူတွေ၊ လောင်းလုံးတွေထိကို သွားတယ်။ နတ်သမီးရေတံခွန်တွေကို သွားတယ်။ အစုံသွားတယ်။ ဟိုအောက်ဘက်ကိုဆိုလည်း ဆိုင်ကယ်တစ်စီးနဲ့ လျှောက်သွားနေတာပဲ။

DW ။ အာဏာမသိမ်းခင်တုန်းကတော့ သူငယ်ချင်းတွေနဲ့ အုပ်စုလိုက် အုပ်စုလိုက် သွားကြတာပေါ့နော်။

ဖြေ ။ သူငယ်ချင်းတွေနဲ့ အုပ်စုလိုက် အုပ်စုလိုက် သွားကြတယ်။ တအားစည်တယ်။ ဆိုင်ကယ်နဲ့ ၅ စီး၊ ၆ စီး ရှိတယ်။ အစုံပဲ၊ ကျောင်းနေဖက် သူငယ်ချင်းတွေလည်း ပါတယ်။ အစတုန်းက ဘော်ဒါမှာ နေတော့ ရွာစုံပဲရှင်။ ဟုတ်တယ်၊ ချိန်းပြီး သွားကြတယ်။ အခုနောက်ပိုင်းက ချိန်းဖို့လည်း မရှိတော့ဘူး၊ သူငယ်ချင်းတွေလည်း မရှိတော့ဘူး။ အခုနောက်ပိုင်း သူငယ်ချင်းတွေကလည်း ထိုင်းနိုင်ငံ ရောက်သွားပြီဆိုတော့ မရှိတော့ဘူး။ အဲဒါကြောင့်လည်း မသွားဖြစ်တော့ဘူး။

DW ။ အရင်က ရေတံခွန်ကို သွားတယ်ဆိုရင် ဘယ်အချိန်လောက်တည်းက သွားကြလဲ။

ဖြေ ။ နည်းနည်း ဝေးဝေးဆိုရင်တော့ စောစော သွားကြတယ်။ ရေဖြူဘက်ကိုဆိုရင် မနက် ၈ နာရီလောက်တည်းက သွားကြတယ်။ သရက်ချောင်းထဲမှာပဲဆိုရင်တော့ မွန်းတည့်ပိုင်းလောက် သွား၊ ၂ နာရီလောက် နေပြီးရင် ပြန်တက်လာကြတယ်။

DW ။ မနှစ်က ညီမတို့ ရေတံခွန် သွားဖြစ်တုန်းက သူငယ်ချင်းတွေ စုတော့ ဘယ်လောက်ရလဲ။

ဖြေ ။ သူငယ်ချင်းတွေကတော့ အရွယ်စုံပဲ၊ ကိုယ့်ရွာက သူငယ်ချင်းတွေနဲ့ပဲ။ ရွာမှာ ရှိတာနဲ့ပဲ ညီမတွေ၊ အစ်မတွေနဲ့ပဲ သွားတယ်။ ဒီကနေပဲ ဟိုဟာဝယ်သွား ဒီဟာဝယ်သွား မုန့်တွေ ယူသွားကြတယ်။ ဟုတ်တယ်၊ ညနေဆို ၅ နာရီလောက်မှ ပြန်ရောက်ကြတယ် ရေဖြူသွားတုန်းကဆို။

DW ။ သူငယ်ချင်းတွေကရော သွားမယ်ဟေ့ဆို ပြောလိုက်တာနဲ့ သူတို့ရော သွားချင်စိတ် ရှိလား၊ ညှိလို့ရလား၊ သွားဖြစ်လားပေါ့။

ဖြေ ။ သူငယ်ချင်းတွေကတော့ ခေါ်တာနဲ့ကို သွားမယ်ဆို ပြောတယ်။ အရင်တုန်းကပေါ့နော်။ အခုဆိုရင် ခေါ်လည်းလေ မလိုက်ကြတော့ဘူး။ အိမ်က မထည့်လိုက်တာကြောင့် ဆိုတာမျိုး။ အစတုန်းက မထည့်လိုက်လည်း ခိုးပြီး သွားကြတယ်၊ အုပ်စုလိုက် အုပ်စုလိုက်ပဲ။ မုန့်ဝယ်စားဖို့ဆို လိမ်ပြီးတော့။ အခုနောက်ပိုင်းကတော့ ကြာအင်းရွာနဲ့ ကြက်စားပြင်ရွာဘက်ပဲ သွားဖြစ်တယ်။

DW ။ အရင်ကတုန်းက ဘယ်လိုရေတံခွန်တွေ သွားကြလဲ။

ဖြေ ။ နတ်သမီးရေတံခွန် ရောက်ဖူးတယ်။ တောကျဲကတော့ မိဘတွေနဲ့ သွားတာ။ အခုနောက်ပိုင်းဆို နီးနီးနားနားမှာ ရှိတဲ့ ကြာအင်းရွာ၊ ကြက်စားပြင်ရွာက ရေတံခွန်တွေပဲ သွားတယ်။ အဲဒီထဲမှာ ရေတံခွန် ရှိတယ်။ သိမ်းကုန်းတို့ သရက်ချောင်းရေတံခွန်တွေ ဘက်ဆို စဉ်းတောင် မစဉ်းစားဘူး။

DW ။ မနှစ်က သရက်ချောင်းရေတံခွန်ကို သွားခဲ့တာဆိုတော့ အဲဒီတုန်းက အခြေအနေက ဘယ်လိုရှိလဲ။ သရက်နှစ်ခွ စစ်ဆေးရေးဂိတ် ရှိမယ်လေ။

ဖြေ ။ ဘာမှတော့ မဖြစ်ဘူး။ ဥတ္တူလမ်းကနေ ပတ်ပြီး သွားကြတယ်။ အဲဒီဂိတ်ကို မကျော်ရဘူး၊ ဥတ္တူလမ်းက ပတ်ပြီး သွားတယ်ဆိုတော့။ အရင်က လမ်းတည့်တည့် သွားလို့ရတဲ့ အနေအထားကနေ အခုဆို ပတ်ပြီး ရှောင်ကွင်းသွားနေရတယ်။

DW ။ အာဏာမသိမ်းခင်တုန်းက ရေတံခွန်သွားပြီး ပျော်ရတဲ့ အခြေအနေနဲ့ အခု အာဏာသိမ်းကာလမှာ သွားရတဲ့ အခြေအနေ၊ စိတ်ခံစားချက်က ဘယ်လိုရှိလဲ၊ ဘယ်လို ကွာခြားသွားလဲ။

ဖြေ ။ အဲဒီလို စိတ်ပူစရာတွေတော့ ရှိတယ်ပေါ့။ အရင်တုန်းကာလက ကိုယ့်သူငယ်ချင်းတွေ အများကြီးနဲ့ အုပ်အုပ်သဲသဲ စည်းစည်းလုံးလုံး သွားရတယ်။ ကိုယ်နဲ့ Level တူ သူငယ်ချင်းတွေနဲ့ သွားရတာ ပိုပြီး အဆင်ပြေတယ်၊ ပျော်ရွှင်မှုကလည်း တစ်ပုံကြီး ရတယ်။ အခုနောက်ပိုင်းမှာ သူငယ်ချင်းတွေလည်း မရှိတော့ဘူး။ ရွာမှာ ရှိတဲ့သူငယ်ချင်းတွေဆိုတာကလည်း ကျမတို့ထက် ၂ နှစ် ငယ်တာလည်း ရှိမယ်၊ ၃ နှစ် ငယ်တာလည်း ရှိမယ်၊ ၈ နှစ် ၁၀ နှစ် ငယ်တာလောက်ထိကို ရှိတယ်။ အဲဒီလိုဆို ပေါင်းရတာလည်း အဆင်မပြေဘူး။ ပြောရမယ်ဆိုရင် ကိုယ့်သူငယ်ချင်းတွေနဲ့ကိုယ် မဟုတ်တော့ဘူးပေါ့လေ။ ပျော်စရာ မကောင်းတော့ဘူး။ အရင်အချိန်တွေကို အမြဲတမ်း တမ်းတတယ်၊ ၂၀၁၉ လောက်က အချိန်တွေကို။ သွားတော့ သွားတာပဲ အရင်လို အငွေ့အသက် မရတော့ဘူး။ အဲဒါကြောင့် မသွားချင်ဘူး။ စကားပြော၊ စားကြရင်လည်း ၂၀၁၉ တုန်းကဆိုရင်လေ ဆိုပြီး ပြန်တမ်းတတာပေါ့။ ကျွန်မတို့ပဲ နည်းနည်း ပျော်ခွင့်ရှိသေးတယ်။ ၂၀၁၉ တုန်းကဆို ကျွန်မတို့က အသက် ၁၆-၁၇ အရွယ်လေးတွေ၊ အဲဒီအချိန်တုန်းက ပျော်စရာကောင်းတယ်။ ခေတ်ကလည်းကောင်း၊ ကြိုက်သလို သဘောရှိသွား၊ အိမ်က (ငယ်သေးလို့)မလွှတ်တာတစ်ခုပဲ ရှိတယ်။

“သဗျာရေတံခွန်ဆို မသွားရဲဘူးလေ။ အဲနားမှာ စစ်ကြောင်းခဏခဏထိုးနေတာလေ”

ဒေသခံလူငယ်တစ်ဦး လောင်းလုံးမြို့နယ်

DW ။ ဒီနှစ် လောင်းလုံးမြို့နယ်ဘက်မှာ ရေတံခွန်တွေရဲ့အခြေအနေ ဘယ်လိုရှိလဲဆိုတာ အရင်ဆုံးပြောပြပေးပါ။

ဖြေ ။ ဒီနှစ်ကတော့ ရေတံခွန်တွေကို လာလည်တဲ့သူတွေ ပိုများလာတယ်။ ထားဝယ်ကနေတောင် ကားတွေနဲ့လာကြတာတွေရှိတယ်။ တနင်္ဂနွေနေ့နဲ့ ဥပုသ်နေ့ကတော့ လူအများဆုံးပဲ။ တောကျဲ(ရေတံခွန်)မှာဆို ရေကူးမယ့်နေရာတောင်မရှိတော့ဘူး။ လူများလွန်းအားကြီးလို့။ ဈေးဆိုင်ရှင်တွေဆိုလည်း တော်တော်ဝမ်းသာနေကြတယ်။ ဒီနှစ်မှ ရောင်းကြရလို့လေ။ ရေတံခွန်တွေ ပြန်စည်လာတာကို ကျေးဇူးတင်နေကြတယ်။

DW ။ လောင်းလုံးဘက်မှာ ဒီနှစ်မှ ရေတံခွန်တွေဆီလာလည်သူတွေများလာတာပေါ့။ အရင်နှစ်တွေက ဘယ်လို အခြေအနေရှိလဲ။

ဖြေ ။ အရင်နှစ်တွေတုန်းကလည်း လာလည်တဲ့သူတွေတော့ရှိပါတယ်။ နည်းတယ်။ လူတွေမလာတော့ ဈေးဆိုင်တွေလည်း မရောင်းကြဘူးလေ။ တစ်ရက်လုံးနေမှ လူဆယ်ယောက်လောက်ပဲလာကြတာကိုး။ လာတဲ့သူတွေကလည်း ရွာနားကလူတွေလောက်ပဲရှိတာ။ ရွာနားကလူတွေတောင် လူတိုင်းမလာကြဘူး။ ရေတံခွန်ပိတ်ထားလို့လည်းပါမှာပေါ့။ မနှစ်ကအထိ ဒီဘက်မှာ ရေတံခွန်တွေကို သွားလို့မရကြသေးဘူးလေ။ ဒီနှစ်ကတော့ တောကျဲ(ရေတံခွန်) မှာဆိုရင် ရေကူးလို့ရအောင် လုပ်ပေးထားတယ်။ ရေကန်ကိုလည်း သန့်ရှင်းရေးတွေ ဘာတွေလုပ်ပေးထားတယ်လို့ ကြားတယ်။ ဖွင့်ပေးလိုက်တယ်လို့ ပြောရမှာပေါ့။

DW ။ ကိုယ်တိုင်ရော ရေတံခွန်တွေဆီ ဘယ်နှစ်ခေါက်သွားပြီးပြီလဲ။ ဘယ်ရေတံခွန်တွေ ရောက်ပြီးပြီလဲ။

ဖြေ ။ သူများနားကရေတံခွန်တွေတော့ မသွားဖြစ်ဘူး။ ဒီနားက ရေတံခွန်တွေဆီပဲ သွားဖြစ်တယ်။ အများဆုံးရောက်တာကတော့ တောကျဲပေါ့။ ကျောက်တန်း(ရေတံခွန်) လည်းရောက်တယ်၊ နာမည်မရှိသေးတဲ့ ရေတံခွန်အငယ်လေးတွေဆီလည်း သွားတယ်။ အပတ်တိုင်းသွားတယ်။ ဘာမှအလုပ်မရှိတော့ ဒီအတိုင်း လျှောက်သွားနေတာပေါ့။

DW ။ ရေတံခွန်တွေ လျှောက်သွားနေတာဆိုတော့ အာဏာမသိမ်းခင်က အခြေအနေနဲ့ အခုအခြေအနေ ဘာတွေကွာခြားတာတွေ တွေ့ရလဲ။

ဖြေ။ အဓိကကတော့ စစ်ကြောင်းထိုးတာပေါ့။ လူတွေတောကျဲရေတံခွန်လာများတယ်ဆိုတာကလည်း စစ်ကြောင်းထိုးတာက တောကျဲဘက်မှာ သိပ်မရှိတော့လို့လည်းဖြစ်မယ်ထင်တယ်။ (လောင်းလုံးမြို့အနီးက) သဗျာရေတံခွန်ဆို မသွားရဲဘူးလေ။ အဲနားမှာ စစ်ကြောင်းခဏခဏထိုးနေတာလေ။ ဂေါ့အင်းရွာ(ကျောက်တန်းရေတံခွန်)ကိုလည်း စစ်ကြောင်းထိုးတာရှိလို့ အမြဲမရောက်ဖြစ်ဘူး။ တော်ကြာ ရေတံခွန်သွားရင်း ဖမ်းခံရရင် သေပြီ။

DW ။ အခုလိုမျိုး လုံခြုံမှုမရှိတဲ့ အခြေအနေတစ်ခုမှာ ရေတံခွန်တွေသွားဖြစ်တာကရော ဘာကြောင့်လဲ။

ဖြေ ။ သွားဖြစ်ရင်တော့ အရင်ဆုံး သတင်းတွေဘာတွေမေးမြန်းပြီး အေးဆေးတယ်ဆိုမှသွားဖြစ်တာများတယ်။ ဒီအတိုင်းကြီးဆိုရင်တော့ မသွားရဲဘူး။ အဓိကကတော့ ရေတံခွန်ရောက်သွားရင် သူငယ်ချင်းတွေနဲ့ စနောက်နေရင်းနဲ့ စိတ်ညစ်စရာတွေ ခဏမေ့သွားတယ်။ ရေအေးအေးလေးချိုးလိုက်ရရင် စိတ်လက်ပေါ့ပါးကုန်တယ်။ သူများတွေ ပျော်နေတာ၊ စားနေသောက်နေတာ ကြည့်ပြီး ကိုယ်လည်းပျော်လာတယ်။ လူငယ်ဘဝကတည်းက စိတ်ညစ်စရာတွေနဲ့ မဖြတ်သန်းချင်ဘူး။ အဓိကကတော့လေ။

DW ။ အခုချိန် ရေတံခွန်တွေသွားရတာ လုံခြုံရေးအခြေအနေတွေ စသဖြင့်ပေါ့လေ စိန်ခေါ်မှုတွေ၊ စိုးရိမ်တာတွေရော ရှိလား။

ဖြေ ။ ခုနကပြောသလိုပဲ သူများနားက ရေတံခွန်တွေမသွားဖြစ်ဘူးဆိုတာက အဲဒါတွေကြောင့်လည်းပါတယ်။ လမ်းမှာ တစ်ခုခုဖြစ်မလားဆိုတဲ့ စိုးရိမ်တာပေါ့နော်။ ကိုယ့်နားက ရေတံခွန်တွေသွားရင်တောင် အဲလိုစိုးရိမ်တာတွေရှိတယ်။ ဘာကိုစိုးရိမ်တာလဲဆိုတော့ လူငယ်တွေ ကိုယ့်အချင်းချင်း ရန်ဖြစ်လာမှာကို စိုးရိမ်တယ်။ ရန်ဖြစ်ရင် အရင်တုန်းကတော့ တုတ်တွေ၊ ဓားတွေနဲ့ပဲဖြစ်ကြတာ။ အခုက သေနတ်တွေနဲ့ ပစ်တာခတ်တာတွေဖြစ်လာမှာကို စိတ်ပူတာ။ ပြီးတော့ ရေတံခွန်ကိုလာတဲ့သူတွေက ဘယ်သူတွေလဲဆိုတာ မသိဘူးလေ။ (ထားဝယ်မြို့ပေါ်ကနေရောက်လာတဲ့) ပြည်သူ့စစ်တွေလည်းရှိတယ်လို့ ပြောသံကြားတယ်။ စကားပြောရင်တောင်မှ ဆင်ခြင်ပြီး ပြောနေရတာရှိတယ်။ နိုင်ငံရေးအကြောင်းတွေဆို အဲမှာမပြောရဲဘူး။ အဲဒီလိုမျိုးတွေတော့ရှိတယ်။

“အွန်လိုင်းပေါ်ကို ရေတံခွန်ဓာတ်ပုံတွေ တက်လာတာနဲ့ မနေနိုင်ဘူး၊ သွားချင်နေပြီ”

ကော့စမွေကျွန်းရောက် အောက်ရေဖြူ ဒေသခံတစ်ဦး

DW ။ ထားဝယ်သားတွေ ရေတံခွန်ရာသီဆို အရင်က ဘယ်လိုမျိုး သွားလည်ခဲ့ကြလဲ။

ဖြေ ။ ကျွန်တော်တို့ကတော့ အလုပ်နဲ့ ပိတ်ရက်နဲ့ ဥပုသ်နေ့ အဖိတ်နေ့တွေ ချိန်ပြီးတော့ သွားလေ့ရှိတယ်။ နောက် အားတဲ့အချိန် သူငယ်ချင်းတွေ ဆုံလိုက်ပြီဆိုတာနဲ့ ရေတံခွန်တစ်ခေါက်ဆိုပြီး သွားဖြစ်ကြတယ်။ အနည်းဆုံးကတော့ တစ်ပတ်တစ်ခေါက်လောက်တော့ ပုံမှန်ပဲ။ အပျော်သွားတာဆိုတော့ စားစရာရှိတာ စားကြပြီး အကုန်ပျော်ပျော်ပါးပါး သွားခဲ့ကြတာပေါ့။

DW ။ လက်ရှိအချိန်မှာရော ရေတံခွန်ရာသီရောက်နေပြီဆိုတော့ အိမ်ပြန်ပြီး သူငယ်ချင်းတွေနဲ့ ရေတံခွန်တွေ သွားလည်ချင်လား။ အိမ်နားက ရေတံခွန်တွေကိုရော သတိရလား။

ဖြေ ။ ရေတံခွန်ရာသီဆို အရင်က ရွာနားတင် သွားနေကျဆိုတော့ ပုံတွေ တက်လာတာနဲ့ မနေနိုင်ဘူး၊ သွားချင်နေပြီ။ အဖိတ် ဥပုသ်ရက်တွေကို ချောင်းနေတာမျိုး၊ ကျောင်းပိတ်ရက်ကို စောင့်နေတာမျိုး။ အုပ်စုလိုက်ကြီး ထမင်းတွေ၊ စားစရာသောက်စရာတွေ ဝယ်ပြီး တစ်ပတ်မှာ တစ်ရက်လောက် အေးအေးဆေးဆေး သွားနားကြတာ။ ရေတံခွန်တွေလည်း ပေါတော့ ဒီတစ်ပတ်မှာ ဘယ်ရေတံခွန်သွားမယ်ဆိုတာမျိုး စီစဉ်ထားပြီးသား။ အခုတော့ တွေးလိုက်တာနဲ့ သတိရလာတာမျိုးပေါ့။

DW ။ ထိုင်းမှာရော ရေတံခွန်ရှိတယ်ဆိုတော့ ဘယ်နှစ်ကြိမ်လောက် လည်ဖြစ်လဲ။

ဖြေ ။ ထိုင်းမှာက မနည်း လမ်းကြုံမှ သွားဖြစ်တာ များပါတယ်။ ထားဝယ်မှာကျတော့ နီးနီးနားနားဆိုတော့ ကြိုက်တဲ့အချိန် ဖတ်ခနဲ ဆင်းသွားလို့ရတယ်။ ရွာမှာက ရေတံခွန်ကို မြင်ရတာနဲ့တင် စိတ်ချမ်းသာနေပြီ။ ထိုင်းက ရေတံခွန်နဲ့ ရွာက ရေတံခွန်တွေ ကွာတာကတော့ တကယ့် သဘာဝချင်း ဆင်တူပေမဲ့လည်း ခစားချက်တွေချင်း ကွာသွားတယ်။ ဘယ်လိုမှ အတူတူလို့ မခံစားနိုင်ဘူး။

DW ။ ထိုင်းမှာ ရေတံခွန်သွားရတဲ့ ခံစားချက်နဲ့ ထားဝယ်မှာ ရေတံခွန်သွားလည်ရတဲ့ ခံစားချက်က ဘယ်လိုကွာခြားမှု ရှိလဲ။

ဖြေ ။ ထိုင်းမှာရှိတဲ့ ရေတံခွန်နဲ့ ရွာက ရေတံခွန်တွေနဲ့က တော်တော်ကွာတယ်လေ။ ထိုင်းမှာက ဘယ်လိုပြောရမလဲ၊ လုပ်ယူထားသလိုမျိုးကြီး၊ မလှလှအောင် ပြထားတာပေါ့နော်။ ရွာမှာက သဘာဝအစစ်အမှန်တွေ မြင်တွေ့ရတယ်။ နောက် သူငယ်ချင်းတွေ၊ ရွာသူရွာသားတွေနဲ့ ပျော်ပျော်ပါးပါး တွေ့ရဆုံရတာမျိုးဆိုတော့ ကွာသွားတာပေါ့။ ခံစားချက်ချင်းပါ ကွာသွားတာ။

DW ။ ရေတံခွန်လို့ ပြောလိုက်တာနဲ့ ထားဝယ်သားတွေအတွက် ဘယ်လောက်အထိ အရေးပါလဲ၊ တန်ဖိုးရှိလဲ။

ဖြေ ။ ထားဝယ်သား တော်တော်များများက သဘာဝအလှတွေကို တန်ဖိုးထားကြတယ်လေ။ ရေတံခွန်သွားရတာ ကြိုက်တယ်၊ ရေကူးရတာ ကြိုက်တယ်၊ ပင်လယ်သွားပြီး အပန်းဖြေရတာ ကြိုက်တယ်။ ငယ်ငယ်ကတည်းက ဒီလိုနေလာကြတဲ့သူတွေဆိုတော့ သဘာဝကို တန်ဖိုးထား ချစ်တတ်ကြတယ်။ နောက် ထားဝယ်သားတွေက မိသားစုနဲ့ သွားတာ၊ သူငယ်ချင်းတွေနဲ့ သွားတာမျိုး တော်တော် အချိန်ပေးကြတယ်။ ထိုင်းကို ရောက်လာတော့ သူ့အလုပ်နဲ့သူ၊ သူငယ်ချင်းတွေနဲ့ သူ့ဟာနဲ့သူ မအားကြတော့ မနည်းကြာမှ သွားဖြစ်ချင် သွားကြတယ်။ ဒီရောက်မှ ရွာမှာ ထားဝယ်မှာ ရှိနေတဲ့ အရာတွေကို ပိုတန်ဖိုးထား မြတ်နိုးတတ်လာတာမျိုး ဖြစ်နေပြီ။