ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်း (DSEZ) ကို ပြန်အသက်သွင်းရန် စစ်အုပ်စုက အလောတကြီး လုပ်ဆောင်နေသည်။
စီမံကိန်းရင်းနှီးမြှုပ်နှံသူနေရာတွင် ဂျပန်နှင့် ထိုင်းနိုင်ငံအစား မြန်မာနိုင်ငံနှင့် ပထဝီအနေအထားအရ အလှမ်းဝေးလွန်းသည့် အာဏာရှင်နိုင်ငံတစ်ခုဖြစ်သော ရုရှားနိုင်ငံနှင့် ပူးတွဲအကောင်အထည်ဖော်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။
သို့သော် DSEZ စီမံကိန်းတည်ရှိရာ မြေပြင်ကို စစ်အာဏာရှင်တပ်က အပြည့်အဝ မထိန်းချုပ်နိုင်ဘဲ တော်လှန်ရေးတပ်များနှင့် ဘတစ်ပြန် ကျားတစ်ပြန် အခြေအနေတွင် ရှိနေသည်။
ထိုအခြေအနေတွင် စစ်အုပ်စုက DSEZ ကို အကောင်အထည်ဖော်ရန် ကြိုးပမ်းနေခြင်းမှာ စီးပွားရေးတွက်ခြေကိုက်မှုထက် စစ်ရေးအရ အသာစီးရရှိရန် မြန်မာ့မြေပေါ် ရုရှားအခြေချနိုင်ရေး လုပ်ဆောင်မှုတစ်ခုအဖြစ် ရှုမြင်ကြသူများလည်း ရှိသည်။
စစ်အုပ်စုကလည်း စီမံကိန်းပြန်စနိုင်ရေး ခြေလှမ်းကြဲကြဲဖြင့် ဆက်တိုက်လုပ်ဆောင်နေပြီး နားလည်မှုစာချွန်လွှာ (MoU) များ ဆက်တိုက် လက်မှတ်ရေးထိုးနေသည်။
လတ်တလောမှာပင် ထားဝယ်ရေနက်ဆိပ်ကမ်း ဓာတ်အားပေးစက်ရုံဆောက်မည့် နားလည်မှုစာချွန်လွှာ (MoU) ကို ရုရှားနိုင်ငံ၏ Inter RAO ကုမ္ပဏီနှင့် မြန်မာနိုင်ငံ လောင်းလုံးစီးပွားဖွံ့ဖြိုးရေးကုမ္ပဏီတို့ကြား ဇွန် ၅ ရက်နေ့က လက်မှတ်ရေးထိုးခဲ့သည်။
အတိုင်းအတာတစ်ခုအထိ လွတ်လပ်စွာ ပြောဆိုခွင့်ရှိခဲ့သည့် ဦးသိန်းစိန်အစိုးရနှင့် NLD အစိုးရတို့ လက်ထက်တွင်ပင် မြေယာပြဿနာများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များကြောင့် ကန့်ကွက်မှုများ ရှိခဲ့သည်ဖြစ်ရာ အာဏာရှင်စစ်အစိုးရ လက်ထက်တွင် ဒေသခံများအတွက် ကောင်းကျိုးထက် ဆိုးကျိုးသာ ဖြစ်လာစေမည်ဟု ဆိုကြသည်။
ထို့ကြောင့် စီမံကိန်းတည်ရှိရာ မြေပြင်စစ်ရေးအခြေအနေ၊ ဒေသခံများ၏ ခံစားမှု၊ ကြုံလာရနိုင်သည့် ချိုးဖောက်မှုများကို သိရှိနိုင်ရန် ယခုအပတ် တနင်္သာရီပုံရိပ်အစီအစဉ်တွင် မေးမြန်းတင်ဆက်လိုက်ပါသည်။
“သူတို့လာလုပ်ရင် နေစရာမရှိတော့ဘဲ အိမ်မဲ့ရာမဲ့ ဖြစ်သွားမှာပဲရှင်”
ဘဝါရွာသူတစ်ဦး၊ ထားဝယ်အထူးစီးပွားရေးဇုန်အနီး
DW ။ လက်ရှိ စီးပွားရေးဇုန်ထဲမှာ စစ်ရေးအခြေအနေက ဘယ်လိုရှိလဲ။
ဖြေ ။ စစ်ရေးအခြေအနေကတော့ စစ်တပ်တွေလာလို့ ပြေးနေရတယ်ရှင်။ လဲရှောင်ဘက်ခြမ်းမှာလေ။ လဲရှောင်က ရေနက်ဆိပ်ကမ်းနဲ့ နီးတယ်ဆိုတော့ ဖြစ်နေကြတာပဲရှင်။ လက်နက်ကြီးထုနေကြတာပဲ။ ရွာကလူတွေလည်း ပြေးနေကြတယ်ရှင်။ ပရဒတ် ထိန်ကြီးဘက်ကို လာပြီး ၂ ရက်လောက်နေပြီးမှ ပြန်သွားတယ်။
DW ။ စီမံကိန်းပြန်စဖို့ လုပ်နေကြတာမျိုး တွေ့ရလား ဒါမှမဟုတ် ကြားရတာမျိုး ရှိလား။
ဖြေ ။ စီမံကိန်းပြန်စမယ်လို့ ကြားတော့ကြားရတယ်ရှင်။ ပြင်ဆင်နေတာမျိုးတော့ မမြင်ရဘူးရှင်။ ရေနက်ဆိပ်ကမ်းထဲမှာက အရင်တုန်းက ကြားရတာက ရုရှားတွေဝင်ပြီး လမ်းလုပ်နေတယ်လို့လည်း ကြားရတယ်။ ရေနက်ဆိပ်ကမ်းထဲမှာ ရုရှားတွေရှိတယ်လို့လည်း ကြားရတာပဲရှင်။ မြင်တော့မမြင်ရဘူးရှင်။ ရွာထဲမှာတော့ ရေနက်ဆိပ်ကမ်းဖြစ်ရင် ပရဒတ်၊ ထိန်ကြီး၊ လဲရှောင် အဲဒီ ၃ ရွာက နီးတယ်ရှင်။ ရေနက်ဆိပ်ကမ်းနဲ့ နီးလို့ ပြောင်းခိုင်းမယ်ဆိုပြီး ကြားရတယ်ရှင်။
DW ။ တစ်ကယ်လို့ ရေနက်ဆိပ်ကမ်းပြန်စရင် ဘာတွေဖြစ်လာမယ်လို့ ခန့်မှန်းလဲ။
ဖြေ ။ တစ်ကယ်သာ လုပ်လာရင် နေစရာမရှိဘဲ ဘုံပျောက်သွားလိမ့်မယ်ရှင်။ သူတို့လာလုပ်ရင် နေစရာမရှိတော့ဘဲ အိမ်မဲ့ရာမဲ့ ဖြစ်သွားမှာပဲရှင်။ အရင်တုန်းက ကန့်ကွက်လို့ ရသေးတယ်။ အခုချိန်မှာတော့ ကန့်ကွက်လို့ မရဲတော့ဘူး ကြောက်နေရတယ်။ အရင်တုန်းက ခေတ်ကောင်းတဲ့ အချိန်တုန်းက ဘဝါရွာမှာ ရှမ်းအိမ် (ထိုင်းကဆောက်ထားသည့် အိမ်ရာ) တွေ ဆောက်ထားတယ်ရှင်။ အိမ်တွေသိမ်းပြီး လုပ်မယ်ဆိုရင် ပေးဖို့ အိမ်လုံးပေါင်း ၁၀၀၀ လောက် ဆောက်ထားတာ တစ်အိမ်စီပေးဖို့ လုပ်ထားတာ။ အခုတော့ ပေးမှာမဟုတ်ဘူးထင်တယ်။ ဒီအိမ်တွေပါ သိမ်းထားတယ်လို့ ကြားရတယ်။
DW ။ အခုချိန်မှာသာ စီမံကိန်းပြန်စရင် အရင်တုန်းက အခြေအနေနဲ့ ဘာတွေကွာခြားသွားနိုင်လဲ။
ဖြေ ။ အရင်တုန်းကနဲ့ အခုက ကွာခြားချက်တော့ များတာပဲရှင်။ အခုချိန်မှာ စီမံကိန်းလုပ်မယ်ဆိုရင် အဆင်ပြေမှာ မဟုတ်ဘူးရှင်။ ကျွန်မမြင်နေတာကတော့ ဒုက္ခရောက်မှာပဲရှင်။ အိုးမဲ့အိမ်မဲ့ ဖြစ်သွားလိမ့်မယ်လို့ မြင်တာပဲရှင်။ လျော်ကြေးလည်း တစ်ပြားမှမရဘဲ ရှိတာပဲယူသွားဦးမယ်ရှင်
“သက်ရောက်လာတဲ့ ဖိအားတွေကို ဘယ်လိုမျိုး ပြန်ပြီးတော့ တုံ့ပြန်မလဲဆိုတဲ့ တုံ့ပြန်ရေး ယန္တရားတွေကိုလည်း ကြိုတင်ပြင်ဆင်ထားဖို့တော့ လိုလိမ့်မယ်”
ကိုယောနသံ၊ ပြောရေးဆိုခွင့်ရှိသူ၊ ထားဝယ်အမျိုးသားအဖွဲ့ချုပ်
DW ။ DSEZ ဧရိယာထဲ စစ်ရေးအခြေအနေတွေက ဘယ်လိုရှိလဲ။ တော်လှန်ရေးတပ်တွေနဲ့ စစ်အာဏာရှင်တပ်တွေ စစ်ဆိုင်ထားတဲ့ အခြေအနေက ဘယ်လိုရှိလဲ။
ဖြေ ။ ထားဝယ်အထူးစီးပွားဇုန်ဧရိယာက miss control တစ်ခုဖြစ်တယ်လို့ ပြောလို့ရတာပေါ့နော်။ စစ်အုပ်စုကလည်း အပြည့်အဝ ထိန်းချုပ်နိုင်တာ မရှိသလို တော်လှန်ရေးတပ်တွေ ဘက်ကလည်း အပြည့်အဝ ထိန်းချုပ်နိုင်တာမျိုး မရှိဘူးပေါ့။ ပြီးတော့ ဒီနေရာကလည်း စီးပွားရေးအရ အရေးပါတဲ့ နေရာတစ်ခု ဖြစ်တယ်။ ပြီးတော့ လက်ရှိမှာဆိုလို့ရှိရင်လည်း နိုင်ငံတကာ ရင်းနှီးမြှုပ်နှံတဲ့သူတွေနဲ့ စစ်အုပ်စုက တွေ့ဆုံဆွေးနွေးပြီးတော့ ပြန်လည်စတင်နိုင်ရေး ကိစ္စတွေကို ဆွေးနွေးနေကြတာမျိုး တွေ့ရတယ်ပေါ့နော်။ ဒီတော့ စစ်အုပ်စုအနေနဲ့က ဒီဧရိယာကို အပြည့်အဝ ထိန်းချုပ်နိုင်အောင် ဆိုလို့ရှိရင် စစ်ရေးအရ ဖိအားပေးလာနိုင်တာမျိုးတွေကို ပြုလုပ်နိုင်တယ်ပေါ့။
DW ။ စစ်အုပ်စုက စီမံကိန်းကို မရမက အကောင်အထည်ဖော်ဖို့ ကြိုးစားလာရင် မြေပြင်မှာ ဘာတွေဖြစ်လာနိုင်လဲ။
ဖြေ ။ ဒီလိုမျိုး လုပ်လာပြီဆိုရင်လည်း ဒေသခံပြည်သူတွေ အနေနဲ့က အတင်းအကျပ် နေရပ်ရွှေ့ပြောင်းခံရတာတွေ၊ တိုက်ပွဲဖြစ်ပွားမှုတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရတာတွေ၊ မြေယာသိမ်းဆည်းခံရတာတွေ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရတာတွေနဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးတာတွေပေါ့။ ဒီလိုမျိုး အခြေအနေတွေနဲ့ ကြုံလာရနိုင်တဲ့ အနေအထားကတော့ ရှိတယ်လို့ သုံးသပ်မိပါတယ်။
DW ။ ဒေသခံလူထုအပေါ်မှာရော ဘယ်လိုသက်ရောက်မှုတွေ ရှိလာနိုင်လဲ။
ဖြေ ။ ပြည်သူလူထုတွေ အနေနဲ့ကလည်း ဒီအပေါ်မှာ ဒီလိုမျိုး စစ်ကောင်စီတပ်ရဲ့ စစ်အုပ်စုရဲ့ စစ်ရေးအရ ဖိအားပေးမှုတွေနဲ့ ကြုံလာရတဲ့အခါ ဘယ်လိုမျိုး ရင်ဆိုင်ကြမလဲဆိုတဲ့ဟာကိုတော့ ကြိုတင်ပြင်ဆင်ထားဖို့ လိုတယ်ပေါ့နော်။ ပြီးတော့ အဲဒီဒေသထဲမှာ ရှိနေတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေ အနေနဲ့လည်း ဝိုင်းဝန်းတိုင်ပင်ပြီးတော့ ဒီအပေါ်မှာ သက်ရောက်လာတဲ့ ဖိအားတွေကို ဘယ်လိုမျိုး ပြန်ပြီးတော့ တုံ့ပြန်မလဲဆိုတဲ့ တုံ့ပြန်ရေး ယန္တရားတွေကိုလည်း ကြိုတင်ပြင်ဆင်ထားဖို့တော့ လိုလိမ့်မည်လို့ ကျွန်တော်တို့က သုံးသပ်မိပါတယ်။
“တကယ်အကောင်အထည်ဖော်နေတာလည်း မရှိဘူး။ လုပ်လည်းရမှာ မဟုတ်ဘူးလို့ ထင်တယ်”
အသက် ၄၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦး၊ စီမံကိန်းဇုန်အတွင်းရှိ နဘုလယ်ဒေသခံ၊ ရေဖြူမြို့နယ်
DW ။ အထူးစီးပွားရေးဇုန်ထဲက ကျေးရွာတွေရဲ့ လက်ရှိအနေအထား ဘယ်လိုရှိလဲ။
ဖြေ ။ ၂၀၂၅ ကနေစပြီး စစ်ကြောင်း (စစ်အာဏာရှင်တပ်) တွေက ရွာထဲဝင်တာက စိပ်လာတယ်။ ခဏကြာရင် ရလိုင်ရွာမှာ ထိုင်လိုက်(ယာယီတပ်စွဲ အခြေချ)၊ ခဏကြာရင် မူးဒူးရွာမှာ ထိုင်လိုက်၊ ခဏကြာရင် ခမောင်းချောင်းရွာလောက်မှာ ထိုင်လိုက်ပေါ့။ ဒီလိုပဲ ရွာစဉ်လှည့်ပြီး သွားနေကြတယ်။ ၂၀၂၅ ကနေပြီး အခုချိန်ထိပဲ။ အခုလည်း ထွက်နေတာပဲ။ ရေနက်ဆိပ်ကမ်းကနေ တစ်ရွာချင်း တောက်လျှောက်ပေါ့။ စီမံကိန်း (ရေနက်ဆိပ်ကမ်း) နဲ့ ပတ်သက်ပြီး သတင်းတွေမှာ MoU (နားလည်မှု စာချွန်လွှာ) ထိုးတာတွေတော့ တွေ့နေရတယ်။ ဒါပေမဲ့ လက်တွေ့မြေပြင်မှာကတော့ စီမံကိန်းနဲ့ ပတ်သက်ပြီး တိတိလင်းလင်း အကောင်အထည်ဖော် ဆောင်ရွက်နေတာ မရှိဘူး။
DW ။ စစ်အာဏာရှင်တပ်သားတွေက အထူးစီးပွားရေးဇုန်ထဲ ရှိကြလား။ နေရာဘယ်နှစ်နေရာလောက်အထိ နေရာယူထားသလဲ။
ဖြေ ။ စစ်ကောင်စီတပ်ကတော့ ရေနက်ဆိပ်ကမ်းဧရိယာ (စီမံကိန်းဝင်း) ထဲမှာ ရှိတယ်။ အထူးစီးပွားရေးဇုန် ဧရိယာထဲမှာရော အပြင်က ငပိတက်ရွာကိုသွားတဲ့ လမ်းထောင့်မှာရော၊ ITD (အီတာလျံ-ထိုင်းကုမ္ပဏီ) ရုံးနေရာမှာရော ရှိနေတယ်။ သူတို့က ညဘက် သင်္ဘော (စစ်သင်္ဘော) တွေနဲ့ အဝင်အထွက်လုပ်တာဆိုတော့ (အင်အား) အတိအကျတော့ မသိရဘူး။ တစ်ခါတလေလည်း ရေနက်ဆိပ်ကမ်းထဲကနေ စစ်ကြောင်း (အင်အား) နှစ်ရာ၊ သုံးရာလောက် ခမောင်းချောင်းရွာတွေ၊ ရလိုင်ရွာ၊ ပုဂေါဇွန်းရွာတွေဘက်ကို အင်အားနှစ်ရာလောက်နဲ့ စစ်ကြောင်းထိုးတာ ရှိတယ်။ အခြားကို (စစ်ကူ) သွားနေရင်လည်း (အင်အား) နည်းမှာပေါ့။ အရပ်သားတွေက ဖြတ်သန်းသွားလာနေပေမယ့် တိတိကျကျ မသိရဘူး။ သူတို့ (စစ်အာဏာရှင်တပ်) က ဂိတ်ပေါက်ဝမှာ တစ်ယောက် နှစ်ယောက်ပဲ ထွက်လာနေပြီးတော့ အင်အားဘယ်လောက်ရှိတာကတော့ ဘယ်သူမှ ပြောမနိုင်ဘူး။ နဘုလယ်ကမ်းခြေ တစ်လျှောက်မှာ သူတို့ သင်္ဘော (စစ်သင်္ဘော) က နှစ်စီး သုံးစီး ပုံမှန်ရှိတယ်။ (နယ်မြေစိုးမိုးမှုက) တစ်ယောက်တစ်ဝက်လို့ ပြောလို့ရတယ်။ စကစက ဝင်လာချင်တဲ့ အချိန်လည်း ဝင်လာတယ်။ ပြန်ထွက်သွားချင်လည်း ပြန်ထွက်သွားတယ်။ တော်လှန်ရေးအင်အားစုတွေဘက်က ဒရုန်းတို့ ဘာတို့ ဗုံးသီးတွေ လာချရင် ပြန်ထွက်ပြေးတယ်။ တော်လှန်ရေးအင်အားစု ဝင်လာချိန်ဆို -ွေး (စစ်အာဏာရှင်တပ်) က ထွက်ပြေးတယ်။ -ွေး (စစ်အာဏာရှင်တပ်) ဝင်လာချိန်ဆိုရင်လည်း ရွာသားတွေ ပြေးတယ်။ အဲဒီလို အပြန်အလှန် ဖြစ်နေတယ်။
DW ။ စီမံကိန်းစာရင်းဝင်ရွာတွေက ဘယ်နှစ်ရွာလောက်ရှိလဲ။
ဖြေ ။ သူတို့ သတ်မှတ်ထားတဲ့အထဲမှာ ဘဝါရွာပါမယ်။ ပရဒတ်၊ လဲရှောင်၊ ထိန်ကြီး၊ မူးဒူး၊ ငပိတက်၊ ဗျစ်နီ၊ ခမောင်းချောင်း၊ ဝက်ချောင်း (ရွာတွေ) ပေါ့။ အဲဒီတောက်လျှောက်ပါမယ်။ ပြီးရင် ရလိုင်ရွာ၊ ပုဂေါဇွန်းရွာတွေရဲ့ နောက်ကျောကနေ တန်းပြီးတော့ ဖြတ်မယ်ထင်တယ်။ သူတို့ စီမံကိန်းဧရိယာ ဟက်တာယူထားတဲ့ နေရာကတော့ အတော်များတယ်။
DW ။ ရေနက်ဆိပ်ကမ်းပြန်စဖို့ သဘောဆောင်တဲ့ ဆောင်ရွက်နေတဲ့ အရိပ်အယောင် ဒေသထဲ တွေ့မိလား။
ဖြေ ။ ဘာမှမတွေ့ရဘူး။ ၂၀၂၅ ခုနှစ် ၆ လပိုင်း (ဇွန်လ) လောက်မှာ သူတို့ (စစ်အာဏာရှင်တပ်) လမ်းတော့ ပြုပြင်ထားတယ်။ ကင်းတံတားကနေ ရေနက်ဆိပ်ကမ်း ဇီးရိုးကီလိုမီတာအထိပေါ့။ လမ်းပြင်တာက အရင်က ရှမ်း (ထိုင်း) ဖောက်ထားတဲ့လမ်းကို ရေမြောင်းတွေတင်နေတာ ဘာညာကို ထော်လာဂျီစက်/ထွန်စက်နဲ့ ထိုးပစ်တာလောက်ပဲ။ ဝီးလိုဒါ (စက်) နဲ့ ထိုးပစ်တာပေါ့။ အဲဒီလောက်ပဲ။ ကြီးကြီးမားမား လုပ်တာတော့ မရှိဘူး။ ကျန်တာတော့ ဘာမှ ထူးခြားမှု မရှိဘူး။
DW ။ အထူးစီးပွားရေးဇုန်ထဲ ရွာတွေမှာ လက်ရှိ ဒေသခံတွေက ဘယ်လိုနေထိုင်နေရလဲ။
ဖြေ ။ ပုံမှန်လုပ်ကိုင် စားသောက်နေကြတာပဲ။ စစ်ကြောင်းထိုးလာရင်တော့ ရွာသားတွေက အကုန်ရွှေ့ကြ ပြောင်းကြ ပြေးကြတယ်။ စစ်ကြောင်းပြန်ထွက်သွားရင်တော့ ကိုယ့်အိမ်ကိုယ်ပြန် ကိုယ့်အလုပ်ကိုယ်ပြန်လုပ် ပြန်ပြီးနေထိုင်ကြတယ်။ ဒီလိုပဲပေါ့။
DW ။ ရေနက်ဆိပ်ကမ်းကို မျှော်လင့်ချက်ရှိလား။
ဖြေ ။ အခုချိန်မှာဆိုရင်တော့ (မြေ) သိမ်းရင်လည်း ပေးလိုက်ရမယ်။ အဲဒီလိုပုံစံမျိုးတော့ လက်ခံရမှာပေါ့။ နေဖို့ထိုင်ဖို့တောင်မှ ကိုယ့်အိမ်ကိုယ့်ရာမှာ နေဖို့မရဘူးဆိုရင်ပေါ့။ ရေနက်ဆိပ်ကမ်းက မျှော်လင့်ချက်တော့ သိပ်ပြီးမထားဘူး။ ခေတ်စနစ်ကောင်းတဲ့ ဒီမိုကရေစီအစိုးရတွေရဲ့ လက်ထက်မှာတောင်မှ ပြဿနာက ထောင်နဲ့သောင်းနဲ့ချီ ရှိနေတာဆိုတော့ အခုလို ခေတ်ပျက် စနစ်ပျက် အစိုးရပျက်နေတဲ့ ယန္တရားကြီးထဲမှာ ရေနက်ဆိပ်ကမ်းကိုတော့ ဘယ်သူမှ မျှော်လင့်နေမှာ မဟုတ်ဘူး။
DW ။ ဖြည့်စွက်ပြောလိုတာ ပြောပေးပါ။
ဖြေ ။ ကျွန်တော့်အထင်ကတော့ ဖြစ်နိုင်မယ်မထင်ဘူး။ ဒီခေတ်ကာလကြီးမှာတော့ နိုင်ငံခြားစီးပွားရေး ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတွေလည်း လာရဲမှာမဟုတ်ဘူး။ မြေပြင်မှာ အကောင်အထည်ဖော်လည်း ရဲမှာမဟုတ်ဘူး။ လုံးဝရမှာမဟုတ်ဘူးလို့ ယုံကြည်တယ်။ နောက်ဆုံးအနေနဲ့ကတော့ သတင်းတွေမှာတော့ တွေ့ရတယ်ပေါ့လေ။ ရေနက်ဆိပ်ကမ်းနဲ့ ပတ်သက်တဲ့ MoU ထိုးတဲ့ကိစ္စတို့ ရုရှားလွှတ်တော်မှာ သွားတင်သွင်းတာတို့ အဆိုပြုတာတို့ အမျိုးမျိုး အဖုံဖုံ ကြားရတယ်။ တကယ်အကောင်အထည်ဖော်နေတာလည်း မရှိဘူး။ လုပ်လည်းရမှာ မဟုတ်ဘူးလို့ ထင်တယ်။
“စစ်အုပ်စုအကျိုးစီးပွားအတွက် သူတို့အသက်ဆက်ရေးအတွက်ပဲ ဖြစ်တယ်”
ဆုဆု၊ MAGGA Initiative တာဝန်ရှိသူ
DW ။ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ရုရှားနဲ့ပေါင်းပြီး DSEZ စီမံကိန်းအကောင်အထည်ဖော်မယ်ဆိုပြီး MoU ထိုးတာတွေ တောက်လျှောက်လုပ်နေတာ တွေ့ရတယ်။ ဒါက တစ်ကယ်ရော အလုပ်ဖြစ်နိုင်လား။ ဒီအပေါ်မှာ ဘယ်လိုသုံးသပ်လဲ။
ဖြေ ။ ဒီစီမံကိန်းကတော့ ၂၀၂၄ ခုနှစ်ကနေ ရုရှားနဲ့ MoU ထိုးနေတာကတော့ ကြာပါပြီ။ တစ်ကယ်တမ်း မြေပြင်စစ်ရေး အခြေအနေတွေနဲ့ အကောင်အထည်ဖော်ဖို့ဆိုတာကတော့ မဖြစ်နိုင်ပါဘူး။ စစ်ကောင်စီဘက်က စစ်ရေးအရပေါ့နော်။ သူတို့ဖိနှိပ်တာတွေ လေကြောင်းဗုံးကြဲတိုက်ခိုက်တာတွေတော့ အရင်ထက် ပိုမိုလုပ်ဆောင်လာတာ ရှိပါတယ်။
DW ။ စစ်အုပ်စုက စီမံကိန်းကို မရမက အကောင်အထည်ဖော်ဖို့ ကြိုးစားလာရင် မြေပြင်မှာ ဘာတွေဖြစ်လာနိုင်လဲ။
ဖြေ ။ အခုလက်မှတ်ထိုးထားတဲ့ ထားဝယ်စီမံကိန်းက ရုရှားအတွက်ပေါ့နော် စီးပွားရေးအရ တွက်ခြေကိုက်မှု ရှိ၊ မရှိ ဆိုတာ ပြောဖို့ ခက်ခဲပါတယ်။ ရုရှားနဲ့ မြန်မာ တိုက်ရိုက်ကုန်သွယ်မှုကလည်း အများကြီးမရှိဘူးလို့ ကျွန်မတို့ နားလည်ထားတယ်။ အချိန်မရွေး တိုက်ပွဲတွေ ဖြစ်နေတယ်။ မသေချာမရေရာတဲ့ အခြေအနေမှာ ရုရှားက အကုန်အကျ များပြားတဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ဆိုတာ တော်တော်မလွယ်တဲ့ ကိစ္စဖြစ်ပါတယ်။ စစ်ကောင်စီဘက်က အတင်းအဓမ္မ လုပ်လာမယ်ဆိုရင်တော့ မြေပြင်မှာ တစ်ခုခု အကောင်အထည် မဖော်နိုင်အောင် ဟန့်တားဖို့ လိုပါတယ်။ စစ်ရေးအပြင် စစ်ကောင်စီဘက်က လူထုနဲ့ တော်လှန်ရေးတပ်တွေကြားမှာ သွေးကွဲအောင် လုပ်တာတွေလည်း ရှိနေတယ်။ ဒီထက်ပိုပြီးလည်း ဗျူဟာကျကျ လုပ်လာနိုင်တယ်လို့လည်း မြင်ပါတယ်။
DW ။ စစ်အုပ်စုနဲ့ ရုရှားက ဒီစီမံကိန်းကို စစ်ရေးရည်မှန်းချက်အတွက် အကောင်အထည်ဖော်ဖို့ ကြိုးစားနေတာ ဆိုပြီးလည်း ပြောဆိုနေကြတာရှိတယ်။ ဒီအပေါ်မှာရော ဘယ်လိုသုံးသပ်လဲ။
ဖြေ ။ ရုရှားကတော့ စစ်ရေးအရပေါ့နော် ကမ္ဘာ့အင်အားကြီး နိုင်ငံတစ်ခု ဖြစ်တယ်ဆိုတာတော့ မေ့ထားလို့မရဘူး။ စစ်ကောင်စီအနေနဲ့ ရုရှားမှာ စစ်ရေးအကူအညီတွေ ရယူနေတာဖြစ်သလို နယ်မြေထိန်းချုပ်နိုင်ဖို့ အထူးသဖြင့် ဒီလိုထားဝယ်စီးပွားရေးဇုန်လို စစ်ရေးအရ စီးပွားရေးအရ ဗျူဟာမြောက် ပစ်မှတ်ထားတဲ့ နေရာတွေကို ထိန်းချုပ်နိုင်ဖို့ဆိုရင် ပိုပြီးတော့တောင် ဖြစ်နိုင်ခြေရှိပါတယ်။
DW ။ စစ်အုပ်စုက DSEZ စီမံကိန်းကို မရမက အကောင်အထည်ဖော်ဖို့ ကြိုးစားလာရင် ဒေသခံလူထုအပေါ်မှာရော ဘယ်လိုသက်ရောက်မှုတွေ ရှိလာနိုင်လဲ။
ဖြေ ။ စီမံကိန်းတည်နေရာ နဘုလယ်ဒေသကတော့ ထားဝယ်လူမျိုးတွေရဲ့ ဇစ်မြစ်။ တန်ဖိုးထားထိန်းသိမ်းရမယ့် အမွေအနှစ်တွေ တည်ရှိရာနေရာ ဖြစ်တယ်။ အတင်းအဓမ္မ လုပ်လာမယ်ဆိုရင် ထားဝယ်တစ်မျိုးသားလုံးရဲ့ ဇစ်မြစ်ဖြစ်တည်မှု အားလုံး ပျောက်ကွယ်သွားနိုင်တယ်။ ဒါကြောင့် ဒီစီမံကိန်း မစတင်နိုင်အောင် ကျွန်မတို့ အားလုံး ဝိုင်းဝန်းတွန်းလှန်ဖို့ လိုပါတယ်။
DW ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အခြားဖြည့်စွက်ပြောချင်တာရှိလား။
ဖြေ ။ ဒီစီမံကိန်းကြီးက မြေယာလျော်ကြေးကိစ္စတွေ အပါအဝင်ပေါ့နော်။ ပြဿနာပေါင်းများစွာကို မဖြေရှင်းတာ၊ လက်တွေ့အကောင်အထည် မဖော်နိုင်တာ ၁၇ နှစ်ကျော် ကြာခဲ့ပြီ။ အခုလိုမျိုး တရားဥပဒေစိုးမိုးမှု မရှိတဲ့အချိန်၊ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူမှု တာဝန်ခံမှု မရှိတဲ့အချိန်မှာ လုပ်ဆောင်လာမယ်ဆိုရင်တော့ ခန့်မှန်းလို့ မရတော့အောင် အရင်ထက် အဆပေါင်းများစွာ အခြေအနေ ဆိုးမှာဖြစ်တယ်ပေါ့နော်။ စစ်အုပ်စုအကျိုးစီးပွားအတွက် သူတို့အသက်ဆက်ရေးအတွက်ပဲ ဖြစ်တယ်။ အဲဒီနောက်ကွယ်မှာလည်း ထိုင်း၊ ရုရှားနဲ့ စစ်အုပ်စုတို့ ဘယ်လိုတွေ သဘောတူထားကြသလဲ ဆိုတာလည်း ကျွန်မတို့ ဖော်ထုတ်ဖို့ လိုအပ်တယ်။ အဲဒါ အရေးကြီးပါတယ်။
“ရေနက်ဆိပ်ကမ်းကို စလုပ်မယ်ဆိုရင်တော့ သူတို့ဘက်က နယ်မြေရှင်းဖို့ အင်အား အတော်လိုမယ်။ လက်ရှိအနေအထားနဲ့ဆို အဲဒီလိုလုပ်ဖို့ မဖြစ်နိုင်ဘူး”
ရေဖြူမြို့နယ်ဇာတိ PDF တပ်ဖွဲ့ဝင်တစ်ဦး အထူးစီးပွားရေးဇုန် ဧရိယာအတွင်း စစ်ရေးလှုပ်ရှားနေသည့် PDF တပ်ရင်း
DW ။ အထူးစီးပွားရေးဇုန်ရဲ့ မြေပြင်အခြေအနေက ဘယ်လိုရှိလဲ။
ဖြေ ။ မြေပြင်မှာကတော့ စစ်ကြောင်းပတ်ထိုးနေတာပေါ့။ PDF တွေ စိုးမိုးထားတဲ့နေရာတွေ သူတို့ (စစ်အာဏာရှင်တပ်) စိုးမိုးနယ်မြေ ပြန်ဖြစ်လာစေရေး မနားမနေ စစ်ကြောင်းထိုးနေတယ်။ စစ်ကြောင်းထိုးလာရင်တော့ တိုက်ပွဲဖြစ်တယ်။
DW ။ စစ်အာဏာရှင်တပ်ကရော အထူးစီးပွားရေးဇုန်ထဲ ဘယ်လောက်အထိ နေရာယူထားနိုင်လဲ။
ဖြေ ။ နဘုလယ်တစ်ခွင်မှာဆိုရင် စစ်တပ်က ထိုင် (နေရာယူ) ထားတာ ရှမ်းဆိုက် (စီမံကိန်းပစ္စည်းများ ထားရှိရာနေရာ) မှာ ထိုင်ထားတယ်။ ရဲစခန်းအဟောင်းနေရာ၊ နဘုလယ်ကနေ ထီးခီး (ထိုင်း-မြန်မာ နယ်စပ်) အထိပေါက်တဲ့ ရှမ်းလမ်းမှာက တစ်နေရာ ထိုင်ထားတယ်။ အင်အားကတော့ သုံးရာလောက် ရှိနိုင်တယ်။ ကျွန်တော်တို့ စုံစမ်းကြည့်ရသလောက်တော့ သုံးရာကျော်မှာ ရှိတယ်။ တစ်ခါတလေ မောရဝတီ (ဟိန်းဇဲရေယာဉ်စု ရေတပ်) ဘက်ကတို့၊ မြိတ်ဘက်ကတို့ (လူအင်အား) အသစ်ထပ်ဖြည့်တာတွေလည်း ရှိတယ်။ အင်အားအသစ်တွေပေါင်းပြီး သုံးလေးရာလောက်နဲ့ စစ်ကြောင်းထိုးလေ့ရှိတယ်။ သူတို့ (စစ်အာဏာရှင်တပ်) က ရေနက်ဆိပ်ကမ်းမှာ အင်အားဖြည့်ဖို့ ရေလမ်းကိုပဲ သုံးတယ်။ ကုန်းလမ်းမသုံးတာ ကြာပြီ။ ရေတပ်က အင်အားဖြည့်တင်းဖို့ တပ်ထောက်ကိစ္စကို ဦးစားပေးလုပ်တယ်။ ခြေလျင်တပ် ခြေမြန်တပ်တွေက အင်အားကိုသယ်ပြီး ပြန်လာပို့ပေးတာများတယ်။ ထားဝယ်တို့ မြိတ်တို့ကနေ သွားသယ်လာတာပေါ့။ ရေတပ်သင်္ဘောက လက်နက်ကြီးပစ်ကူ သုံးတာတွေလည်း ရှိတယ်။ ကမ်းခြေတစ်လျှောက်လုံးက ရွာတွေမှာ တိုက်ပွဲဖြစ်ရင် အမြဲသုံးတယ်။ လေကြောင်းအနေနဲ့ တစ်ခါတလေ လာတာရှိသလို လက်နက်ကြီးနဲ့ ဒရုန်းက ကံပေါက်တိုက်နယ်ဘက်ကနေ လာတာမျိုးလည်း ရှိတယ်။
DW ။ လက်တလောမှာ ရေနက်ဆိပ်ကမ်း စလုပ်နိုင်မယ်ထင်လား။ စီမံကိန်းစလုပ်ဖို့ စစ်အာဏာရှင်တပ်ဘက်က အင်အားသုံးလာရင်ရော တော်လှန်ရေးအင်အားစုတွေဘက်က ဘာလုပ်ဖို့ ပြင်ဆင်ထားလဲ။
ဖြေ ။ ရေနက်ဆိပ်ကမ်းကို စလုပ်မယ်ဆိုရင်တော့ သူတို့ (စစ်အာဏာရှင်တပ်) ဘက်က နယ်မြေရှင်းဖို့ အင်အား အတော်လိုမယ်။ လက်ရှိအနေအထားနဲ့ဆို အဲဒီလိုလုပ်ဖို့ မဖြစ်နိုင်ဘူး။ ကျွန်တော်တို့ဘက်က ပြင်ဆင်မှုအပိုင်းတွေတော့ လက်တလော ပြောပြလို့ မရသေးဘူး။ ဖြစ်ပြီးမှပဲ ပြောပြလို့ရမယ်။
DW ။ ရေဖြူမြို့နယ်ဇာတိ လူငယ်တစ်ယောက်အနေနဲ့ အထူးစီးပွားရေးဇုန်အပေါ် မျှော်လင့်ချက်နဲ့ လက်ရှိ ပကတိကြုံနေရတဲ့အပေါ် အမြင်လေး ပြောပြပေးပါ။
ဖြေ ။ ခေတ်စနစ်ကောင်းနေချိန်မှာ (ရေနက်ဆိပ်ကမ်း) အကောင်အထည်ဖော်တာမျိုး ဆိုရင်တော့ အားလုံးအတွက် အကောင်းဆုံးပဲပေါ့နော်။ အထူးစီးပွားရေးဇုန်တွေကြောင့် ချမ်းသာသွားတဲ့ နိုင်ငံတွေလည်း ရှိတယ်လေ။ လုပ်ဖြစ်ခဲ့မယ်ဆိုရင်တော့ ဒေသခံတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ရတာရှိမယ်ပေါ့။ ဒါပေမဲ့ ဆိုးကျိုးက ပိုများနိုင်တယ်။ ဘာကြောင့်လဲဆိုတော့ စီမံခန့်ခွဲမှုတွေက အဆင်မပြေနေလို့လေ။ အဲဒီလိုဆိုတော့ ဒေသခံတွေအတွက်လည်း မျှော်လင့်ချက် ရှိမှာမဟုတ်ဘူး။ သူတို့ (စစ်အာဏာရှင်တပ်) လုပ်ချင်သလို လုပ်နိုင်တယ်။ ဒေသခံတွေရဲ့ မြေယာတွေလည်း ကျွန်တော်တို့ ငယ်ငယ်က တွေ့ရသလို ‘တပ်ပိုင်’ ဆိုပြီး သိမ်းဆည်းတာတွေ၊ ပြည်သူကို စိတ်ကြိုက် အနိုင်ကျင့်တာတွေ ကြုံရနိုင်တယ်။







