စစ်အာဏာသိမ်းပြီးနောက်တွင် ကျန်းမာရေးကဏ္ဍတစ်ခုလုံး ကမောက်ကမ ဖြစ်လာပြီး မြို့ပြနှင့် အလှမ်းဝေးသော ဒေသများတွင် ဆေးဝါးပြတ်လပ်သည်အထိ ဖြစ်လာသည်။ စစ်အာဏာသိမ်းမှုမှာ ၅ နှစ်ကျော်လာသော်လည်း ကျေးလက်ဒေသများတွင် ကျန်းမာရေး စောင့်ရှောက်မှု ရပ်ဆိုင်းနေဆဲဖြစ်ပြီး ကိုယ်ဝန်ဆောင် အမျိုးသမီးနှင့် မွေးကင်းစ ကလေးများအတွက် အခက်အခဲ ကြီးကြီးမားမား ရင်ဆိုင်နေကြရသည်။
မြို့ပြနှင့် အလှမ်းမဝေးသည့် ဒေသများမှာ မြို့ပေါ်ဆေးရုံများကို သွားရောက်၍ ဆေးကုသနိုင်သည် ဆိုသော်လည်း သွားလာရာတွင် အခက်အခဲများစွာ ကြုံကြရသည်။ လမ်းခရီးတွင် တိုက်ပွဲဖြစ်ပွားနေခြင်း၊ စစ်အာဏာရှင်တပ်၏ စစ်ဆေးရေးဂိတ်များတွင် အကြောင်းမဲ့ ဖမ်းဆီးအရေးယူခြင်း၊ အချို့သော ဒေသများတွင် သွားလာခွင့် ပိတ်ပင်ထားခြင်းတို့ကို ကြုံနေကြရသည်။ မြို့ပြနှင့် အလှမ်းဝေးသည့် ဒေသများမှာမူ ကျန်းမာရေးစောင့်ရှောက်မှု မရှိသလောက် အခြေအနေကိုပင် ရင်ဆိုင်နေကြရသည်။
ကိုယ်ဝန်ဆောင် အမျိုးသမီးများနှင့် မွေးကင်းစ ကလေးများအတွက် ကာကွယ်ဆေး မရရှိခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှု မရှိခြင်းတို့ကြောင့် မလိုလားအပ်ဘဲ အသက်သေဆုံးမှုများလည်း ရှိနေသည်။ ယင်းအခြေအနေများကို သိရှိနိုင်ရန်အတွက် ယခုအပတ် တနင်္သာရီပုံရိပ် အစီအစဉ်တွင် ပဋိပက္ခဒေသများနှင့် ကျေးလက်ဒေသများမှ ကိုယ်ဝန်ဆောင်များနှင့် ကျန်းမာရေးဆိုင်ရာ အကူအညီပေးနေသူများကို မေးမြန်းဖော်ပြလိုက်ပါသည်။
“စစ်ရှောင်နေတဲ့ နေရာတွေမှာက ကာကွယ်ဆေးထိုးဖို့ မဖြစ်နိုင်ဘူး”
တနင်္သာရီမြို့နယ် စစ်ရှောင်ကူညီနေသည့် ဆေးမှူးတစ်ဦး
DW – စစ်ရှောင်ထဲက ကိုယ်ဝန်ဆောင်တွေက ကာကွယ်ဆေး ဘယ်လိုထိုးနေကြလဲ။
ဖြေ – အဓိကက ထိုးတဲ့ဆေးအပေါ် မူတည်တာပေါ့လေ။ တချို့ကျတော့လည်း ဆေးရုံတွေမှာ သွားထိုးကြတယ်။ အဓိကက ဒီဆေးက အစိုးရဆေးရုံ၊ ဆေးခန်းတွေမှာပဲ ထိုးရတာဆိုတော့ အပြင်ပုဂ္ဂလိက ဆေးရုံတွေမှာလည်း ထိုးလို့မရဘူး။ တချို့ကျလည်း လုံးဝ မထိုးကြဘူး။ အထူးသဖြင့် လက်လှမ်းမမီတာဖြစ်ဖြစ်၊ သွားလာမနိုင်တာဖြစ်ဖြစ် ခက်ခဲတဲ့သူတွေကတော့ လုံးဝမထိုးဖြစ်ဘူးပေါ့။
DW – စစ်ရှောင်နေတဲ့ နေရာတွေမှာကရော ကာကွယ်ဆေး ထိုးနေကြလား။
ဖြေ – စစ်ရှောင်နေတဲ့ နေရာတွေမှာက ကာကွယ်ဆေးထိုးဖို့ မဖြစ်နိုင်ဘူး။ အဓိကက ကာကွယ်ဆေးတော်တော်များများက ဒီအစိုးရဘက်ကပဲ လာတာပေါ့နော်။ ပြောရမယ်ဆို အစိုးရတွေနဲ့ပဲ ဒီကောင်တွေက လာတာများတယ်ဆိုတော့ အထူးသဖြင့် ကလေးတွေက သီးသန့်ထိုးဖို့ အစီအစဉ်မျိုးတော့ မရှိဘူး။ ကာကွယ်ဆေးနဲ့ ပတ်သက်တာမျိုးတော့ ဒီဘက်မှာ မရှိဘူး။
DW – လသားကလေးတွေက ဘယ်လိုထိုးနေကြလဲ။
ဖြေ – ဒီလို မိသားစုနဲ့ပဲ သွားထိုးကြတယ်။ လမ်းကြုံ သွားထိုးကြတယ်။ တချို့ သွားမရဲတဲ့သူက လုံးဝမသွားဘူးပေါ့။
DW – ကိုယ်ဝန်ဆောင်တွေက မထိုးဘဲနဲ့ နေနေကြတာလား။
ဖြေ – ကိုယ်ဝန်ဆောင်တွေက ရပ်ရွာမှာ ထိုးလို့ရတဲ့ဆေး ရှိရင် ထိုးတာပေါ့လေ။ အချို့ ထိုးလို့မရတဲ့ဟာ ရှိရင်တော့ ရှိတဲ့ဆေးဆို ထိုးတယ်။ မရှိဘူးဆိုလည်း မထိုးကြဘူး။
DW – အခု ကာကွယ်ဆေးထိုးရတာရော သိကြသေးလား။
ဖြေ – ပြောရမယ်ဆို ဖြစ်လာမှပဲ သွားထိုးကြတယ်။ အရင်ကဆို အသိပညာပေးတာတွေ ရှိတယ်ဆိုတော့ ဘယ်နေ့ အသက်ဘယ်လောက်ဆို ဘာထိုးရမယ်ဆိုတာ သိတယ်လေ။ အခုက ဒါတွေမှ မရှိတော့တာ။ တော်တော်များများက မထိုးကြဘူးလေ။
DW – ထိုးဖို့ မသိတဲ့ အခြေအနေမျိုးလား။
ဖြေ – နောက်ပိုင်းလူတွေမှာဆို ပတ်ဝန်းကျင် ပြောတာလောက်ပဲ အနည်းငယ် သိတော့တာပေါ့လေ။ အရင်ကလို သေချာ မသိတော့ဘူး။ အနီးကပ် ပြောပြပေးမယ့်သူ မရှိဘူးပေါ့၊ အရင်ကဆို ရှိနေတယ်။
“တော်တော်များများကတော့ ဒေသမှာရှိတဲ့ ဝမ်းဆွဲသည်တို့ အပ်ပုန်းတို့ပေါ့နော်။ အဲလိုမျိုး မကျွမ်းကျင်တဲ့လူတွေနဲ့ပဲ မွေးဖွားပြီးတော့ ကုသနေရတဲ့ အနေအထားမျိုးတွေ ရှိတယ်”
TIDE Information Unit (TIU) တာဝန်ရှိသူတစ်ဦး
(TIU သည် တနင်္သာရီအခြေစိုက် လွတ်လပ်သည့် သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်ပြီး စစ်ရေး၊ နိုင်ငံရေး၊ လူ့အခွင့်အရေး ချိုးဖောက်မှုများကို မှတ်တမ်းတင်နေသည့် အဖွဲ့ဖြစ်သည်။)
DW – ဆိုတော့ တနင်္သာရီတိုင်းမှာ ကလေးတွေ ကာကွယ်ဆေးထိုးနှံခွင့်က အာဏာမသိမ်းခင်နဲ့ အာဏာသိမ်းပြီးနောက်ပိုင်း ဘယ်လိုကွာခြားသွားတာ တွေ့ရလဲ။
ဖြေ – အာဏာမသိမ်းခင်ကာလကဆိုလို့ရှိရင်တော့ မြို့ပြဒေသတွေမှာရော ကျေးလက်ဒေသတွေမှာပါ အားလုံးခြုံငုံပြီးတော့ လူတန်းစေ့ထိုးနှံနိုင်အောင်အတွက် လုပ်ပေးခဲ့တာရှိတယ်။ တကယ်လည်း ထိရောက်မှုရှိပြီးတော့ လူတန်းစေ့ထိုးနှံနိုင်ခဲ့တဲ့ အနေအထားမျိုးတွေရှိတယ်ပေါ့။ ဒါပေမဲ့ အာဏာသိမ်းပြီးနောက်ပိုင်းမှာကျတော့ ကျေးလက်ဒေသတွေမှာဆိုလို့ရှိရင် တိုက်နယ်ဆေးရုံတွေ၊ ကျေးလက်ကျန်းမာရေးဌာနခွဲတွေ အများစုက ပိတ်သိမ်းလိုက်ရတဲ့ အနေအထားအထိ ဖြစ်သွားတယ်ပေါ့နော်။
ဆိုတော့ ဒီဟာက တော်တော်လေး သက်ရောက်မှုကြီးပါတယ်။ ကျေးလက်ဒေသတွေမှာက အထူးသဖြင့် တိုက်နယ်ဆေးရုံတွေနဲ့ ကျေးလက်ကျန်းမာရေးဌာနခွဲတွေကိုပဲ အဓိက အားကိုးနေရတာဖြစ်တယ်ပေါ့နော်။ ဆိုတော့ အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ ဒီဆေးရုံတွေက လုံးဝမလည်ပတ်နိုင်တော့တဲ့ အနေအထားမျိုးဖြစ်ပြီးတော့ ပိတ်သိမ်းလိုက်ရတဲ့ အနေအထားမျိုးတွေပဲ များတယ်ပေါ့နော်။ ဆိုတော့ အဲဒီကျေးလက်ဒေသက ကလေးငယ်တွေအနေနဲ့ ကာကွယ်ဆေးထိုးနှံခွင့်မရဘူး။ ကာကွယ်ဆေးထိုးနှံချင်တယ်ဆိုရင် မြို့ပေါ်ကိုပဲသွားပြီးတော့ ထိုးနှံရတယ်ဆိုတဲ့ အနေအထားမျိုးတွေ ဖြစ်တယ်ပေါ့နော်။
ဆိုတော့ အချို့သောဒေသတွေက တော်တော်လေးဝေးလံတယ်။ လမ်းခရီး ဆက်သွယ်ရေးအရရော၊ လုံခြုံရေးအရရော ကျွန်တော်တို့မှာ အဟန့်အတားတွေ အများကြီးရှိတယ်ပေါ့။ ဒီလိုမျိုး ထိုးနှံနိုင်ဖို့အတွက် မသွားလာနိုင်တဲ့ ကလေးငယ်တွေ၊ မိသားစုတွေလည်း အများကြီးရှိတယ်ပေါ့နော်။ ဒီလိုပုံစံမျိုးနဲ့ အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာကတော့ ရိုက်ခတ်မှုရှိလာတယ်ပေါ့။
ပြီးတော့ မြို့ပြဒေသတွေမှာဆိုလို့ရှိရင်လည်း အဲလိုပဲ ပြည်သူ့ဆေးရုံကြီးတွေမှာကတော့ ထိုးနှံပေးတာရှိတယ်ဆိုပေမယ့် အရင်လိုမျိုး ကာလအလိုက် ရာသီအလိုက် တိတိကျကျ ဆောင်ရွက်နိုင်တာမျိုး အားနည်းလာတယ်။ ပြီးတော့ စာသင်ကျောင်းတွေမှာပဲဖြစ်ဖြစ်၊ ရပ်ကွက်တွေအတွင်းမှာပဲဖြစ်ဖြစ် ဒီလိုမျိုးလုပ်နိုင်တဲ့ အနေအထားမျိုးတွေက အားနည်းလာပြီးတော့ ကာကွယ်ဆေးထိုးနှံခွင့်ရတဲ့ ရာခိုင်နှုန်းက လျော့နည်းလာတယ်။ ကာကွယ်ဆေးထိုးနှံခွင့်ရတဲ့ ကလေးငယ် အရေအတွက်ကလည်း ကျဆင်းလာပြီးတော့ ဒီဟာရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ခံစားနေကြရတာမျိုးရှိတယ်ပေါ့နော်။
DW – စစ်ရှောင်နေရတဲ့ကလေးတွေနဲ့ ပဋိပက္ခဒေသက ကလေးတွေ ကာကွယ်ဆေးထိုးခွင့်ရဖို့ ဘာတွေက အဟန့်အတား ဖြစ်နေစေလဲ။
ဖြေ – အဓိကအားဖြင့်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကလေးငယ်တွေ ကာကွယ်ဆေးထိုးနှံခွင့်ရဖို့အတွက် အဟန့်အတားဖြစ်စေတာကတော့ တိုက်ပွဲဖြစ်ပွားမှုတွေရှိမယ်၊ လုံခြုံရေးအရ သွားလာဖို့အဆင်မပြေတဲ့ အနေအထားမျိုးတွေ ပြီးတော့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုတွေပေါ့နော်။
ဆိုလိုတာက ပထမတစ်ချက် တိုက်ပွဲဖြစ်ပွားမှုတွေက ကျေးလက်ဒေသတွေမှာ ဒါမှမဟုတ် တော်လှန်ရေးတပ်တွေက ထိန်းချုပ်ထားတဲ့၊ စိုးမိုးထားတဲ့ ဒေသတွေက ကလေးငယ်တွေက ကာကွယ်ဆေးထိုးချင်တယ်ဆိုလို့ရှိရင် မြို့ပေါ်ဒေသတွေကို သွားရမယ်ပေါ့။ မြို့ပေါ်ဒေသတွေကို သွားဖို့အတွက် လမ်းပိုင်းမှာက တိုက်ပွဲဖြစ်ပွားမှုတွေကြောင့်၊ စစ်ကြောင်းထိုးမှုတွေကြောင့် သွားလာရတာ အဆင်မပြေဘူးပေါ့နော်။ ဒီဟာမျိုးဖြစ်တဲ့အတွက်ကြောင့် ကာကွယ်ဆေးထိုးနှံခွင့်နဲ့ လွဲချော်သွားတာမျိုးတွေ ရှိတယ်။
နောက်တစ်ချက်ကတော့ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာနေတဲ့ ပြည်သူတွေအနေနဲ့က စစ်တပ်ရဲ့ စစ်ဆေးရေးဂိတ်တွေမှာ စစ်ဆေးတာတွေ၊ ဖမ်းဆီးတာတွေ မျိုးစုံပေါ့နော်။ ဒီလိုမျိုး ဖိနှိပ်ကန့်သတ်မှုတွေ လုပ်နေတယ်ဆိုတဲ့ အနေအထားမှာ ကျေးလက်ဒေသတွေမှာရှိတဲ့ ပြည်သူတွေကလည်း မြို့ပြဒေသတွေကို သွားရောက်ဖို့အတွက် ကြောက်ကြတယ်ပေါ့နော်။ ဒီလိုမျိုးအခြေအနေတွေကြောင့်လည်း၊ လုံခြုံရေးအခြေအနေတွေအရလည်း ကာကွယ်ဆေးထိုးနှံခွင့်နဲ့ လွဲချော်ရတာမျိုးရှိတယ်။
ပြီးတော့ အချို့သောဒေသတွေက လမ်းပန်းဆက်သွယ်ရေးအရ တော်တော်လေးကိုမှပဲ ဝေးလံခေါင်သီပြီးတော့ ကြမ်းတမ်းတယ်ပေါ့နော်။ ဒီလိုဒေသတွေကကျတော့လည်း သူတို့အနေနဲ့ တကူးတက မြို့ပေါ်ကို တစ်ခေါက်တစ်ခေါက် လာဖို့အတွက်ဆိုလို့ရှိရင်လည်း သူတို့အတွက် စိန်ခေါ်ချက်တွေ၊ ကုန်ကျစရိတ်တွေလည်း အများကြီးရှိတယ်ပေါ့။ အချို့သော မိသားစုတွေဆိုလို့ရှိရင် ဆင်းရဲတယ်၊ နွမ်းပါးတယ်။ ဒီလိုမျိုး မိသားစုတွေဆိုလို့ရှိရင်တော့ ကာကွယ်ဆေးထိုးနှံခွင့် မရတာမျိုးရှိတယ်ပေါ့နော်။
အချို့ကလည်း လာချင်တယ်ဆိုပေမယ့်လည်း ဆေးထိုးနှံရခြင်းရဲ့ ကောင်းကျိုးဆိုးကျိုးတွေနဲ့ ဘယ်လိုသက်ရောက်မှုရှိလဲဆိုတာတွေကို တိတိကျကျ ရှင်းရှင်းလင်းလင်း သိရှိထားတာမျိုး မရှိဘူးပေါ့နော်။ ဒီအပေါ်မှာ တချို့တွေကလည်း ပေါ့ဆတယ်။ ပေါ့ဆပြီးတော့ မထိုးနှံလိုက်ရဘူးဆိုတဲ့ အနေအထားမျိုးတွေလည်း ရှိတယ်ပေါ့နော်။ ဒီလိုမျိုး အခက်အခဲတွေ အများကြီးရှိနေတဲ့အတွက်ကြောင့် ကလေးငယ်အများစုက ကာကွယ်ဆေးထိုးနှံခွင့်ရဖို့က အဟန့်အတားဖြစ်နေတာပေါ့နော်။
DW – တော်လှန်ရေးကာလမှာ ကလေးတွေ ကာကွယ်ဆေးထိုးခွင့်ရဖို့အတွက် တာဝန်ရှိသူတွေအနေနဲ့ ဘာတွေလုပ်ဆောင်သင့်လဲ။
ဖြေ – ကလေးငယ်တွေမှာ ကာကွယ်ဆေးထိုးနှံနိုင်ခွင့်ရဖို့အတွက်က တော်တော်လေး အရေးကြီးတယ်ပေါ့နော်။ ဘာလို့လဲဆိုတော့ လာမယ့်အနာဂတ်မှာရော၊ နောက်မျိုးဆက်တွေအပေါ်မှာရော သက်ရောက်မှုက ကြီးမားလို့ဖြစ်ပါတယ်။ တကယ်လို့ အခုကလေးတွေသည် ကာကွယ်ဆေးထိုးနှံခွင့်နဲ့ လွဲချော်ခဲ့လို့ပဲဖြစ်ဖြစ်၊ ကာကွယ်ဆေးထိုးနှံခွင့် မရရှိလိုက်လို့ပဲဖြစ်ဖြစ် နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ဆိုလို့ရှိရင် ကြက်ညှာချောင်းဆိုးတို့၊ မေးခိုင်ရောဂါတို့၊ အသည်းရောင်အသားဝါဘီတို့၊ အဆုတ်ရောင်ရောဂါတို့၊ ဦးနှောက်အမြှေးပါးရောင်တာတို့ အဲလိုမျိုး ရောဂါတွေကတော့ နောက်ဆက်တွဲအနေနဲ့ အများကြီး ခံစားရမှာတွေ ရှိတယ်ပေါ့နော်။
ဒီကလေးငယ်တွေသည် သူတို့သည် လာမယ့်အနာဂတ်ရဲ့ မျိုးဆက်တွေဖြစ်တယ်။ လူသားအရင်းအမြစ်တွေဖြစ်တယ်။ လာမယ့်အနာဂတ်မှာ ကိုယ့်ရပ်၊ ကိုယ့်ရွာ၊ ကိုယ့်ဒေသ၊ ကိုယ့်နိုင်ငံကို ဦးဆောင်မယ့် မျိုးဆက်တွေဖြစ်တယ်ပေါ့နော်။ ဒီကလေးငယ်တွေက ကာကွယ်ဆေးထိုးနှံခွင့်နဲ့ လွဲချော်ပြီးတော့ ခုနကလိုမျိုး နောက်ဆက်တွဲ ထိခိုက်ခံစားရမှုတွေ ရှိတဲ့အတွက်ကြောင့် ကိုယ့်ရပ်၊ ကိုယ့်ရွာ၊ ကိုယ့်ဒေသအတွက်ပဲဖြစ်ဖြစ်၊ ကိုယ့်နိုင်ငံအတွက်ပဲဖြစ်ဖြစ် သက်ရောက်မှုတွေက ကြီးကြီးမားမား ရှိလာနိုင်တယ်ပေါ့နော်။ ဆိုလိုတာက ကျွန်တော်တို့ ဒီလောက်အထိ အရေးကြီးတဲ့အချက် ဖြစ်တယ်ပေါ့နော်။
ဒီဟာအပေါ်မှာ ဖြေရှင်းနိုင်ဖို့အတွက်၊ ကုစားနိုင်ဖို့အတွက်ဆိုလို့ရှိရင်တော့ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေဘက်က တော်လှန်ရေးအဖွဲ့အစည်းတွေအပေါ်မှာရော၊ တော်လှန်ရေးအစိုးရအနေနဲ့ရော၊ ပြီးတော့ တခြားသော စစ်အာဏာရှင်တပ်က ထိန်းချုပ်ထားတဲ့ ဒေသတွေမှာရှိတဲ့ အဖွဲ့အစည်းတွေအနေနဲ့ရော၊ စစ်အာဏာရှင်တပ်အနေနဲ့ရော၊ စစ်အစိုးရအနေနဲ့ရော ဒီအပေါ်မှာကတော့ ဘယ်လိုလူမျိုးမဆို ခွဲခြားမှုမရှိဘဲနဲ့ လူတန်းစေ့ ကာကွယ်ဆေးထိုးနှံနိုင်ခွင့်ရဖို့အတွက်ကတော့ တာဝန်ရှိတယ်ပေါ့နော်။
DW – ကိုယ်ဝန်ဆောင် သေဆုံးမှုကလည်း လူဦးရေတစ်သိန်းမှာ ၁၈၀ ကျော်ရှိနေတယ်လို့ ၂၀၂၃ ခုနှစ်ထုတ် ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာအရ သိရပါတယ်။ တနင်္သာရီတိုင်းရဲ့ အခြေအနေကရော ဘယ်လိုရှိလဲ။
ဖြေ – ကိုယ်ဝန်ဆောင်တွေ ကလေးမွေးဖွားတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ကလည်း အာဏာမသိမ်းခင်ကနဲ့ အာဏာသိမ်းပြီးတဲ့ ကာလမှာကတော့ အများကြီး ကွာခြားမှုတွေဖြစ်သွားတယ်ပေါ့နော်။ အာဏာမသိမ်းခင် ကာလကဆိုလို့ရှိရင် ကိုယ်ဝန်ဆောင်တွေအနေနဲ့က မြို့ပေါ်ဆေးရုံတွေမှာပဲဖြစ်ဖြစ်၊ ကျေးလက်ဒေသတွေမှာဆိုလို့ရှိရင်လည်း ကျေးလက်ကျန်းမာရေးဌာနခွဲတို့၊ တိုက်နယ်ဆေးရုံတို့မှာပဲဖြစ်ဖြစ်ပေါ့နော် တကယ့်ကိုမှ ကျွမ်းကျင်တဲ့ ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ ကိုယ်ထိလက်ရောက် မွေးဖွားခွင့်ရတယ်။ အဆင်ပြေတယ်ပေါ့နော်။ ပြီးတော့ တကယ်လို့ အရေးပေါ်ဗိုက်နာလာလို့ အရေးပေါ်ဆေးရုံ၊ ဆေးခန်းကို ပို့ရမယ်ဆိုလို့ရှိရင်လည်း ဘယ်အချိန်မှာပဲဖြစ်ဖြစ် တစ်ခါတည်း အချိန်မီရောက်အောင် ပို့ဆောင်နိုင်တဲ့ အနေအထားမျိုး ဖြစ်တယ်ပေါ့နော်။
ဒါပေမဲ့ အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာကကျတော့ ကျေးလက်ဒေသအများစုမှာဆိုလို့ရှိရင် တိုက်နယ်ဆေးရုံတို့၊ ကျေးလက်ကျန်းမာရေးဌာနခွဲတို့ကတော့ လုံးဝပိတ်သိမ်းထားပြီးတော့ မလည်ပတ်နိုင်တော့တဲ့ အနေအထားမျိုးရှိတယ်။ တော်တော်များများကတော့ ဒေသမှာရှိတဲ့ ဝမ်းဆွဲသည်တို့၊ အပ်ပုန်းတို့ပေါ့နော်။ အဲလိုမျိုး မကျွမ်းကျင်တဲ့လူတွေနဲ့ပဲ မွေးဖွားပြီးတော့ ကုသနေရတဲ့ အနေအထားမျိုးတွေ ရှိတယ်ပေါ့နော်။ ဒီဟာကလည်း ကလေးသေဆုံးမှုနဲ့ ကလေးမွေးဖွားတဲ့အခါမှာ အခက်အခဲတွေ အများကြီးရှိတဲ့ဟာ ဖြစ်ပါတယ်။
တကယ်လို့ အရေးပေါ်ဖြစ်လာလို့ ကျေးလက်ဒေသတွေမှာ မမွေးချင်ဘူး၊ မြို့ပေါ်ဆေးရုံတွေကို သွားချင်တယ်ဆိုလို့ရှိရင်လည်း နယ်မြေလုံခြုံရေးအရ၊ လမ်းပန်းဆက်သွယ်ရေးအရ၊ တိုက်ပွဲဖြစ်ပွားမှုတွေ၊ စစ်ကြောင်းထိုးမှုတွေအရ အချိန်မီ ဆေးရုံ၊ ဆေးခန်းတွေကို သွားဖို့အတွက်က အဟန့်အတားတွေ အများကြီးရှိတယ်ပေါ့နော်။ ဒီလိုမျိုး အခြေအနေတွေကြောင့် ကိုယ်ဝန်ဆောင်တွေမှာ ကလေးမွေးဖွားခွင့်နဲ့ ပတ်သက်ပြီးတော့က အခက်အခဲတွေ အများကြီးရှိတယ်။ ပြီးတော့ အရင်ကထက်စာလို့ရှိရင် ကလေးသေဆုံးမှုတွေလည်း ပိုပြီးတော့ မြင့်တက်လာတာမျိုးတွေ ရှိတယ်ပေါ့နော်။
ပြီးတော့ ကိုယ်ဝန်ဆောင်တွေမှာက ကိုယ်ဝန်ဆောင်စဉ်ကာလမှာ သံဓာတ်အားဆေးတွေ၊ သွေးအားဆေးတွေ သောက်ဖို့လိုတယ်။ လိုအပ်တဲ့ ကာကွယ်ဆေးတွေဆိုလို့ရှိရင်လည်း ၂ ကြိမ်၊ ၃ ကြိမ်အထိ ထိုးနှံနိုင်ဖို့လိုတယ်ပေါ့နော်။ အာဏာသိမ်းပြီးတဲ့ ကာလမှာက အခုလိုမျိုး ကိုယ်ဝန်ဆောင်တွေမှာ ကာကွယ်ဆေးထိုးနှံခွင့်မရဘူး။ လိုအပ်တဲ့ သံဓာတ်အားဆေးတွေဆိုလို့ရှိရင်လည်း နေ့စဉ် မသောက်ရဘူး။ ဒီလိုမျိုး အနေအထားတွေအတွက်ကြောင့်လည်း ကလေးငယ်အပေါ်မှာ ကိုယ်ဝန်ဆောင်နေစဉ်ကာလအတွင်းမှာလည်း အများကြီး သက်ရောက်မှုရှိပြီးတော့ ဒါတွေက ကလေးမွေးဖွားတဲ့အခါမှာလည်း လာပြီးတော့ သက်ရောက်မှုရှိတာ ဖြစ်ပါတယ်။
DW – ကိုယ်ဝန်ဆောင်တွေ ကျန်းမာရေးစောင့်ရှောက်မှုရဖို့၊ ဘေးအန္တရာယ်ကင်းကင်းနဲ့ ကလေးမွေးဖွားနိုင်ဖို့ ဘယ်အရာတွေက အဓိက အခက်အခဲဖြစ်နေတာ တွေ့ရလဲ။
ဖြေ – ကိုယ်ဝန်ဆောင်တွေမှာ ကျန်းမာရေးစောင့်ရှောက်မှုရဖို့အတွက်၊ ဘေးအန္တရာယ်ကင်းကင်းနဲ့ ကလေးမွေးဖွားနိုင်ဖို့အတွက် အဓိကအခက်အခဲဖြစ်နေတဲ့ အရာတွေဆိုလို့ရှိရင်တော့ လုံခြုံရေးအခြေအနေအရ စစ်ကြောင်းထိုးမှုတွေ၊ တိုက်ပွဲဖြစ်ပွားမှုတွေကြောင့် ဆေးရုံ၊ ဆေးခန်းတွေကို သွားလာလို့မရတာတွေ၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာတွေ ပေါ့နော်။ ကိုယ်ဝန်ဆောင်တွေက သာမန်လူတွေလိုမျိုး ကြမ်းတမ်းတဲ့လမ်းတွေကို အကြမ်းပတမ်း သွားလို့မရဘူး ပေါ့နော်။ တော်တော်လေး သိမ်သိမ်မွေ့မွေ့နဲ့ သွားလာနိုင်ဖို့ လိုအပ်တယ်ပေါ့။ အခုအချိန်မှာက အချို့ဒေသတွေမှာဆိုလို့ရှိရင် လမ်းခရီးက တော်တော်လေး ခက်ခဲကြမ်းတမ်းတယ်။ ဒီဟာတွေကြောင့်လည်း ကိုယ်ဝန်ဆောင်တွေမှာ လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ၊ ကလေးမွေးဖွားနိုင်ဖို့အတွက်တွေ သက်ရောက်မှုတွေ ရှိနေတာဖြစ်တယ် ပေါ့နော်။
ပြီးတော့ နောက်ထပ်တစ်ခုကတော့ အရေးကြီးတာက ဒီလိုမျိုး ကိုယ်ဝန်ဆောင်တွေ မွေးဖွားဖို့အတွက်ပဲဖြစ်ဖြစ်၊ ကျန်းမာရေးစောင့်ရှောက်မှု ပေးဖို့အတွက်ပဲဖြစ်ဖြစ် ဒီလိုမျိုး လုပ်ပေးတဲ့သူတွေသည် တကယ် ပရော်ဖက်ရှင်နယ် ဆရာဝန်တွေ၊ သူနာပြုတွေ ဖြစ်နေဖို့ လိုတယ်ပေါ့နော်။ ဒါပေမဲ့ အခုချိန်မှာကတော့ ဒီလိုမျိုး မဟုတ်တော့ဘဲနဲ့ ကျေးလက်ဒေသတွေမှာရှိတဲ့ အပ်ပုန်းတွေ၊ မကျွမ်းကျင်တဲ့ ဝမ်းဆွဲသည်တွေ လက်ထဲကိုပဲ အပ်ထားရတယ်ပေါ့။ သူတို့ပြောတဲ့အတိုင်းပဲ လုပ်ရတယ်၊ သူတို့ ကုသပေးတဲ့အတိုင်းပဲ ခံရတယ်ပေါ့နော်။ ကိုယ်ဝန်ဆောင်တွေနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေလည်း သူတို့က ဂဃနဏ မသိဘူး။
ခုနကပြောတဲ့ အပ်ပုန်းတို့၊ ဝမ်းဆွဲသည်တွေအနေနဲ့ဆိုလို့ရှိရင်လည်း ဒီလိုမျိုးဟာတွေနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုမျိုး နေထိုင်စားသောက်ရမယ်၊ ဘာတွေမျိုး ရှောင်ကြဉ်ရမလဲ၊ ပြီးတော့ ကာကွယ်ဆေးထိုးဖို့ ကိစ္စတွေရော၊ အားဆေးသောက်ဖို့ ကိစ္စတွေရောက သူတို့အနေနဲ့ သေသေချာချာ မရှင်းပြနိုင်ဘူးပေါ့နော်။ တစ်ခါတစ်လေဆိုလို့ရှိရင် ကိုယ်ဝန်ဆောင်တွေကို မှားမှားယွင်းယွင်းနဲ့ ကုသပေးတာတွေပါ လုပ်တာမျိုးတွေ ရှိတယ်ပေါ့နော်။
အထူးသဖြင့်ကတော့ ကျေးလက်ဒေသတွေမှာဆိုလို့ရှိရင် ဗိုက်ပြင်တယ်ဆိုတာက တော်တော်လေး ခေတ်စားတယ်ပေါ့နော်။ ဒီဟာက တချို့သူတွေဆိုလို့ရှိရင်တော့ လက်တည့်စမ်းတယ်ပေါ့၊ အဆင်ပြေသလို လုပ်ပေးတယ်ဆိုတဲ့ဟာမျိုးတွေ ရှိတယ်ပေါ့နော် မကျွမ်းကျင်ဘဲနဲ့လေ။ ဒီဟာတွေက ကိုယ်ဝန်ဆောင်တွေအပေါ်မှာ ဆိုးဆိုးရွားရွား ထိခိုက်နေတဲ့ဟာမျိုးတွေ ဖြစ်တယ်။ ပြီးတော့ ကိုယ်ဝန်ဆောင်တွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေလည်း ဖြစ်ပါတယ်။
“မွေးကင်းစကလေးတွေအတွက် လအပိုင်းအခြားအလိုက် ကာကွယ်ဆေးထိုးရမယ့် အစီအစဉ်တွေ လုံးဝ မရှိတော့ဘူး”
ရေဖြူမြို့နယ်၊ နဘုလယ် ဒေသခံတစ်ဦး
DW – အာဏာသိမ်းပြီး ငါးနှစ်အကြာ နဘုလယ်ဒေသမှာ ကိုယ်ဝန်ဆောင်နဲ့ ကလေး ကျန်းမာရေး အခြေအနေတွေ ဘယ်လိုရှိလဲ။ ဘာတွေ ကြုံတွေ့နေရလဲ။
ဖြေ – ကိုယ်ဝန်ဆောင်တွေ ကြုံရတာက မွေးဖွားတဲ့ ပြဿနာ ကြုံရတယ်။ သားဖွားဆရာမတွေ ရှိပေမဲ့ ညဘက်တွေမှာဆိုရင် အဆင်မပြေဘူး။ တချို့ဆရာမတွေက နည်းနည်းဝေးတဲ့ ခရီးဆိုရင် ညဘက် လိုက်ကြည့်ပေးဖို့ မရဲဘူး။ အဲလိုဆိုရင် ဆရာမ သုံးယောက်ရှိတယ်၊ တစ်ယောက်မရရင် တစ်ယောက် လိုက်ခေါ်ရတယ်။ အချိန်ကြန့်ကြာတာမျိုးတော့ ရှိတာပေါ့။ အချိန်ကြန့်ကြာလို့ အရေးပေါ်အခြေအနေမျိုး ညဘက်ဖြစ်တာမျိုးတော့ မကြုံရသေးဘူး၊ နေ့ဘက်ဖြစ်တာမျိုးမှာတော့ အရေးပေါ် ဆေးရုံပို့ရတာမျိုးတော့ ရှိတယ်။
DW – ကိုယ်ဝန်ဆောင်တွေ မမွေးဖွားမီ ကျန်းမာရေးစောင့်ရှောက်မှု ဘယ်လိုရှိလဲ။
ဖြေ – (ကျန်းမာရေး စောင့်ရှောက်မှုက) အခုဆို မရှိဘူး။ ပေးနေတဲ့နေရာလည်း ရှိလည်း မရှိတော့ဘူးဆိုတော့ မရတော့ဘူး။ အခု သုံးလလောက်တော့ ရှိနေပြီ၊ ဆေးဝါးထောက်ပံ့ပေးတဲ့ ပရဟိတ အဖွဲ့အစည်းလိုမျိုး ကျန်းမာရေးအတွက် လုပ်ပေးနေတာတော့ ရှိတယ်။ ဖျားနာသူတွေအတွက် သောက်ဆေးတွေ ပေးတာမျိုးပေါ့။ လုပ်ပေးတာကတော့ တော်လှန်ရေးထဲကတော့ မဟုတ်ဘူး၊ ပရဟိတလုပ်တဲ့သူတွေကပဲ ရွာတွေနဲ့ ချိတ်ဆက်ပြီး လုပ်ပေးတယ်။ တစ်ရွာကို စေတနာဝန်ထမ်း တစ်ယောက် ထားပေးတယ်။ သင်တန်းပေးတယ်၊ ဆေးဝါးပစ္စည်းတွေ ချပေးတယ်။ ဒါပေမဲ့ ပြည့်ပြည့်စုံစုံတော့ မဟုတ်သေးဘူး၊ ကလေးနဲ့ ကိုယ်ဝန်ဆောင်အတွက် သီးသန့် ထောက်ပံ့တာမျိုးတော့ မရှိသေးဘူး။
DW – မွေးဖွားတဲ့အချိန်မှာရော ဘယ်လိုပုံစံမျိုးနဲ့ မွေးဖွားတာလဲ။ ရွာမှာ မွေးတာများလား၊ ဆရာမနဲ့လား၊ လက်သည်နဲ့လား။
ဖြေ – အဆင်ပြေတဲ့သူတွေကျတော့ ဆေးရုံ၊ ဆေးခန်း သွားမွေးကြတယ်။ ငွေကြေးပိုင်းလည်း ရှိသေးတာကိုး။ ရွာမှာ မွေးတာကတော့ နေ့စားအလုပ်သမားတွေ များတယ်။ ငွေကြေး အကြီးအကျယ် မတတ်နိုင်တဲ့သူတွေ ရွာမှာ မွေးတဲ့သူများတယ်လို့ပဲ ပြောလို့ရမှာပေါ့။ ရွာမှာ မွေးတာက မွေးရခက်ခဲလာတာမျိုးဆိုရင် ဆရာမတွေကိုယ်တိုင်ပဲ ဆေးရုံလိုက်ပေးတယ်။ ဆရာမကလည်း မွေးရခက်မယ့် ကိုယ်ဝန်ဆောင်မျိုးဆိုရင် မွေးပေးဖို့ အာမမခံဘူး၊ ဆေးရုံတက်ဖို့ပဲ တိုက်တွန်းတယ်။
DW – မွေးပေးတဲ့သူတွေက လက်သည်လား၊ သားဖွားဆရာမလား။
ဖြေ – CDM သားဖွားဆရာမတွေပါ။ ဆရာမတွေကို ပေးရတာကိုပဲ သုံး၊ လေးသိန်း ပေးရတယ်။ အနည်းဆုံး မကုန်ဘူးဆိုရင် ဆယ်သိန်းလောက် အနည်းဆုံး ကုန်တယ်။ ဆယ်သိန်းလောက်တော့ အနည်းဆုံး ရှာထားရတာပေါ့။ အရင်က မကုန်ဘူး၊ အခုက မွေးလူနာဆို ဘယ်လောက်ဆိုပြီး တစ်ခါတည်း သတ်မှတ်ထားတာ။
DW – ကလေးမွေးဖွားပြီးတဲ့အချိန် ဝမ်းဝင်တာတို့၊ ပြာတာတို့ အခြေအနေ ကြုံဖူးလား။ ဘယ်လို ဖြေရှင်းလဲ။ ဆေးရုံ၊ ဆေးခန်းကို လွယ်လွယ်ကူကူ သွားနိုင်လား။ ဆေးမြီးတိုနဲ့ ကုသနေကြတာမျိုး ရှိလား၊ ဘယ်လောက်အထိ များလဲ။
ဖြေ – ဆရာမကတော့ မွေးပြီးပြီးချင်း သုံးရက်လောက် နေပေးတယ်။ သူတို့ရှေ့မှာ ဖြစ်ရင်တော့ ဆရာမက ကြည့်ပေးတာပေါ့။ ကျန်တဲ့အချိန်တွေကျတော့ ဘယ်လို လက္ခဏာတွေတွေ့ရင် အကြောင်းကြားဆိုတာမျိုး ပြောထားတာမျိုး ရှိတယ်။ ဆေးရုံသွားရမယ်ဆိုရင်လည်း လွှတ်ပေးတယ်။ သူတို့ကိုယ်တိုင်လည်း တချို့လူနာတွေ တက်လိုက်ပေးတယ်။ အဓိက အပြင်ဆေးရုံတွေပေါ့၊ အစိုးရဆေးရုံတွေကျတော့ သူတို့ မလိုက်ပေးဘူး။
DW – မွေးကင်းစ ကလေးကာကွယ်ဆေးတွေကရော ထိုးဖို့ လွယ်လွယ်ကူကူ ရှိလား။ မိခင်အများစုကရော ထိုးပေးရကောင်းမှန်း သိကြရဲ့လား။
ဖြေ – တချို့မိခင်တွေ စုပြီး ကားစီးလုံးနဲ့ မြို့ပေါ်တက်ထိုးကြတာ ရှိတယ်။ အချို့ တတ်နိုင်တဲ့သူတွေကျတော့ အပြင်ဆေးရုံ၊ ဆေးခန်းတွေမှာ ဝယ်ပြီး ထိုးပေးကြတာလည်း ရှိတယ်။ မိခင်တော်တော်များများကတော့ သိကြတယ်၊ ဆရာမတွေ ညွှန်ပေးနေတာကိုး။ စရိတ်ကတော့ ကိုယ့်စရိတ်နဲ့ကိုယ်ပေါ့။ တချို့ လက်လုပ်လက်စားတွေကတော့ မထိုးကြတာလည်း ရှိတယ်။ စားဝတ်နေရေး လိုက်နေရတော့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး တိုက်တွန်းလည်း နားမထောင်၊ ယူလည်း မယူဘူးပေါ့။ အဲလိုလူတွေက အများကြီးလည်း မဟုတ်ဘူး၊ ဒါပေမဲ့ ရှိတော့ရှိတယ်။ သူတို့ကျတော့ စားဝတ်နေရေးကိုပဲ အဓိကထားတယ်၊ ကျန်တဲ့အပိုင်း သိပ်အလေးမထားကြတာ များတယ်။
DW – တစ်စုံလုံးကို ပြောကြမယ်ဆိုရင် အာဏာသိမ်းပြီး ပဋိပက္ခဖြစ်နေစဉ်မှာ ကိုယ်ဝန်ဆောင်နဲ့ ကလေးသူငယ် အခွင့်အရေးတွေ ဘာတွေ ပြောင်းလဲသွားလဲ။ ဘာတွေ မရတာလဲ။ အကျိုးဆက်တွေအနေနဲ့ ဘာတွေ ကြုံခဲ့ရတာတွေ ရှိလဲ (ဆိုးကျိုး)။
ဖြေ – ပိုမို ဆိုးရွားလာတယ်၊ အကောင်းဘက် တစ်ခုမှလည်း ရောက်မလာဘူး။ မွေးကင်းစကလေးတွေအတွက် လအပိုင်းအခြားအလိုက် ကာကွယ်ဆေးထိုးရမယ့် အစီအစဉ်တွေ လုံးဝ မရှိတော့ဘူး။ ကိုယ်ဝန်ဆောင်တွေအတွက်ဆို သံဓာတ်အားဆေး ထောက်ပံ့ပေးတာမျိုး၊ အခြားအကူအညီ ထောက်ပံ့ပေးတာမျိုး စတဲ့ ကျန်းမာရေးစောင့်ရှောက်မှုမျိုး မရှိတော့ဘူး။ မွေးဖွားချိန်ဆိုရင်လည်း ကုန်ကျစရိတ်တွေ ပိုများလာတယ်။ အခုက စာစရာရာ ကိုယ့်စရိတ်ကိုယ် စိုက်ရတယ်။
DW – ကျေးဇူးတင်ပါသည်။
“သရက်ချောင်းမြို့ပေါ်မှာ တက်ထိုးကြတယ်။ ဆိုင်ကယ်နဲ့ တက်တဲ့လူလည်း ရှိတယ်”
သရက်ချောင်းမြို့နယ်၊ ပြင်းဖြူသားရွာက ကိုယ်ဝန်ဆောင် အမျိုးသမီး
DW – ညီမတို့ရွာမှာ ဗိုက်ရှင်မတွေ ကာကွယ်ဆေး ထိုးကြရရဲ့လား။ ကာကွယ်ဆေး မထိုးရတဲ့သူတွေ ရှိလား။
ဖြေ – မထိုးတဲ့သူ မရှိဘူး။ သရက်ချောင်းမြို့ပေါ်မှာ တက်ထိုးကြတယ်။ ဆိုင်ကယ်နဲ့ တက်တဲ့လူလည်း ရှိတယ်။ ကားနဲ့ တက်တဲ့လူလည်း ရှိတယ်။ ကားခက အသွား ၁၅,၀၀၀၊ အပြန် ၁၅,၀၀၀ ပေါ့နော်။ အိမ်က ဆိုင်ကယ်နဲ့သွားရင်တော့ ဆီဖိုးလောက်ပဲ ကုန်တယ်။
DW – အရင်က ရွာမှာပဲ ထိုးရတယ် မဟုတ်လား။ အဲ့ဒီ သားဖွားဆရာမက ဘယ်ရောက်သွားလဲ။
ဖြေ – ရှိတယ်။ အစကတည်းက ရွာမှာ မထိုးပေးဘူး။ စုံစင်ရွာမှာ သွားထိုးရတယ်။ အဲ့ဒီမှာ ဆရာမတစ်ယောက်ရှိတယ်။ အဲဒီဆရာမ သရက်နှစ်ခွရွာကို ပြောင်းသွားပြီးတည်းက ကျွန်မတို့ သရက်ချောင်းမြို့ပေါ်မှာ တက်ထိုးနေရတယ်။
DW – ကုန်ကျစရိတ်တွေရှိလို့ မပြေလည်တဲ့သူတွေဆို ကာကွယ်ဆေး မြို့တက်ထိုးနိုင်ရဲ့လား။
ဖြေ – မထိုးနိုင်တဲ့လူတော့ မရှိဘူး။ အဲ့လိုပဲ တက်ထိုးနေကြတာပဲ။ သံဓာတ်အားဆေး၊ ကိုယ်ဝန်ဆောင်အားဆေးတွေလည်း ပေးလိုက်တယ်။ စားရပါတယ်။
DW – အခု ဗိုက်က ဘယ်နှစ်လရှိပြီလဲ။ သားဦးလား အခုက။ ရိုးရိုးမွေးမှာလား၊ ခွဲမွေးမှာလား။
ဖြေ – ၉ လထဲမှာပါ။ သားဦး မဟုတ်ဘူး။ ဒါနဲ့ဆို သုံးယောက်မြောက် ရှိပြီ။ မွေးတာကတော့ အရင်သားတွေတုန်းကလည်း ကျွန်မမှာက ဗိုက်လည်း မနာဘူးဆိုတော့ အိမ်မှာပဲ ရိုးရိုးမွေးတယ်။ ရိုးရိုးပဲ မွေးမှာ။
DW – ဒါဆို သရက်ချောင်းမှာ စစ်ကြောင်းထိုးချိန်တွေ၊ တိုက်ပွဲဖြစ်လို့ ကားလမ်းပိတ်တာ လချီကြာတယ်လေ။ အဲ့ဒီတုန်းကရော ကာကွယ်ဆေး ပုံမှန်ထိုးရရဲ့လား။ ရက်ကျော်သွားလား။ ဘယ်လိုဖြစ်လဲ။
ဖြေ – အဲ့တုန်းကဆို မထိုးရဘူး။ ရက်တွေ၊ လတွေ ကျော်သွားတယ်။ လမ်းကြောင်း အဆင်ပြေတာနဲ့ တက်ပြေးရတာပဲ။ အခုတောင် မြင့်မိုရ်ဦး ဆေးရုံက တစ်လတစ်ခါ ရက်ချိန်းပေးတာ။ အခုတော့ နှစ်လကြာမှ တစ်ခါ ရက်ချိန်း ပြန်ပေးလိုက်တယ်။ လမ်းပိုင်းအခြေအနေ မကောင်းဘူးဆိုပြီးတော့။ ဆေးလည်း နှစ်လစာ တစ်ခါတည်း ပေးလိုက်တယ်။ မြင့်မိုရ်ဦး ဆေးရုံမှာ အပ်ထားတယ်။ အခြေအနေဆိုတာ ဘယ်လိုဖြစ်လာမလဲ မသိဘူးလေ။
DW – ကာကွယ်ဆေးထိုးဖို့ ရက်ကျော်သွားတာဆို လချီကြာတဲ့အထိ ကျော်သွားတာမျိုး ရှိလား။
ဖြေ – ရှိတယ်။ အဲ့လိုဆို ကားလမ်းဖွင့်တာနဲ့ တစ်ခါတည်း တက်ပြေးထိုးရတာပဲ။ ဆရာဝန်တွေကတော့ ထိုးရမယ့်ရက် ကျော်၊ လကျော်တာ ဘာမှမပြောကြပါဘူး။ သူတို့လည်း သိသိကြီးပဲ လမ်းကြောင်းအခြေအနေကို။ အခုတောင် မနေ့ကပဲ ကျွန်မတို့ရွာက ဗိုက်ရှင်မတွေနဲ့ ကလေးအမေတွေ ကာကွယ်ဆေး တက်ထိုးကြသေးတယ်။







