ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

တနင်္သာရီဒေသထွက်မုန့်တွေ နေဝင်ချိန်ရောက်ပြီလား

August 16, 2026

ထားဝယ်အပါအဝင် တနင်္သာရီတိုင်းက ဒေသအသီးသီးမှာ သူ့နေရာနဲ့သူ၊ သူ့ဒေသနဲ့သူ လက်လုပ်မုန့်တွေ၊ ရိုးရာမုန့်တွေ တော်တော်များပါတယ်။

လက်ရှိကာလမှာတော့ ဒေသထွက်မုန့်ဈေးကွက်ဟာ ကုန်ဈေးနှုန်းကြီးမြင့်တာ၊ နိုင်ငံရေးနှင့် စီးပွားရေး မတည်ငြိမ်တာ၊ စစ်ဘေးရှောင်ရတာ စတဲ့ အဖက်ဖက်က အကျပ်အတည်းတွေကြောင့် စိန်ခေါ်မှု ကြီးကြီးမားမား ရင်ဆိုင်နေရပါပြီ။

ခေတ်ရေစီးကြောင်းအရ အခုဆိုရင် လူငယ်တွေဟာ ဒေသထွက်ရိုးရာမုန့်တွေထက် Ready-made အသင့်စားမုန့်တွေ၊ ဟမ်ဘာဂါ၊ ပီဇာ၊ ကိုကာကိုလာတို့လို အနောက်တိုင်း အစားအစာတွေကို ပိုမိုနှစ်သက်လာကြပါတယ်။ ကျောင်းတွေမှာလည်း ဒေသလက်လုပ်မုန့်ထက် အသင့်စားမုန့်တွေသာ နေရာပိုယူလာကြတာပါ။

လူကြီးပိုင်းတွေလည်း ကျန်းမာရေးအသိအရ ဆီးချို၊ သွေးတိုး ရန်ကိုကြောက်လို့ အချိုကဲတဲ့ ဒေသမုန့်တွေကို စားသုံးတာ လျှော့ချလာကြပါတယ်။

နယ်ဘက်က ရွာတွေမှာလည်း မကြာခဏ စစ်ဘေးရှောင်နေရလို့ ခြောက်ကပ်နေတာကြောင့် ဒေသထွက်မုန့်ရောင်းတဲ့သူတွေ သိသိသာသာကို နည်းလာကြပါတယ်။

မုန့်လုပ်ရောင်းတဲ့သူဘက်က ကြည့်ရင်လည်း လူမရှိတော့လို့ မုန့်မလုပ်တော့တာ၊ တွက်ခြေမကိုက်တာ၊ လက်ဝင်တာ၊ ကုန်ဈေးနှုန်းကြီးတာတွေနဲ့ ဂျာအေးသူ့အမေရိုက်သလို လည်ချာလိုက်နေကြပါတယ်။

ဒီလို အဖက်ဖက်က အကျပ်အတည်းဆိုက်လာလို့ နောင်တစ်ချိန် ထားဝယ်ရိုးရာမုန့်တွေ ပျောက်ကွယ်သွားနိုင်တယ်လို့တောင် တွေးတောပူပန်သူတွေ ရှိလာနေပါပြီ။ ရိုးရာမုန့်တွေ မပျောက်ပျက်စေဖို့ ထားဝယ်မုန့်သီးသန့် စုံစုံလင်လင် ရောင်းချပေးမယ့် Food Counter လို ဆိုင်မျိုးတွေ ပေါ်ထွက်လာဖို့လည်း လိုနေတယ်လို့ အကြံပြုသူတွေ ရှိပါတယ်။

ပဋိပက္ခကာလမှာ လူတိုင်းက အသက်ရှင်ရပ်တည်ဖို့ပဲ ရုန်းကန်နေကြရတော့ ဒေသမုန့်၊ ရိုးရာမုန့်တွေအကြောင်း စိတ်ကူးဖို့ အချိန်မပေးနိုင်ကြပါဘူး။

ဒေသထွက်မုန့်တွေ ဘယ်လိုအခက်အခဲ၊ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပြီး စားသုံးသူတွေကရော ဒေသထွက်မုန့်တွေအပေါ်မှာ ဘယ်လိုအမြင်တွေ ရှိလဲဆိုတာ သိနိုင်ဖို့ ဒီတစ်ပတ် ပုံရိပ်အစီအစဉ်မှာ မေးမြန်းဖော်ပြပေးလိုက်ပါတယ်။

“လူတွေလည်း စီးပွားရေးတွေ ကျပ်နေကြတယ်ဆိုတော့လေ၊ အဆာပြေမုန့်တွေဆို မဝယ်စားဖြစ်တော့ဘူး”

ထားဝယ်မြို့ခံ အထက်တန်းကျောင်းသားမိခင်တစ်ဦး (အသက် ၄၀ ကျော်အရွယ်)

DW ။ ထားဝယ်မြို့ပေါ်မှာ ဘာမုန့်တွေ တွေ့ရလဲ။

ဖြေ ။ မုန့်တွေတော့ စုံစုံလင်လင်ပဲ တွေ့ရတယ်။ မုန့်ဆီကြော်လည်း ရောင်းတယ်၊ မုန့်ဖက်ကပ်လည်း လုပ်ရောင်းတယ်၊ မုန့်ကွန်းထုပ်တွေလည်း လုပ်ရောင်းတယ်။ အစုံပဲ လုပ်နေကြတာတော့။ အခုဆို ရာသီပေါ် မုန့်ခွက်ဟား (မုန့်လင်မယား)၊ မုန့်ပြား (ခေါက်မုန့်) တွေ ရှိမယ်။

DW ။ အခုက ကလေးလည်းရှိတော့ ကလေးတွေက လက်လုပ်မုန့်တွေနဲ့ နိုင်ငံခြားမုန့်တွေဆို ဘာမုန့် ပိုဝယ်စားဖြစ်ကြလဲ။

ဖြေ ။ သူတို့ (ကလေးတွေ) ကတော့ Ready-made မုန့်ထုပ်လေးတွေပဲ ဝယ်စားများတယ်။ လက်လုပ်မုန့်တွေ သိပ်မစားကြဘူး။ ကျောင်းမှာက သူသူငါငါ ဝယ်စားနေတော့ ကျောင်းမှာပဲ ဝယ်စားများတယ်။

DW ။ အခု လက်လုပ်မုန့်တွေက ဘယ်ဈေးတွေ ရှိလဲ။

ဖြေ ။ အနည်းဆုံးကတော့ ငါးရာ (ကျပ်) မှာ ရှိတယ်။ မုန့်ပြားဆိုရင် သုံးထောင် (ကြက်ဥပါ ခေါက်မုန့်တစ်ချပ် သုံးထောင်ကျပ်) ထင်တယ်။ နှစ်ထောင့်ငါးရာ၊ သုံးထောင်လောက် ရှိတယ်။ ကြက်ဥနဲ့လေ။ ရိုးရိုးဆိုရင်တော့ တစ်ထောင့်ငါးရာလောက်ပဲ ရှိတယ်။ ကိုယ်လည်း သိပ်မစားဖြစ်ဘူး။ မုန့်ခွက်ဟားပဲ ဝယ်စားဖြစ်တယ်။ မုန့်ခွက်ဟားက တစ်အုပ် (တစ်ခု) ကို ငါးရာ၊ အရင်ကတော့ သုံးအုပ်မှ ငါးရာလောက်ပဲ။ (အရင်က) နှစ်အုပ်စားတဲ့လူက တစ်အုပ်ပဲစား၊ သုံးအုပ်စားတဲ့လူကလည်း တစ်အုပ်ပဲ စားနိုင်တဲ့ပုံစံ ဖြစ်သွားတယ်။ ဈေးတွေလည်း ကြီးလာတော့လေ။

DW ။ မုန့်ရောင်းကြသူတွေရော နည်းလာလား။

ဖြေ ။ လုပ်တဲ့သူတွေတော့ လုပ်နေကြတာပဲ။ နားတဲ့သူတွေလည်း ရှိတယ်။ (တွက်ခြေ) မကိုက်ကြလို့ပေါ့။ (အရင်ကနဲ့စာရင်) တော်တော်များများကို နည်းလာတယ်။ (အရင်) ဆယ်ယောက်လောက်ဆို ငါးယောက်လောက်ပဲ ကျန်တယ်။ တစ်ဝက်လောက်တောင် လျော့သွားတယ်။ မုန့်ရောင်းသမားတွေ ကောင်းကောင်း မလုပ်နိုင်တော့ဘူး။ အစက အုန်းသီးဈေးကြီးတယ်ဆိုပြီး မလုပ်ကြဘူး။ ဈေးကျသွားလည်း မလုပ်ကြတော့ဘူး။ မထူးဘူးဆိုပြီးတော့လေ။ ရောင်းလည်း မရောင်းရကြဘူးလေ၊ ဝယ်စားသမား နည်းတယ်။ အဲဒီလို ဖြစ်နေတယ်။ လူတွေလည်း စီးပွားရေးတွေ ကျပ်နေကြတယ်ဆိုတော့လေ၊ အဲဒီလိုင်း (အဆာပြေမုန့်) တွေဆို မဝယ်စားဖြစ်တော့ဘူး။ ထမင်းစားစရာ ငါးတွေ အသားတွေပဲ အသာပေး ဝယ်စားဖြစ်ကြတယ်ဆိုတော့လေ၊ မုန့်တွေဆိုတာက ဖွယ် (ခဲဖွယ်-သားရေစာ) ဖြစ်သွားပြီလေ။ အဲဒီတော့ သိပ်မဝယ်စားကြတော့ဘူး။ ရောင်းအားလည်း နည်းလာကြတယ်။ ရှားပါးသွားတာတော့ မရှိဘူး။ မုန့်တော်တော်များများကတော့ လုပ်နေကြတာပဲ၊ မုန့်လုပ်သမားပဲ နည်းလာတယ်။ မုန့်ခွက်ဟား၊ မုန့်ပြားတွေက လုပ်ရလွယ်တော့ အဲဒါလေးတွေ တော်တော်ရောင်းကြတယ်။

DW ။ နောက်ဆုံးအနေနဲ့ ဘာပြောချင်သေးလဲ။

ဖြေ ။ ဈေးကြီးလည်း ဝယ်စားနေရတာပေါ့။ ငတ်နေတဲ့ဟာ (စားချင်တဲ့ဟာ) ဆိုရင်တော့ ဝယ်စားလိုက်တယ်။

“ရှုံးတယ်ဆိုပြီး ရပ်ပစ်လိုက်ပြီးမှ ဒီအလုပ် (မုန့်လုပ်ငန်း) ကို ပြန်စတင်ဖို့က မလွယ်ဘူးလေ”

ထားဝယ်ရိုးရာ လက်လုပ်မုန့်ရောင်းသူတစ်ဦး

DW ။ ထားဝယ်မုန့် ရောင်းရတဲ့ အခြေအနေလေး ပြောပြပေးပါ။

ဖြေ ။ ဖောက်သည် (လက်ကားအရောင်း) ပေးတာတော့ အဆင်ပြေပါတယ်၊ မုန့်တစ်ခု ငါးရာ (ကျပ်) ဈေးနဲ့ ရောင်းတယ်။ အခုကတော့ ကြက်ဥဈေးတက်နေတော့ ကိတ်မုန့်လုပ်တဲ့သူတွေ အခက်အခဲ ရှိမယ်ထင်တယ်။ ကျွန်မတို့မှာက အုန်းသီးတွေ၊ ကောက်ညှင်းတွေနဲ့ အဓိကလုပ်တာပါ။ အခုကတော့ ညနေဘက် စားသုံးသူတွေအတွက် ပူပူနွေးနွေးလေး ရောင်းတာလောက်ပဲ၊ အဓိကက ဖောက်သည်ပေးတာပါ။ နယ် (ကျေးလက်) တွေကိုသွားတဲ့ ဈေးဆိုင်ကယ်လေးတွေကို ဖောက်သည်ပေးတယ်။ အစကဆို ညနေဘက် ရောင်းစရာမလိုဘူး၊ မနက်ဘက်တစ်ပိုင်းကို အများကြီး ရောင်းရတယ်။ အခုကတော့ ရွာ (ကျေးလက်) အခြေအနေတွေလည်း သိပ်မကောင်းတော့ သွားသမား (ဈေးဆိုင်ကယ်) တွေလည်း အဆင်မပြေဘူးဆိုတော့ တစ်နေ့လုပ်တဲ့ မုန့်မကုန်လို့ မနက်နဲ့ ညနေ နှစ်ခါခွဲရောင်းရတယ်။ အရင်ကထက်စာရင်တော့ နည်းနည်းတော့ ရောင်းရအေးတယ်။

DW ။ အခုဆိုရင် မုန့်ဘယ်နှစ်မျိုးလောက် လုပ်ရောင်းဖြစ်သလဲ။

ဖြေ ။ မုန့်ဖက်ကပ်၊ ကောက်ညှင်းကင်၊ ကောက်ညှင်းစေ့၊ ငှက်ပျောမုန့်ပေါင်း၊ ရွှေရင်အေး အစုံပဲ၊ တစ်ခါတလေ ထမနဲလည်း လုပ်ဖြစ်တယ်။

DW ။ ဆယ့်နှစ်လရာသီပတ်လုံး မုန့်လုပ်ရောင်းဖြစ်လား။

ဖြေ ။ ဆိုင်ကတော့ နေ့တိုင်းဖွင့်ပါတယ်။ ဟိုတလောက ကုန်ဈေးနှုန်းတွေကြီးတော့ တစ်ချက် အခက်အခဲဖြစ်တယ်။ တစ်ခါတစ်ခါ ဘယ်မုန့်က အမြတ်ပိုရလဲဆိုတာ တိတိကျကျ မသိရဘူး။ ဟိုဟာလေး နည်းနည်းမြတ်၊ ဒီဟာလေး နည်းနည်းမြတ်။ ကောက်ညှင်းဆန်တွေ ပြန်ဝယ်ဖို့ ပိုက်ဆံတွေ မလောက်တော့ရင် အရင်းရှုံးနေပြီပေါ့။ တစ်ခါရှုံးရင်လည်း တစ်ရာ (ကျပ်သိန်း) လောက် ရှုံးတယ်။ ဟိုတလောက ကောက်ညှင်းတွေလည်း ဈေးကြီးတော့လေ၊ ကောက်ညှင်းတွေ၊ အုန်းသီးတွေ ဈေးကြီးတုန်းက တစ်ခါရှုံးတယ်။

DW ။ အခု ထားဝယ်မှာ လက်လုပ်မုန့်ရောင်းသူတွေ အရင်ကနဲ့စာရင် ဘယ်လိုအခြေအနေ ရှိလဲ။

ဖြေ ။ တချို့ (မုန့်လုပ်သူ) တွေကလည်း အော်ဒါ (သီးသန့်အမှာ) တွေတောင် မလုပ်နိုင်ကြတော့ဘူး။

DW ။ မုန့်ဈေးနှုန်းနဲ့ မုန့်လုပ်ရတဲ့ ရောင်းအားအခြေအနေလေးလည်း ပြောပြပေးပါ။

ဖြေ ။ (ဈေးနှုန်း) တက်တော့ မတက်ဘူး။ မရနိုင်တဲ့အဆုံးမှ ဈေးတက်တယ်။ ဖောက်သည်ယူရင်တော့ (မုန့်) တစ်တုံး လေးရာ (ကျပ်) နဲ့ ပေးတယ်။ စားသမား (အိမ်စား) တွေဆိုရင်တော့ ငါးရာ (ကျပ်) နဲ့ ရောင်းတယ်။ မုန့်တစ်ခု ငါးရာကတော့ နည်းနည်းကြာနေပြီ၊ တစ်နှစ်လောက် ရှိနေပြီ။ အုန်းသီးတစ်လုံးကို လေးထောင် (ကျပ်) ဖြစ်ကတည်းက ဈေးတက်သွားတယ်။ (တစ်နေ့ရောင်းအား) ကောက်ညှင်း နှစ်ယိုင်၊ ပြည်နဲ့တွက်ရင် ကောက်ညှင်း ပြည်လေးဆယ်ကျော်လောက် ကုန်ပါတယ်။ အုန်းသီးက တစ်ရာလောက် ကုန်တယ်။ အရင်ကတည်းကလည်း ဈေးထဲမှာ ဒီလိုပဲ ရောင်းရတယ်။ အခုက နည်းနည်း အခြေအနေ မကောင်းဘူး၊ နယ်ကတော့ လာ (ဝယ်စား) လို့မရဘူးဆိုတော့၊ အစကဆို အများကြီး ရောင်းရတယ်။ မမြတ်လည်း လုပ်ရောင်းတယ်။ မုန့်ကြိတ်ခ၊ အုန်းသီးခြစ်ခလောက်ပဲ ယူတယ်။ မုန့်ကြိတ်တာက သူများကို ကြိတ်ခိုင်းမယ်ဆိုရင် တစ်ပြည်ကို ငါးရာနဲ့တွက်ရင် ကျွန်မအတွက် ငါးထောင်ရနေပြီ၊ အရင်က ပိုက်ဆံတန်ဖိုးရှိတဲ့ အချိန်ကပေါ့။ အဲဒီတော့ သူများမလုပ်လည်း ကျွန်မ လုပ်နိုင်တယ်။ ဘာလို့လဲဆိုတော့ မုန့်ကို ကိုယ့်ဟာကိုယ်ကြိတ်ပြီး အခြား နေ့စားလုပ်စားရတာနဲ့ စံထိုး (နှိုင်းယှဉ်) ပြီးတော့ လုပ်တယ်။ သူများ နေ့စားလုပ်မယ်ဆိုရင် အရင်က ကျွန်မယောက်ျား လုပ်လိုက်တာ ပိုက်ဆံငါးထောင်ရဖို့ တစ်နေ့လုံး လုပ်ရတယ်။ အခုဆို မုန့်က ပြည်နှစ်ဆယ်လောက် ကြိတ်ရရင် လုပ်အားခအနေနဲ့ ယူလိုက်တယ်။ အဲဒါကြောင့် မုန့်ကို သူများထက် ပိုရောင်းနိုင်တယ်။ စားသုံးသူတွေ အဆင်ပြေအောင် လူတိုင်းလည်း ဝယ်စားနိုင်အောင် ဈေးမတက်ဘဲ ရောင်းနေတာတောင် အတော်ကြာသေးတယ်။ မုန့်တစ်ခုကို နှစ်ရာ့ငါးဆယ် (ကျပ်) နဲ့လေ။ နှစ်ခု နှစ်ရာ့ငါးဆယ်နဲ့ ရောင်းရင်း ကျွန်မ ကပ်တွေငုပ်ကျ (အရင်းငွေ အရှုံးပေါ်)၊ အကြွေးတွေပါ တင်လာတော့ မရတော့ဘူး ဈေးပြင်မှရမယ်ဆိုပြီး လေးရာ၊ ငါးရာ ရောင်းမှ နည်းနည်းလေး အခုက အုန်းသီး၊ ကောက်ညှင်းဈေးလေးတွေ သင့်နေတော့ နည်းနည်း စားရ (အမြတ်ကျန်) ပါတယ်။ သူများတွေဆိုရင် ကောက်ညှင်းကင်တစ်ခု ခြောက်ရာတွေ၊ ခုနစ်ရာတွေ ရောင်းနေကြတယ်။

DW ။ အခု လက်လုပ်မုန့်နဲ့ အခြားမုန့်တွေနဲ့ ယှဉ်ရင် ဘယ်ဟာက လူတွေ ပိုဝယ်စားကြတယ် ထင်သလဲ။

ဖြေ ။ ထားဝယ်မုန့်က (ဝယ်စားသူ) ပိုများတယ်။ အခြားမုန့်တွေက အဖိုးကြီး (ဈေးကြီး) တော့လေ၊ ဝယ်စားသမား နည်းတယ်။

DW ။ မုန့်လုပ်သက် ဘယ်နှစ်နှစ်လောက် ရှိပြီလဲ။ ကုန်ဈေးနှုန်း အခက်အခဲကြား မုန့်လုပ်ငန်းကို ဘယ်လို အားပြုရှင်သန်ရသလဲ။

ဖြေ ။ မုန့်လုပ်သက် ဆယ့်ရှစ်နှစ် ရှိပြီ။ ရှုံးတဲ့အချိန်လည်း ဒီလိုပဲ တည်ပြီး လုပ်ရတယ်။ ရှုံးတယ်ဆိုပြီး ရပ်ပစ်လိုက်ပြီးမှ ဒီအလုပ် (မုန့်လုပ်ငန်း) ကို ပြန်စတင်ဖို့က မလွယ်ဘူးလေ။ အရှုံးလည်း ခံရတယ်။ အမြတ်နဲ့ဆိုရင် ပစ္စည်းဈေးကျတဲ့အခါဆိုရင် မြတ်တယ်။ အရှုံးများတဲ့အခါလည်း အရင်းရှုံးတယ်၊ အရှုံးနဲ့လည်း လုပ်တယ်။ မုန့်လုပ်ငန်းက ပင်ပန်းတော့ သားသမီးတွေက နားဖို့ပြောတဲ့အခါ ကျွန်မလည်း “အမေက အသက်တစ်ခါရှိတော့ ဒီမုန့်လုပ်ရောင်းနေမှာ”၊ ကိုယ့်ကျေးဇူးရှင်လိုမျိုး ဖြစ်နေတယ်။ ဒီမုန့်လုပ်ငန်းကြောင့်ပဲ ဝတ်လည်းဝတ်ရ၊ အိမ်ဆိုလည်း မုန့်လုပ်ငန်းကြောင့်ပဲ ဆောက်နိုင်ခဲ့တယ်။ အားလုံးက ဒီမုန့်လုပ်ငန်းကြောင့်ပဲ။

DW ။ ကျေးဇူးတင်ပါတယ်။

“မုန့်ရောင်းသမားက အရင်က ဆယ်ယောက်ရှိရင် အခုက ငါးယောက်လောက် ကျန်ပြီ”

မုန့်စားသုံးသူ၊ သာရဘွင်ရွာ အမျိုးသမီးတစ်ဦး

DW ။ အရင်က ဘာမုန့်တွေ စားရလဲ။

ဖြေ ။ အရင်တုန်းက မုန့်တွေ တအားစုံတယ်။ ဆိုင်တွေမှာ ပဲလိပ်၊ စမူဆာ၊ အီကြာကွေး၊ မုန့်လုံးကြော်၊ ဗျောသီးကြော် (ငှက်ပျောသီးကြော်) တအားပေါတယ်။ အရင်တုန်းက တအားပေါ။ လူတွေက အခုကလည်း တအားကျပ်တည်းတော့ မုန့်ပဲသရေစာ ရောင်းလည်း ရောင်းမကောင်းတော့ဘူး။ အဲဒီလို ဖြစ်နေတယ်။ လုပ်ရောင်းလည်း သိပ်မကိုက်၊ အဲဒီလိုပုံစံ ဖြစ်နေတယ်။

DW ။ အခုကရော ဘာမုန့်တွေ ရှိလဲ။

ဖြေ ။ အခုရှိတာဆို လက်ဖက်ရည်ဆိုင်မှာ ဆီထမင်း၊ မုန့်လုံးကြော်၊ ရွှေရင်အေးနဲ့ ကောက်ညှင်းပေါင်း အဲဒီလောက် တွေ့ရတယ်။ အဲဒီဟာက အရင်ကဆို တစ်နေ့လုံးရှိနေတဲ့ မုန့်တွေ၊ အခုက စောစောဘက်လည်း အဲဒီဟာပဲ ရှိတယ်။ အာပုံ(မုန့်) လည်း လာပို့ရင် စားရတယ်။

DW ။ နေ့လယ်ဘက် သရေစာမုန့်တွေကရော ဘာတွေရှိလဲ။

ဖြေ ။ ရက်တိုင်းတော့ မုန့်အစုံ မဟုတ်ဘူး။ ဒီတစ်ရက် ကောက်ညှင်းကင် ရောင်းတယ်ဆို နောက်တစ်ရက်ဆိုရင် မုန့်စာဥ(မုန့်ကြာစေ့) ရောင်းတယ်။ နေ့တိုင်း အစုံတော့ မရောင်းရဘူး။ ရောင်းမကောင်းတော့ လှည့်လှည့်ပြီး ရောင်းတယ်။

DW ။ အရင်နှစ်တွေနဲ့ အခုနှစ်တွေနဲ့ စာရင် ဘာမုန့်တွေက လုံးဝမရှိတော့တာလဲ။

ဖြေ ။ တော်တော်များများပါပဲ မုန့်တွေကတော့။ အရင်တုန်းက ကာကွေး(ဆန်မုန့်ပေါင်း)တို့ စားရတယ်။ အခုက ကာကွေးတို့ မရှိတော့ဘူး။ ကိုယ်စားချင်တဲ့ဟာတွေ ပေါက်စီကအစ စားရတယ် အရင်က၊ အခုက မစားရတော့ဘူး။ စားချင်တောင် ဘာမှမစားရဘူး။ အရင်ကဆို မြိတ်မှာရှိတဲ့ မုန့်တွေတောင် ရှိနေတဲ့မျိုး ဖြစ်နေတယ်။ အခုက မရှိတော့ဘူး။ ပူရီတွေလည်း စားရတယ်။

DW ။ ရာသီအလိုက် ရောင်းနေတဲ့ မုန့်တွေရော ရှိသေးလား။

ဖြေ ။ ဒီမှာက ဘာမှမရှိတော့ဘူး။ မုန့်တီလှော်၊ ခေါက်ဆွဲလှော်၊ ကိုက်ကြေးကိုက်တွေပဲ ရှိတော့တယ်။ အရင်တုန်းကမျိုး မိုးရာသီဆို မုန့်ဖက်စလစ်(မုန့်ဗျစ်လိပ်) ကြက်ဥနဲ့ ပူပူလေး စားချင်တာပေါ့။ မုန့်ခွက်သားတို့မျိုး အဲဒီဟာတွေက မရှိတော့ဘူး။ မိုးကျရင် အိမ်က ပိတ်နေရပြီ။

DW ။ ဘာမုန့်တွေကရော နံနက်ပိုင်း စားချင်တာမျိုးလဲ။ ဈေးကရော ဘယ်လောက် ကွာဟမှုရှိသွားလဲ။

ဖြေ ။ အီကြာကွေး ပူပူနွေးနွေးလေးရော စားချင်တယ်ပေါ့။ ဈေးကတော့ အရင်နှစ်က အီကြာကွေး ၅၀၀(ကျပ်) တန် အချောင်းကြီးပဲ၊ လူနှစ်ယောက် စားရတယ်။ အခုက တစ်ချောင်း ၅၀၀ ပဲ သေးသေးလေးပဲ ကျန်တယ်။ အကုန်လုံး ဈေးတက်ကုန်ပြီ။ မုန့်တစ်ထုပ်လည်း တစ်ထောင် ဖြစ်ကုန်ပြီ။ ဘာပဲကိုင်ကိုင် တစ်ထောင်ဖြစ်ပြီ။ ဈေးတွေကလည်းတက်၊ ရှားလည်း ရှားကုန်ပြီ။ ဟိုနှစ်တွေက တစ်ခု တစ်ရာတန်၊ အခုက တစ်ထောင် ဖြစ်ကုန်ပြီ။

DW ။ မိုးတွင်းမှာက မုန့်လုပ်ရောင်းသမားတွေ မရှိတော့တာမျိုးလား။

ဖြေ ။ ကုန်ဈေးနှုန်း ဈေးကြီးလာတော့ လူတွေလည်း ကျပ်တည်းလာကုန်ပြီ။ ရွာထဲ လူတွေလည်း သိပ်မရှိတော့ဘူး။ ဈေးရောင်းရ အေးလာကုန်ပြီ။ မုန့်ရောင်းသမားက အရင်က ဆယ်ယောက်ရှိရင် အခုက ငါးယောက်လောက် ကျန်ပြီ။ အခု လုပ်ရောင်းနေတဲ့ မုန့်သည်တွေတောင် မုန့်တွေ အများကြီးကျန်တာ တွေ့ရတယ်။

“ဒေသထွက်မုန့်ဈေးကွက်က နောက်ပိုင်းဆိုရင် ပျောက်သွားမလားတောင် စိုးရိမ်ရတယ်”

ထားဝယ်မြို့ပေါ်တွင် နေထိုင်သူတစ်ဦး

DW ။ အခုလက်ရှိ ထားဝယ်ဒေသထွက် လက်လုပ်မုန့်တွေ မြို့ပေါ်မှာ လွယ်လွယ်ကူကူ ဝယ်စားလို့ ရသေးရဲ့လား။ ရောင်းတဲ့သူတွေရော ရှိသေးရဲ့လား။ ဘယ်လိုအခြေအနေ ရှိလဲ။

ဖြေ ။ ကျွန်တော်တို့ ထားဝယ်မုန့်လို့ ပြောမယ်ဆိုရင်တော့ ထားဝယ်မုန့်အစစ်ကတော့ မုန့်ကုလားမဲတို့၊ ခေါက်မုန့်တို့၊ မုန့်ဖက်ကပ်တို့၊ ကြက်ဥမုန့်လိပ်တို့၊ မုန့်ကြေကြာလိုမျိုးတွေကတော့ ထားဝယ်မုန့်လို့ ပြောနိုင်တာပေါ့။ တချို့မုန့်တွေကတော့ ဗမာမှာလည်း ရှိတဲ့မုန့်တွေ ရှိတယ်။ မုန့်ကုလားမဲတို့၊ ခေါက်မုန့်တို့ကတော့ စားဖို့ထက် လက်ဆောင်ပေးဖို့ ဝယ်ကြတာ ပိုများတယ်။ အဲဒီမုန့်တွေကတော့ ဈေးကွက်မှာ ရနိုင်သေးတယ်လို့ ပြောလို့ရတယ်။ ထားဝယ်မုန့်တွေထဲမှာ လူသိအများဆုံးကတော့ မုန့်လက်သုပ်ပေါ့။ မုန့်လက်သုပ်ကတော့ ထားဝယ်မှာ အခုထိလည်း ပေါပေါများများ ရှိနေဆဲ မုန့်တစ်မျိုးပေါ့။ မုန့်လင်မယားတို့၊ ဘိတ်မုန့်ဆိုင်လေးတို့တော့ ရှိသေးတယ်။ မုန့်ဖက်ကပ်တို့ဘာတို့ကတော့ တွေ့ရနည်းသွားပြီ။

DW ။ ကိုယ်တိုင်က ပဋိပက္ခဖြစ်နေတဲ့ နယ်ကျေးရွာက ဒေသခံတစ်ယောက်ဆိုတော့ အဲဒီဒေသတွေမှာရော ထားဝယ်လက်လုပ်မုန့် အခြေအနေ ဘယ်လိုရှိလဲ။

ဖြေ ။ ကျွန်တော့်ဇာတိ ရေဖြူ (မြို့နယ်) ဘက်မှာတော့ အဓိက ထားဝယ်လက်လုပ်မုန့်တွေကို ကျောင်းသားတွေကို ရောင်းကြတာများတယ်။ အခု ကျောင်းတွေ မဖွင့်ရတဲ့အခါကျတော့ မုန့်ရောင်းတဲ့သူတွေလည်း သိပ်မရှိတော့ဘူး။ ကျွန်တော်တို့ ရွာနားမှာဆိုရင်တော့ အဲဒီလို ရောင်းနေတဲ့ ဆိုင်လေးတွေ မရှိသလောက် ဖြစ်သွားပြီ။ ထားဝယ်ဒေသထွက် လက်လုပ်မုန့်တွေ ရောင်းတဲ့ဆိုင်တွေ မတွေ့ရသလောက် ဖြစ်သွားပြီ။

DW ။ ဘာဖြစ်လို့ ထားဝယ်ဒေသထွက် လက်လုပ်မုန့်ရောင်းတဲ့ ဆိုင်တွေ မရှိကြတော့တာလဲ။

ဖြေ ။ အဓိကကတော့ ပဋိပက္ခဒေသမှာက လုပ်ငန်းတစ်ခုလုပ်ဖို့ အခြေအနေ မပေးတော့တဲ့ အနေအထား။ အခုဆိုရင် ပိုဆိုးလာတယ်။ ဇူလိုင်လကတည်းက စစ်ဘေးရှောင်ရတဲ့ အကြိမ်အရေအတွက်က ပိုပြီးစိပ်လာတယ်ပေါ့။ အဲဒီတော့ ဘယ်နေ့ ထပြေးရမလဲပဲ စဉ်းစားနေရတာပဲ များလာတယ်။ နောက်တစ်ခုက ပစ္စည်းတွေ အများကြီးတင်ရောင်းနိုင်တဲ့ အနေအထားတွေ မရှိတော့ဘူး။ စစ်ဘေးရှောင်ရတဲ့အခါ လူမရှိတဲ့အခါဆိုရင် သူတို့ (စစ်အုပ်စုတပ်) ဖျက်ဆီးပြီး ယူသွားတဲ့အခါကျတော့ ဆုံးရှုံးတာပဲ များတယ်။ ပိုက်ဆံရှာဖို့က သိပ်မစဉ်းစားနိုင်တော့တဲ့ အနေအထားမျိုး ဖြစ်နေကြတယ်ပေါ့လေ။ လူတွေကလည်း ကျပ်တည်းတော့ ဝမ်းစာရေးအတွက်ပဲ ဖြေရှင်းနေရတော့ အပိုသုံးစွဲတဲ့ သဘောမျိုးတွေဆိုရင် မသုံးဖြစ်တော့ဘူးပေါ့။ အဲဒီတော့ ဆိုင်တွေကလည်း ထားဝယ်မုန့်တွေထက် အသင့်စားမုန့်တွေပဲ ရောင်းကြတာများတယ်။ အဲဒီလိုကြောင့်မို့လို့လည်း ထားဝယ်မုန့်ရောင်းတဲ့သူတွေက မလုပ်ဖြစ်တော့တာပေါ့။ လုပ်ရင်လည်း သိပ်မရောင်းရတဲ့အခါကျတော့ တွက်ခြေလည်း မကိုက်တော့ဘူး။ အဲဒါကြောင့် မလုပ်ရောင်းကြတော့တာ ဖြစ်မယ်။

DW ။ ကိုယ့်ဒေသ၊ ကိုယ့်ရွာမှာ ကိုယ့်ရဲ့ ဒေသထွက်မုန့်တွေ မရောင်းကြတော့တဲ့အပေါ် စိတ်ထဲ ဘယ်လိုခံစားမိလဲ။

ဖြေ ။ ရွာဘက်သွားလို့ရှိရင် မြို့ဆင်ခြေဖုံး ရွာလေးတွေ လွန်သွားတာနဲ့ ဟိုဘက်ကတော့ လူသွားလူလာလည်း သိပ်မရှိတော့ဘူး။ ပြီးတော့ ရွာလေးတွေက ကျောင်းတွေ မဖွင့်ရတဲ့အခါကျတော့ အားလုံး ခြောက်ကပ်နေတဲ့အခါကျတော့ ရွာဘက်ရောက်သွားတာနဲ့ စိတ်က သိပ်မကောင်းတော့ဘူး။ စာသင်ကျောင်းတွေဆိုရင် တောထနေကြတယ်။ အိမ်လေးတွေဆိုရင်လည်း လူမရှိတော့ဘဲ တံခါးလေး ပိတ်ထားပြီး ခြံထဲ ခြုံထူနေတဲ့ အိမ်လေးတွေပဲ များတယ်။ အဲဒီမြင်ကွင်းတွေ မြင်ရကတည်းကကိုမှ လူက စိတ်မကောင်းတော့ဘူး။ ရွာဘက်ကို တစ်ခါတစ်ခါ သွားရတာကလည်း စွန့်စားခန်းထွက်ရသလိုပဲ။ တိုက်ပွဲတွေ၊ စစ်ကြောင်းတွေနဲ့ မတိုးအောင် သတိထားပြီး သွားနေရတဲ့ အနေအထားဆိုတော့ ရွာကို သွားရတဲ့ ခံစားချက်က အရင်ကလိုမျိုး သဘာဝပတ်ဝန်းကျင်လေးတွေ ခံစားပြီး လေကောင်းလေသန့် ရှူပြီးသွားရတဲ့ အနေအထား မဟုတ်တော့ဘူး။ မုန့်ဆိုင်လေးတွေဆိုလည်း ဒီအတိုင်းပါပဲ။ မျက်မြင်ပြောရမယ်ဆိုရင် ကျွန်တော်တို့ ရွာဘက်သွားတဲ့ လမ်းတစ်လျှောက်မှာ အဲဒီဆိုင်လေးတွေ ရှိသေးရဲ့လားတောင် မသိဘူး၊ မတွေ့ရသလောက်ပါပဲ။ ဒေသထွက်မုန့် မပြောနဲ့ မုန့်ရောင်းတဲ့ နေရာလေးတွေတောင် မရှိတော့သလောက် ဖြစ်သွားတယ်။ ဒီမြင်ကွင်းတွေကတော့ စိတ်ချမ်းမြေ့စရာ မဟုတ်ပါဘူး၊ စိတ်မချမ်းမြေ့စရာ မြင်ကွင်းတွေပဲ ဖြစ်နေတာပေါ့။

DW ။ နိုင်ငံရေးမကောင်းတော့ ဒေသထွက်မုန့်တွေပါ ခေတ်ပျက်နေကြသလို ဖြစ်နေတယ်လို့ ပြောလို့ရနိုင်လား။

ဖြေ ။ တချို့မုန့်တွေဆိုရင် လူတွေလိုပဲ စစ်ဘေးရှောင်ရင်း မြို့ပေါ်ကို ရောက်လာကြတယ်။ (ထားဝယ်-မြိတ် ပြည်ထောင်စုလမ်းပိုင်း သရက်ချောင်းမြို့နယ်က) မင်းဒပ်ရွာမှာ လုပ်တဲ့ (ထားဝယ်အခေါ်) မုန့်တဲပေါင်းသည်ဆိုရင် သူတို့ရွာမှာ နေလို့မရတော့လို့ ထားဝယ်ကို ပြောင်းလာပြီး ထားဝယ်မှာပဲ အဲဒီမုန့် ဆက်လုပ်ပြီးတော့ ရောင်းနေကြတာပေါ့။ ပြောရမယ်ဆိုရင်တော့ ဒေသထွက်မုန့်တွေလည်း ဒေသကနေပြီးတော့ စစ်ဘေးရှောင်ပြီး မြို့ပေါ်မှာ လုပ်နေရတဲ့ အနေအထားမျိုး သွားဖြစ်နေတယ်ပေါ့။

DW ။ အခုနောက်ပိုင်း ဒေသခံတွေကိုယ်တိုင်ကရော ဒေသထွက်မုန့်တွေအပေါ် စိတ်ဝင်စားကြသေးရဲ့လား။ ဘယ်လို သုံးသပ်မိပါသလဲ။

ဖြေ ။ အဲဒီမှာ နှစ်ပိုင်းခွဲပြောချင်တယ်။ လူကြီးတွေဆိုရင် ဆီးချို၊ သွေးတိုး အဖြစ်များလာကြတော့ အခုနောက်ပိုင်းဆိုရင် အချိုများတဲ့ မုန့်တွေ ရှောင်လာကြတယ်။ ထားဝယ်မုန့်တွေက သိတဲ့အတိုင်းပဲ အချိုကဲကြတယ်လေ။ ဆိုတော့ ဒီလို ဒေသမုန့်တွေကို စားတာ လျှော့ကျလာတယ်လို့ မြင်တယ်။ နောက်တစ်ခုက ကလေးတွေကျတော့ ဟမ်ဘာဂါတို့၊ ပီဇာတို့၊ ကိုကာကိုလာလိုမျိုး အနောက်တိုင်း အစားအစာတွေပဲ စိတ်ဝင်စားကြတော့တာ များတယ်။ အသင့်စားမုန့်တွေလည်း ပါတာပေါ့။ လူနေမှုပုံစံတွေက ပြောင်းသွားတယ်ပေါ့။ ကျောင်းတွေမှာလည်း ထားဝယ်မုန့်တွေ တင်ရောင်းတာ မတွေ့ရဘူး၊ မုန့်လက်သုပ်ပဲ တွေ့တယ်၊ အသင့်စားမုန့်တွေပဲ များတယ်။ အဲဒီတော့ နောက်ပိုင်းဆိုရင် ဒေသထွက်မုန့် ဈေးကွက်က ပျောက်သွားမလားတောင် စိုးရိမ်ရတယ်။

DW ။ ထားဝယ်ဒေသထွက်မုန့်တွေနဲ့ ပတ်သက်ပြီး အကြံပြုချင်တာ၊ ဖြည့်စွက်ပြောချင်တာ ရှိရင်လည်း ပြောပေးပါ။

ဖြေ ။ ထားဝယ်မုန့်တွေနဲ့ ပတ်သက်ပြီး အရင်တုန်းကလည်း အိမ်မက် မက်ခဲ့ကြတာ ရှိကောင်းရှိနိုင်တာပေါ့။ အဲဒါကတော့ ထားဝယ်မုန့်တွေနဲ့ ပတ်သက်ပြီး Food Counter လိုမျိုး ထားဝယ်မုန့် သီးသန့် အမျိုးအစား စုံစုံလင်လင်လေး တင်ရောင်းတဲ့ ဆိုင်လေးမျိုး ရှိရင်တော့ ပိုကောင်းမယ်။ ထားဝယ်ရိုးရာမုန့်တွေ မပျောက်သွားအောင်ပေါ့။

DW ။ ကျေးဇူးတင်ပါတယ်။