ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

စစ်အာဏာရှင်တပ် လောင်းလုံး ဂေါ့အင်းရွာထဲ ဝင်လု၊ ပျောက်နေသည့်ဒေသခံနှစ်ဦး လွှတ်ပြီး အခြားနှစ်ဦးပြန်ဖမ်း

August 16, 2026

လောင်းလုံးမြို့နယ်၊ ဂေါ့အင်းကျေးရွာထဲကို စစ်အာဏာရှင်တပ်က ရုတ်တရက်ဝင်ရောက် လုယက်ပြီးနောက် တောထဲသို့ ချက်ချင်းပြန်ဆုတ်သွားကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ဩဂုတ်လ ၁၅ ရက် မွန်းလွဲ ၂ နာရီခန့်တွင် စစ်အာဏာရှင်တပ်ဖွဲ့သည် ဂေါ့အင်းကျေးရွာသို့ ရုတ်တရက်ရောက်ရှိလာပြီး နေအိမ်များရှိ ဆန်၊ ဆီ၊ ကြက်သွန်နှင့် အခြား ရိက္ခာပစ္စည်များကို အဓမ္မယူဆောင်ကာ ချက်ချင်းထွက်ခွာသွားကြောင်း ဒေသခံများက ပြောသည်။

စစ်အာဏာရှင်တပ်သည် တောလမ်းအတိုင်း သွားလာလှုပ်ရှားပြီး ရုတ်တရက်ရွာထဲသို့ ဝင်ရောက်သည့်ပုံစံကို ယခုနောက်ပိုင်းတွင် ကျင့်သုံးလာကြောင်း ဆိုသည်။

ယခုစစ်ကြောင်းမှာလည်း အလာတူ လှုပ်ရှားသွားလာနေခြင်းဖြစ်ပြီး ရိက္ခာပြတ်သဖြင့် နီးသည့် ရွာထဲဝင်ရောက်လုယက်ခြင်းဖြစ်နိုင်ကြောင်း ဒေသခံတို့က ဆိုသည်။

“တောထဲ ရိက္ခာပြတ်လို့ လူ (စစ်အာဏာရှင်တပ်သား) နှစ်ဆယ်လောက်နဲ့ ရွာထဲဝင်လုတာ“ ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

အဆိုပါစစ်ကြောင်းသည် ဩဂုတ်လ ၁၁ ရက်က ဥယျာဉ်ခြံထဲသွားစဉ် ပျောက်ဆုံးသွားခဲ့သော ညင်းမော်ရွာသား သုံးဦးအနက် ဇနီးမောင်နှံ နှစ်ဦးကို ပြန်လွှတ်ခဲ့ပြီး ကျန်တစ်ဦးမှာမူ လွတ်မြောက်လာခြင်းမရှိသေးကြောင်း ဆိုသည်။

ယင်းအပြင် ဥယျာဉ်ခြံထဲ‌ရှိနေသည့် အခြားဒေသခံအမျိုးသားနှစ်ဦးကိုပါ ထပ်မံဖမ်းဆီးသွားခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။

စစ်အာဏာရှင်တပ် ဂေါ့အင်းရွာထဲသို့ ဝင်ရောက်လာသဖြင့် ဂေါ့အင်း၊ ကထိန်ကြီး၊ နဲတော၊ ရေဖြူ၊ ကဒက်ငယ်ထိန် ကျေးရွာတို့မှ ဒေသခံများ ထွက်ပြေးခဲ့ကြရပြီး စစ်အာဏာရှင်တပ် တောထဲပြန်ဝင်သွားပြီးနောက် ရွာထဲပြန်ဝင်လာခဲ့ကြကြောင်း ဒေသခံများထံမှ သိရသည်။

ဩဂုတ်လ ၇ ရက်‌ကလည်း စစ်အာဏာရှင်တပ်သည် လောင်းလုံးမြို့မှ (ဂေါ့အင်းရွာဝန်းကျင်) တီဇစ်ကျေးရွာသို့ တောလမ်းအတိုင်း စစ်ကြောင်းထိုးလာသဖြင့် ဒေသခံ ဥပုသ်သည်အချို့ ဖမ်းဆီးစစ်ဆေးခံရပြီး အချို့ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။