ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သရက်ချောင်းတွင် စစ်ကြောင်းထိုးနေသဖြင့် ရွာ ၁၀ ခန့်က ဒေသခံများ ထွက်ပြေးတိမ်းရှောင်

August 14, 2026

ပုံစာ - သရက်ချောင်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်များ (ပုံဟောင်း)

သရက်ချောင်းမြို့နယ် ကင်းရှေ့၊ စော်ဖျားကျေးရွာများဘက်သို့ စစ်အာဏာရှင်တပ်က အင်အားရာနှင့်ချီသုံးပြီး စစ်ကြောင်းထိုးနေသဖြင့် အနီးဝန်းကျင်ရှိ ကျေးရွာပေါင်း ၁၀ခန့်က ဒေသခံများ အိုးအိမ်စွန့်ခွာထွက်ပြေးနေရကြောင်း ဒေသခံများက ပြောသည်။

ဩဂုတ်လ ၁၀ တွင် ရှမ္မတွင်းကျေးရွာဘက်မှ စစ်ကြောင်းတစ်ကြောင်းထိုးလာပြီး ဩဂုတ်လ ၁၂ ရက်တွင် ရှင်မုတ္ထီး၊ ရောင်းမော်ရွာဘက်က စစ်အင်အား ငါးရာကျော် အင်အားထပ်မံဖြည့်တင်းလာရာ စုစုပေါင်း အင်အား ခုနစ်ရာခန့်ရှိကြောင်း ဒေသခံများက ဆိုသည်။

ကင်းရှေ့၊ ကြာအင်း၊ ကြက်စားပြင်၊ မိုးရွှေကုန်း၊ စော်ဖျား၊ ဆေးဖြတ်ကုန်း၊ ကျောက်လှေကား၊ ရောင်းမော် စသည့် ကျေးရွာများကို ဆက်လက် စစ်ကြောင်းထိုးနေကြောင်း ဒေသခံများက ပြောဆိုသည်။

“ဒီလောက်များတဲ့ စစ်သား တစ်ခါမှ မမြင်ဖူးဘူး။ အခြေအနေက ဘယ်လိုဖြစ်လာမလဲ မသိဘူးဆိုတော့ ကြိုပြီး ရှောင်လာတယ်။ ၁၂ ရက်နေ့က စော်ဖျားနဲ့ ကျောက်လှေကားဘက်ကို စစ်ကြောင်းထိုးတာမှာ လက်နက်ကြီး ပစ် ပစ်ပြီး ဝင်လာတယ်။ ရောင်းမော်မှာလည်း လက်နက်ကြီးဆင်ထားတယ်လို့ ပြောတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

စစ်ကြောင်းဝင်လာသည့်နေ့က ရှင်မုတ္ထီးရွာက ကျောင်းကားပို့နေသည့် အမျိုးသားတစ်ဦးနှင့် ကင်းရှေ့ရွာက ဒေသခံများကို ဖမ်းဆီးထိန်းသိမ်းထားပြီး အချို့ကို ပြန်လွှတ်ပေးလိုက်သော်လည်း အချို့မှာ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်း ဒေသခံအချို့က ဆိုသည်။

“စော်ဖျားရွာက ဘုရားကုန်း (ပျူစောထီး စခန်းချခဲ့တဲ့နေရာ) ကို (စစ်ကြောင်း) ရောက်နေကြတယ်။ ကျောက်လှေကား (ရွာ) မှာလည်း ရှိတယ်။ အင်အား အများကြီးလေ။ ဒီလောက်များတဲ့ စစ်သား တစ်ခါမှ မမြင်ဖူးသေးဘူး။ ကျွန်မတို့ သားအမိလည်း ဘယ်နေရဲမလဲ၊ စစ်ကြောင်းဝင်လာ ကတည်းက ထွက်ပြေးလာကြတယ်” ဟု စော်ဖျားရွာက ဒေသခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။

အဆိုပါစစ်ကြောင်းသည် ရေဖြူမြို့နယ် ထားဝယ်အထူးစီးပွားရေးဇုန်ကို စစ်ကြောင်းထိုးခဲ့ပြီးနောက် သရက်ချောင်းမြို့နယ်အထက်ပိုင်းကို ရောက်ရှိလာခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့်နှစ် ဇူလိုင်၊ ဩဂုတ်လကလည်း စော်ဖျား၊ ကျောက်လှေကား၊ ကင်းရှေ့၊ မိုးရွှေကုန်း၊ ဥတ္တူရွာရွာများကို စစ်အာဏာရှင်တပ် စစ်ကြောင်းထိုးခဲ့ပြီး အရပ်သားနေအိမ် တစ်ရာကျော်ကို မီးရှို့ဖျက်ဆီးခဲ့သေးသည်။