ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

စစ်အုပ်စုက ထားဝယ်မြို့ပေါ်တွင် လူဟောင်းအများစုကို ရပ်ကွက်အုပ်ချုပ်ရေးမှူး ပြန်ခန့်

August 14, 2026

ပုံစာ - စစ်အုပ်စုခန့် ထားဝယ်မြို့ ပေါ် ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို တွေ့ရစဉ်။

အတုအယောင်ရွေးကောက်ပွဲဖြင့် တက်လာသည့် စစ်အစိုးရလက်ထက်တွင် ထားဝယ်မြို့ပေါ် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ်ခဲ့သော်လည်းအများစု အပြောင်းအလဲမရှိကြောင်း မြို့ခံအချို့ထံမှ သိရသည်။

ထားဝယ်မြို့တွင် ရပ်ကွက်အုပ်စု ၁၅ ခုရှိပြီး အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်ကောင်စီက ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ခန့်အပ်ခဲ့သည်။

အသွင်ပြောင်းစစ်အစိုးရတက်လာပြီးနောက် ရပ်ကွက်အလိုက် အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲများ ပြုလုပ်ရာတွင် ယခင်လူဟောင်းအများစု ပြန်ရွေးခံရခြင်းဖြစ်သည်။

Dawei Watch က လက်လှမ်းမီသမျှ ကောက်ယူထားသည့် စာရင်းများအရ ပိန္နဲတော၊ သင်္ဘောဆိပ်၊ ဘုမ္မော်၊ ဒေါင်းငူ-တံငါ၊ ထိန်သစ်၊ ကျောက်မော်-ရှမ္မရပ်ကွက်တို့တွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများပင် ပြန်အရွေးခံရကြောင်း သိရသည်။

အထက်ပါ ရပ်ကွက်အချို့တွင် အာဏာသိမ်းပြီးနောက်ပိုင်း တာဝန်ယူခဲ့သည့် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများပင် ပြန်လည်ရွေးချယ်ခံရပြီး မည်သို့ ရွေးချယ်ခဲ့သည်ကို ရှင်းရှင်းလင်းလင်းမသိရကြောင်း ယင်းရပ်ကွက်နေသူများက ပြောသည်။

“ကော်မတီ ငါးဦး ရွေးဖို့ဆိုပြီး လော်စပီကာနဲ့ ရပ်ကွက်ထဲကြေညာပြီး တစ်ကြိမ်လာခေါ်တယ်။ အုပ်ချုပ်ရေးမှူးရွေးတာ ကတော့ ဘယ်လိုပြန်ရွေးလိုက်မှန်းမသိဘူး။ အရင်လူပဲ ပြန်ဖြစ်တယ်” ဟု ဘုမ္မော်ရပ်ကွက်နေသူတစ်ဦးက ပြောသည် ။

ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲများကို ပြီးခဲ့သည့် ဇွန်လနှင့် ဇူလိုင်လက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကိုယ်တိုင် မဲသွားထည့်သူ အချို့လည်း ရှိသည်။

“မဲသွားထည့်ရတယ်။ အရင်လူကြီးအပြင် အခြားဝင်အရွေးခံတဲ့သူတွေလည်းရှိတယ်” ဟု ဒေါင်းငူရပ်ကွက်နေသူ တစ်ဦးကပြောသည်။

အဆိုပါ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများအနက် စစ်မှုထမ်းဟောင်းအနည်းစုလည်း ပါဝင်နေကြောင်း ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

သင်္ဘောဆိပ်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ကျော်က စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်ပြီး စစ်မှုထမ်း အဓမ္မစုဆောင်းရာတွင် တက်တက်ကြွကြွလုပ်ဆောင်လေ့ရှိကြောင်း ၎င်းက ပြောသည်။

“စစ်မှုထမ်းဆွဲရင် သူကအဓိကပဲ။ ကျန်တဲ့ရပ်ကွက်တွေတောင် သူ့ကိုအားကိုးနေရတာ။တစ်ရပ်ကွက် တစ်လကို နှစ်ယောက် မရှာနိုင်ရင် သူ့မှာတောင်းရတယ်။ တစ်ယောက်ဘယ်လောက်ဆိုပြီးတော့” အထက်ပါ နီးစပ်သူက ဆိုသည်။

ရပ်ကျေးဥပဒေအရ အုပ်ချုပ်ရေးမှူးများက လက်နက်ကိုင်အဖွဲ့တွင် ပါဝင်ခြင်းမရှိသူသာဖြစ်ရမည်ဟု ပြဌာန်းထားသည်။

ကညုံရပ်ကွက်နှင့် ဆန်းချီရပ်ကွက်တို့တွင် အုပ်ချုပ်ရေးမှူးအသစ်များဖြင့် ပြောင်းလဲခန့်အပ်ခဲ့ကြောင်း မြို့ခံအချို့က ဆိုသည်။