လောင်းလုံးမြို့နယ်၊ တောင်မင်းပြောင်ကျေးရွာတွင် စစ်အာဏာရှင်တပ် စစ်ကြောင်းထိုးဝင်ရောက်နေချိန် ဒေသခံ အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
လောင်းလုံးမြို့ မြောက်ပိုင်းကျေးရွာများဖြစ်သည့် တောင်မင်းပြောင်နှင့် မြို့ဟောင်းကျေးရွာများသို့ ဇူလိုင်လ နောက်ဆုံးပတ်တွင် စစ်ကြောင်းထိုးဝင်ရောက်သောကြောင့် ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။
သေဆုံးသူအမျိုးသားသည် မိသားစုအား ဘေးလွတ်ရာသို့ တိမ်းရှောင်စေခဲ့ပြီးနောက် ၎င်းမှာ မွေးမြူရေးခြံအား စောင့်ရှောက်ပြီး ရွာအနီးတိမ်းရှောင်နေခဲ့စဉ် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
ရုပ်အလောင်းတွင် ပြင်ပဒဏ်ရာများ တစ်စုံတစ်ရာမတွေ့ရသဖြင့် နဂိုအခံရှိသည့် အတက်ရောဂါဖြင့် သေဆုံးခြင်းဖြစ်နိုင်သည်ဟု ယူဆကြကြောင်း ဒေသခံများက ဆိုသည်။
“သူ့မိသားစုကို ထားဝယ်ဘက်လွှတ်ပြီး သူက သူခြံကိုစောင့်ရှောင်ရင်းကျန်ခဲ့တယ်။ တစ်ယောက်တည်းဆိုတော့ အအေးမိပြီး တက်ပြီးသေတာ” ဟု အထက်ပါဒေသခံက ပြောဆိုသည်။
စစ်အာဏာရှင်တပ် ပြန်ထွက်သွားပြီးနောက် ဇူလိုင်လ ၃၀ ရက်တွင် စစ်ဘေးရှောင်ရာမှ ရွာသို့ပြန်လာသည့် ရွာသူရွာသားများက ရုပ်အလောင်းကို တွေ့ရှိပြီး သင်္ဂြိုဟ်လိုက်ကြကြောင်း ဒေသခံများက ဆိုသည်။
စစ်ကြောင်းထိုးစဉ် ဒေသခံအရပ်သားပြည်သူသုံးဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး နေအိမ် ၁၀ ထက် မနည်းကို မီးရှို့ကာ ဒေသခံများ ပိုင်ဆိုင်သည့် တန်ဖိုးကြီး ဆိုင်ကယ်၊ သုံးဘီးနှင့် ထော်လာဂျီတို့ကို အဓမ္မယူ ဆောင်သွားခဲ့ကြကြောင်း ဒေသခံတိုထံမှသိရသည်။
စစ်ကြောင်းဝင်ရောက်စဉ် ဖမ်းဆီးခံရသည့် ဒေသခံများမှာ ပြန်လည်လွတ်မြောက်လာကြကြောင်း ဒေသခံများထံမှ သိရသည်။







