မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများဘက်ကို စစ်အဏာရှင်တပ်က လေကြောင်း တိုက်ခိုက်မှုကြောင့် ဒေသခံထောင်နှင့်ချီ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။
ကျောင်းရွာကျေးရွာအုပ်စုအတွင်းရှိ ကျောက်တိုင်၊ လိပ်ပုတ်၊ ချောတာ အစရှိသည့် ကျေးရွာများဘက်ကို ဩဂုတ်လ ၁၁ ရက် နေ့လယ်ပိုင်းတွင် စစ်အာဏာရှင်တပ်က ဗုံး သုံးလုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့သည်။
ဗုံးများသည် ဥယျာဉ်ခြံ၊ ရော်ဘာခြံများထဲ ကျရောက်ပေါက်ကွဲခဲ့ခြင်းကြောင့် လူထိခိုက်မှုမရှိသော်လည်း သီးပင် စားပင် ထိခိုက်ပျက်စီးကြောင်း ဒေသခံများက ပြောသည်။
လေကြောင်းဖြင့် ထပ်မံတိုက်ခိုက်မည်ကို စိုးရိမ်သဖြင့် ကျောက်တိုင်၊ လိပ်ပုတ်၊ ချောတာ၊ နတ်ကြီး၊ ကင်ပွန်း အပါအဝင် ကျေးရွာ ၁၀ ရွာထက်မနည်းက ဒေသခံ ထောင်နှင့်ချီ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများက ဆိုသည်။
“ရွာထဲ (ဗုံး) ကြဲချရင် သေကုန်မှာ။ အခုဖြစ်သွားတာကလည်း ရွာနဲ့ မဝေးဘူး။ အဲဒီလိုမျိုးဆို ရွာမှာ ဘယ်သူမှ မနေရဲ ကြတော့ဘူး။ လောလောဆယ် ကိုယ်အဆင်ပြေတဲ့နေရာမှာ သွားပြီး ရှောင်နေကြတာက အကောင်းဆုံးပဲ” ဟု ဒေသခံ တစ်ဦးက ပြောသည်။
လေကြောင်းရန်အန္တရာယ်ကြောင့် ဒေသအချို့က ရေးမြို့ဘက်ကို တိမ်းရှောင်သွားကြသလို အချို့ကလည်း အနီးအနားရွာရှိ ဆွေမျိုး၊ မိတ်ဆွေများထံ တိမ်းရှောင်ကြကြောင်း ဒေသခံများထံမှ သိရသည်။
စစ်အာဏာရှင်တပ်သည် ရေးမြို့နယ်အတွင်း ဝေဟင်ကင်းထောက်မှု၊ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။
ပြီးခဲ့သည့် မေလအတွင်းကလည်း ရေးမြို့နယ်အတွင်း လှုပ်ရှားနေသည့် ရေးဘီလူးတပ်စခန်းကို လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ရေးဘီလူးတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း သေဆုံးကာ၊ ၂၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
အလားတူ ဇွန်လအတွင်းကလည်း မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေ ရေးချောင်းဖျားဒေသက ဒုက္ခသည်များအတွက် အိမ်ရာများ တည်ဆောက်ပေးထားသည့်နေရာကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စာသင်ကျောင်းအပါအဝင် နေအိမ်အလုံး ၇၀ ခန့် ထိခိုက်ပျက်စီးခဲ့သည်။






