မွန်ပြည်နယ်၊ မုဒုံမြို့၊ မြို့မ (၂) ရပ်ကွက်၊ အဲမွန်ဒယား (၃) လမ်းတွင် အိမ်ငှားနေထိုင်သူ အမျိုးသမီးတစ်ဦး ယမန့်နေ့ ညနေပိုင်းက သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးကြောင်း မြို့ခံများ၊ ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသူသည် အသက် ၄၂ နှစ်အရွယ် ဒေါ်နွယ်နွယ်ခိုင် ဖြစ်ပြီး ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့နယ်က ဖြစ်ကြောင်း မြို့ခံများက ဆိုသည်။
ဒေါ်နွယ်နွယ်ခိုင်သည် နေအိမ်အတွင်းရှိနေစဉ် ဆိုင်ကယ်တစ်စီးဖြင့် အမျိုးသားနှစ်ဦး ရောက်ရှိလာပြီး နေအိမ်အတွင်းသို့ ဝင်ရောက်ကာ ပစ္စတိုသေနတ်ဖြင့် ခုနစ်ချက်ခန့် ပစ်ခတ်သွားကြောင်း ၎င်းတို့က ပြောဆိုသည်။
ဒေါ်နွယ်နွယ်ခိုင်သည် ရင်ဘတ်၊ ခါး၊ နောက်ကျောတို့တွင် ကျည်ထိမှန် ဒဏ်ရာများဖြင့် သေဆုံးကြောင်း မြို့ခံတစ်ဦးက ပြောသည်။
ဒေါ်နွယ်နွယ်ခိုင်ကို မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် သေနတ်ဖြင့် ပစ်သတ်သွားသည်ကို Dawei Watch အနေဖြင့် အတည်ပြုနိုင်ခြင်း မရှိသေးပေ။
ဒေါ်နွယ်နွယ်ခိုင် သေနတ်ဖြင့် ပစ်ခတ်သွားသူများကို မဖမ်းမိသေးကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။






