ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရေးမြို့နယ်ရှိ ကျေးရွာများကို စစ်အာဏာရှင်တပ်က လေယာဉ်ဖြင့် ဗုံးကြဲ

August 12, 2026

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများဘက်သို့ စစ်အာဏာရှင်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။

ယမန်နေ့ ဩဂုတ်လ ၁၁ ရက် မွန်းလွဲပိုင်းက စစ်အာဏာရှင်တပ်က ဂျက်ဖိုက်တာ လေယာဉ်ဖြင့် ကျောင်းရွာကျေးရွာအုပ်စုအတွင်းရှိ ကျောက်တိုင်၊ လိပ်ပုတ်၊ ချောတာ အစရှိသည့် ကျေးရွာများဘက်သို့ ပေါင် ၅၀၀ ဗုံး သုံးလုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့သည်။

“လေယာဉ်နဲ့ ဗုံးလာကြဲသွားတယ်။ ကံကောင်းသွားတာက ဗုံးတွေက ရွာထဲမကျဘဲ ရွာအပြင်ဘက် ဥယျာဉ်ခြံတွေထဲ ကျတယ်။ အဲဒါကြောင့် လူတွေ မထိတာ၊ အပင်တွေတော့ ထိသွားတယ်။ ရွာထဲမှာသာကျရင် မတွေးရဲစရာပဲ” ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် လူထိခိုက်မှု မရှိသော်လည်း လေကြောင်းအန္တရာယ် စိုးရိမ်သည့်အတွက် ဒေသခံ ရာနှင့်ချီ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဆိုသည်။

ယခု လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သည့်နေရာသည် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) နယ်မြေလည်းဖြစ်သည်။

ဇွန်လအတွင်းကလည်း မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေ ရေးချောင်းဖျားဒေသရှိ စစ်ဘေးရှောင်များအတွက် အိမ်ရာများ တည်ဆောက်ပေးထားသည့်နေရာကို စစ်အာဏာရှင်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းအပါအဝင် နေအိမ် ၇၀ ခန့် ထိခိုက်ပျက်စီးခဲ့သည်။

စစ်အာဏာရှင်တပ်သည် ရေးချောင်းဖျားဒေသဘက်သို့ တော်လှန်ရေးတပ်ဖွဲ့များ ရှိသည်ဟု ယူဆကာ လေယာဉ်ဖြင့် ကင်းထောက်မှုများ ပြုလုပ်နေပြီး ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်နေသည်။

ပုံစာ – စစ်တပ် လေယာဉ် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်နေရာ။

ဓာတ်ပုံ – ရေးဘီလူးအဖွဲ့