မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့တွင် ရန်ကုန်မှ ပြန်လာသည့် အမျိုးသမီးတစ်ဦးတွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါပိုး တွေ့ရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။
အသက် ၅၉ နှစ်အရွယ် အမျိုးသမီးသည် ဩဂုတ်လ ၉ ရက်တွင် ရန်ကုန်မှ ပြန်လာပြီး ဩဂုတ်လ ၁၃ ရက်တွင် မကြာခဏ ဝမ်းသွားနေသည့်အတွက် ကျိုက္ခမီတိုက်နယ်ဆေးရုံသို့ သွားရောက် ဆေးကုသမှု ခံယူခဲ့ကြောင်း အဆိုပါဌာနထံမှ သိရသည်။
ကျိုက္ခမီတိုက်နယ်ဆေးရုံက အဆိုပါအမျိုးသမီးကို စမ်းသပ်စစ်ဆေးရာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါပိုး တွေ့ရှိခဲ့ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“အမျိုးသမီးကို ကျိုက္မမီတိုက်နယ်ဆေးရုံမှာ ဆေးကုသမှု ပေးထားတယ်။ ကျန်းမာရေးတော့ ကောင်းမွန်နေတယ်” ဟု ၎င်းက ဆိုသည်။
အဆိုပါ လူနာအမျိုးသမီးနှင့် ထိတွေ့ခဲ့သည့် မိသားစုဝင် ကိုးဦးကို ကျိုက္ခမီတိုက်နယ်ဆေးရုံတွင် Quarantine ထားရှိပြီး စောင့်ကြည့်ထားကြောင်းလည်း မြို့နယ်ကျန်းမာရေးဌာနထံမှ သိရသည်။
ရန်ကုန်တိုင်း မြို့နယ်အချို့တွင် ဩဂုတ်လ ၉ ရက်မှစတင်ကာ ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါ ကူးစက်မှု ဖြစ်ပွား လျှက်ရှိရာ ဩဂုတ်လ ၁၃ ရက်အထိ လူနာ ၁၈၀ ကျော် ရှိသည်။ ယင်းအနက် အသက် ၉၂ နှစ်အရွယ် သက်ကြီးလူနာတစ်ဦး သေဆုံးခဲ့သည်။
ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားနေသည့် ရန်ကုန်တိုင်းရှိ လမ်းမတော်၊ လသာ၊ ပန်းဘဲတန်း၊ ကျောက်တံတားမြို့နယ်တို့တွင် အစားအသောက်နှင့် ရေများအား စစ်ဆေးလျက်ရှိသည်။






