ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်မြို့အနီးရှိ မောင်မယ်ရေတံခွန် လာရောက်လည်ပတ်သူနည်း

August 14, 2026

ပုံစာ - မောင်မယ်ရေတံခွန်တွင် ရေကစားနေကြသူများ။

စစ်မှုထမ်း အဓမ္မစုဆောင်းခံရနိုင်သောကြောင့် ထားဝယ်မြို့အနီးရှိ မောင်မယ်ရေတံခွန်သို့ လာရောက်လည်ပတ်သူ နည်းနေကြောင်း ဒေသခံများက ပြောသည်။

မောင်မယ်ရေတံခွန်သည် ထားဝယ်မြို့၏ အနောက်ဘက် သုံးမိုင်ခန့်အကွာ လောင်းလုံးမြို့နယ် ကမြောကြီးကျေးရွာ၏ အနောက်ဘက်တွင် ရှိသည်။

မောင်မယ်ရေတံခွန်သို့ သွားရောက်လည်ပတ်မည်ဆိုလျှင် ထားဝယ်မြစ်ကူး ကမြောကင်းတံတားကို ဖြတ်သန်းရမည် ဖြစ်သည်။ ကမြောကင်းတံတား စစ်အာဏာရှင်တပ် စစ်ဆေးရေးဂိတ်သည် လူငယ်များကို လစဉ် စစ်မှုထမ်းဖမ်းဆီးစုဆောင်း လေ့ရှိသည့် နေရာဖြစ်သည်။

ကမြောကင်းတံတားကို ဖြတ်သန်းသွားလာရမည်ဖြစ်သဖြင့် မသွားလာရဲကြောင်း ထားဝယ်မြို့ခံလူငယ်တစ်ဦးက ဆိုသည်။

“ကမြောကင်းတံတားဖြတ်ရမယ်ဆို ဘယ်မှ မသွားရဲဘူး။ (စစ်မှုထမ်းဆွဲတာ) ကြားနေရတာနဲ့တင် အဲဒီဖက် သွားရမှာ ကြောက်တယ်” ဟု ၎င်းက ပြောဆိုသည်။

အာဏာမသိမ်းမီနှင့် အာဏာသိမ်းပြီးစ ၂နှစ်ခန့်အထိ မောင်မယ်ရေတံခွန်သည် ဝါတွင်းကာလ ဥပုသ်ရက်များတွင် လာရောက် လည်ပတ်သူများဖြင့် စည်စည်ကားကား တွေ့ရလေ့ရှိသည်။

သို့သော် ကမြောကင်းတံတားတွင် စစ်မှုထမ်း စတင်ဖမ်းဆီးချိန်ဖြစ်သည့် ၂၀၂၅ ခုနှစ် ဇွန်လ ဝန်းကျင်မှ စတင်၍ လာရောက်လည်ပတ်သူ နည်းပါးသွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“အခု မြို့ပေါ်နဲ့ ရပ်ဝေးက မလာကြတော့ဘူး။ နယ်ခံတွေတောက်မှ အရင်လို သိပ်မတွေ့ရဘူး။ ခြောက်ကပ်နေတယ်” ဟု မောင်မယ်ရေတံခွန်သို့ ယခုလ ပထမပတ်တွင် သွားရောက်လည်ပတ်ခဲ့သည့်‌ ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။

အာဏာမသိမ်းမီက ဥပုသ်ရက်များတွင် မောင်မယ်ရေတံခွန်သို့ တစ်ရက်လျှင် လူ ရာနှင့်ချီ လာရောက်လည်ပတ်လေ့ရှိပြီး ဈေးဆိုင်နှင့် စက်ဘီးဆိုင်ကယ်အပ်နှံသည်နေရာ ဌာနများလည်း ထားရှိခဲ့ဖူးသည်။

အာဏာသိမ်းပြီးသည့်နောက် စစ်မှုထမ်းစုဆောင်းသည့်အပြင် စစ်အာဏာရှင်တပ်က မောင်မယ်ရေတံခွန်အနီးရှိ သဲပုံကျေးရွာ တွင် ရှိသော အင်းဝတောင်အနီး တပ်စွဲလိုက်ခြင်းကြောင့်လည်း ‌လာရောက်လည်ပတ်သူမှာ ပိုနည်းလာကြောင်း ဒေသခံများက ပြောဆိုသည်။

လောင်းလုံးမြို့နယ်တွင် ထင်ရှားသည့် ရေတံခွန်များမှာ တောကျဲ ရေတံခွန်နှင့် မောင်မယ် ရေတံခွန်တို့ဖြစ်ပြီး မောင်မယ် ရေတံခွန်မှာ ထားဝယ်မြို့နှင့်အနီးဆုံးဖြစ်၍ မြို့ခံများနှင့် နယ်ခံများ အများဆုံး လာရောက်လည်ပတ် အပန်းဖြေလေ့ ရှိကြသည်။