ထားဝယ်အရှေ့တောဒေသရှိ ကျေးရွာအချို့တွင် ခဲမဖြူနှင့် သံ သတ္တု အရောင်းအဝယ် ရပ်နားထားကြောင်း ဒေသခံ အဝယ်ဒိုင် အချို့ထံမှ သိရသည်။
အရှေ့တောဒေသက တူးဖော်ထွက်ရှိသည့် ခဲမဖြူနှင့် သံသတ္တုများကို ဒေသခံ အဝယ်ဒိုင်များက ဝယ်ယူပြီး ထားဝယ်မြို့နှင့် ထိုင်းနိုင်ငံဘက်ခြမ်းသို့ တင်ပို့ရောင်းချကြသည်။
လက်ရှိတွင် ထားဝယ်မြို့ပေါ်ရှိ အဝယ်ဒိုင်ကြီးအချို့ကို စစ်အုပ်စုက ဖမ်းဆီးခဲ့ပြီးနောက် ဘဏ်တွင် ငွေကြေးထုတ်ယူရ ခက်ခဲသည့်အတွက် ဩဂုတ်လ ဒုတိယပတ်မှစတင်ကာ အဝယ်ရပ်ထားကြကြောင်း အဝယ်ဒိုင်ပိုင်ရှင်အချို့က ပြောသည်။
“မြို့ပေါ်က ဒိုင်ကြီးတွေကို ရဲတွေက ဖမ်းလိုက်တာ။ ခဲ၊ သံ တစ်ပိဿာမှ ဖမ်းမိတာ မဟုတ်ဘူး။ ဘဏ်ကနေ ပိုက်ဆံ အဝင်အထွက်တွေကို ကြည့်ပြီး ဖမ်းလိုက်တာ။ ပြီးတော့ အစ်ကိုတို့လို တစ်ဆင့်ခံ ငွေသွားထုတ်တဲ့ သူတွေကိုလည်း စောင့်ပြီးဖမ်းတယ်” ဟု အရှေ့တောဒေသခံ အဝယ်ဒိုင်တစ်ဦးက ပြောသည်။
ထားဝယ်မြို့ပေါ်ရှိ သတ္တုအဝယ်ဒိုင်ကြီးအချို့အဖမ်းခံရသည်ဆိုသည့်ကိစ္စနှင့် ပတ်သက်၍ Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ရန် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
ထိုသို့ အဖမ်းခံရသည့် အခြအနေများကြောင့် ထားဝယ်မြို့ပေါ်ရှိ အဝယ်ဒိုင်ကြီးများက ငွေကြေး ထုတ်မပေးတော့သည့် အတွက် ဒေသခံအဝယ်ဒိုင်များကလည်း သတ္တုအဝယ်ရပ်နားထားခြင်းဖြစ်ကြောင်း အဝယ်ဒိုင်နောက်တစ်ဦးက ဆိုသည်။
“ငွေလည်း ထုတ်မပေးတော့ဘူး။ ဝယ်လည်း မဝယ်ခိုင်းတော့ဘူး။ အရင်က ဝယ်ပေးထားတာတွေလည်း လာမယူသေးဘူး” ဟု ၎င်းက ပြောသည်။
ထိုသို့ အဝယ်ရပ်နားထားသဖြင့် သတ္တုတူးဖော်ပြီး အသက်မွေးနေသူ အခက်တွေ့နေကြကြောင်း ဒေသခံအချို့က ဆိုသည်။
သြဂုတ်လ ပထမပတ်အထိ အဝယ်ဒိုင်များက ဝယ်ယူကြသေးသော်လည်း လက်ရှိတွင် အဝယ်ဒိုင် အားလုံး ရပ်နားထားကြကြောင်း သတ္တုတူးဖော်နေသည့် ဒေသခံတစ်ဦးကပြောသည်။
“ခဲ၊ သံစျေးတက်လို့ ဝမ်းသာနေရုံပဲ ရှိသေးတယ်။ အခု အဝယ်ရပ်နားလိုက်တော့ အခက်တွေ့ပြီပေါ့။ အလုပ်သမားခ ရှင်းပေးဖို့၊ ဆီ (လောင်စာဆီ) ဖိုး ရှင်းပေးဖို့ ပိုက်ဆံက လိုနေပြီ” ဟု ၎င်းက ဆိုသည်။
ထားဝယ်အရှေ့တောက ထွက်ရှိသည့် ခဲမဖြူနှင့် သံသတ္တုများကို ထားဝယ်မြို့မှတစ်ဆင့် မြန်မာနိုင်ငံအထက်ပိုင်းကို ကားဖြင့် တင်ပို့ကြသလို ထိုင်းနိုင်ငံဘက်ကိုလည်း နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တင်ပို့နေကြောင်း အဝယ်ဒိုင်အချို့က ပြောသည်။
“ဆိုင်ရာ ဆိုင်ရာတွေအားလုံးကို အခွန်သဘောမျိုး ပိုက်ဆံပေးလိုက်ရင် အစိုးရက လက်မှတ်လေးတစ်ရွက် ထုတ်ပေး လိုက်တယ်လို့ ပြောတယ်။ အဲဒီလက်မှတ်နဲ့ ပို့တာတဲ့။ အစ်မတို့ဘက်က (အရှေ့တောနယ်) ခဲ၊ သံ တွေကိုလည်း တစ်ခါတလေ ထီးခီးလမ်းဘက်က လမ်းကြောင်းကျပ်နေရင် ဒိုင်ကြီးတွေက မြို့ပေါ်ကို လာသယ်သွားကြတာပဲလေ” ဟု သတ္တုအဝယ်ဒိုင်တစ်ဦးက ဆိုသည်။
သတ္တုအဝယ်မရပ်မီ သြဂုတ်လ ပထမပတ်က ခဲမဖြူတစ်ပိဿာလျှင် တစ်သိန်းသုံးသောင်းကျပ်မှ တစ်သိန်း ခုနစ်သောင်းကျပ်အထိ ဈေးရှိပြီး သံ သတ္တုတစ်ပိဿာလျှင် နှစ်သိန်းတစ်သောင်းကျပ်အထိ ပေါက်စျေးရှိကြောင်း သတ္တုတူးဖော်နေသူအချို့ထံမှ သိရသည်။







