ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မွန်တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါပိုးတွေ့သူ နှစ်ဦးရှိလာ

August 15, 2026

ဓာတ်ပုံ - လူမှုကယ်ဆယ်ရေးအဖွဲ့

မွန်ပြည်နယ်တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါပိုး တွေ့ရှိသူ နှစ်ဦးရှိလာကြောင်း သက်ဆိုင်ရာ မြို့နယ်ကျန်းမာရေးဦးစီးဌာနများထံမှ သိရသည်။

ရောဂါပိုး တွေ့ရှိသူ နှစ်ဦးလုံးသည် ရန်ကုန်မြို့က ပြန်လာကြပြီး ရက်ပိုင်းအတွင်း ပြင်းထန်ဝမ်းပျက်ဝမ်းလျှော စတင်ဖြစ်ပွားခဲ့ကြောင်း ဆိုသည်။

ရေးမြို့၊ သီရိခေမာရပ်ကွက်နေ အသက် ၃၄ နှစ်အရွယ် အမျိုးသားသည် ဩဂုတ်လ ၁၀ ရက်က ရန်ကုန်က ပြန်လာပြီး ၁၄ ရက်တွင် ဝမ်း မကြာခဏသွားရာမှ ဆေးရုံသို့ သွားရောက် စမ်းသပ်စစ်ဆေးခဲ့ရာ Cholera test kit positive ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါပိုး တွေ့ရှိခဲ့သည်။

“လူနာက ရန်ကုန်ကနေ ပြန်လာတယ်လို့ သိရတယ်။ သူနေထိုင်ထိတွေ့ခဲ့ရာ နေရာတွေကို ကျန်းမာရေးအဖွဲ့နဲ့ ပူးပေါင်းပြီး ပိုးသတ်ဆေးဖြန်းတာတွေ ဆောင်ရွက်ပေးခဲ့ပါတယ်” ဟု လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါပိုးတွေ့ရှိသည့် အမျိုးသားသည် ရေးမြို့ဆေးရုံကြီးတွင် တက်ရောက်ဆေးကုသမှုခံယူလျှက်ရှိပြီး ကျန်း‌မာရေး ကောင်းမွန်နေကြောင်း ကျန်းမာရေးဝန်ထမ်းများထံမှ သိရသည်။

အဆိုပါအမျိုးသားနှင့်အတူ ရန်ကုန်မှ ပြန်လာသူနှစ်ဦးကို Quarantine ထားပြီး စောင့်ကြည့်နေကြောင်း ကျန်းမာရေးဝန်ထမ်းများထံမှ သိရသည်။

ပိုးတွေ့လူနာ နေအိမ် ပတ်ဝန်းကျင်ကိုလည်း မြို့နယ်ကျန်းမာရေးနှင့် ပူးပေါင်းအဖွဲ့တို့က ပိုးသတ်ဆေးဖြန်းထားကြောင်း ၎င်းတို့က ဆိုသည်။

ဩဂုတ်လ ၁၃ ရက်ကလည်း ရန်ကုန်မှ ပြန်လာသည့် ကျိုက္ခမီမြို့နေ အမျိုးသမီးတစ်ဦးတွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါပိုး တွေ့ရှိခဲ့ပြီး ကျိုက္ခမီမြို့ဆေးရုံတွင် ဆေးကုသမှုခံယူလျှက် ရှိသည်။