မြန်မာနိုင်ငံမှာ စစ်အုပ်စုက အာဏာသိမ်းပြီးနောက်ပိုင်း လူထုကို သတင်းအမှောင်ချဖို့ ရည်ရွယ်ပြီး အင်တာနက်ပိတ်ဆို့ ဖြတ်တောက်တာတွေ ဗျူဟာချလုပ်ဆောင်နေပါတယ်။
ဒါကြောင့်လည်း မြို့ပြအများစုက အင်တာနက် ပိတ်ဆို့ခံနေရသလို ကျေးလက်ဒေသ အများစုကတော့ အင်တာနက် လုံးဝဖြတ်တောက်ခံရတဲ့ အဆင့်အထိဖြစ်နေပါတယ်။
အင်တာနက် လုံးဝဖြတ်တောက်ခံထားရတဲ့ ဒေသတွေမှာ စတားလင့်ကို အားပြုပြီး လူထုက သတင်းအမှောင်ချခံရမှုကို တွန်းလှန်နေကြရတာပါ။
ဒါပေမဲ့ မြန်မာနိုင်ငံမှာ ခြေကုတ်ယူလှုပ်ရှားနေတဲ့ ကျားဖြန့်ဂိုဏ်းတွေအပါအဝင် ကျားဖြန့်ကွန်ရက်ကလည်း စတားလင့်ကို အဓိကအသုံးပြုနေပါတယ်။
ကျားဖြန့်ဂိုဏ်းတွေကို နှိမ်နင်းဖို့ ကြိုးစားလာချိန်မှာတော့ စတားလင့်ကို ထိန်းချုပ်ကန့်သတ်တဲ့ နည်းလမ်းလည်း ပါဝင်လာခဲ့ပါတယ်။
စတားလင့် အင်တာနက်တွေနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ ဇူလိုင်လလယ်လောက်မှာ ကုမ္ပဏီဘက်က သတိပေးစာတွေ စက်အသုံးပြုသူတွေဆီ အကြောင်းကြားလာပါတယ်။
ဒါကြောင့် တနင်္သာရီတိုင်းက စတားလင့် အသုံးပြုသူတွေလည်း အင်တာနက် ထပ်ပြတ်တောက်သွားမလားဆိုတဲ့ စိုးရိမ်ချက်တွေ ရှိနေကြပါပြီ။
စတားလင့်စက်တွေ အပိတ်ခံနေရပြီလား
မြန်မာနိုင်ငံမှာ စတားလင့် အင်တာနက်ဝန်ဆောင်မှုအတွက် အင်တာနက်လိုင်း ဖမ်းယူအသုံးပြုတဲ့ စက်တွေ ဇူလိုင်လဆန်းကတည်းက အပိတ်ခံနေရတာရှိတယ်လို့ စတားလင့် အသုံးပြုသူတွေနဲ့ ဝန်ဆောင်မှုပေးနေသူတွေဆီက သိရပါတယ်။
ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်မှာရှိတဲ့ ရှမ်း၊ ကရင်နီနဲ့ ကရင်ဒေသတွေက စက်တွေ အပိတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။
စက်ကို မှတ်ပုံတင်ထားတဲ့ နိုင်ငံရဲ့ ဧရိယာပြင်ပမှာ သုံးစွဲခွင့်ပြုထားတဲ့ ရက်ကျော်လွန်သွားတာအပြင် ကုမ္ပဏီဘက်က တရားဝင်ခွင့်မပြုထားတဲ့ နိုင်ငံနယ်နမိတ်ထဲမှာ သုံးစွဲနေတာကြောင့်ဆိုတဲ့ အကြောင်းကြားစာတွေ ပေးပို့ပြီး စက်ကို ကုမ္ပဏီဘက်က ပိတ်လိုက်တာလို့ စတားလင့် ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူတွေဆီက သိရပါတယ်။
ဒါပေမဲ့ အဲဒီဒေသတွေက စက်တွေ အကုန်အပိတ်ခံရတာမျိုး မဟုတ်ဘဲ ကျပန်းပုံစံ ရွေးချယ်အပိတ်ခံရတာမျိုး ဖြစ်တယ်လို့ သိရပါတယ်။
ထိုင်း-မြန်မာ နယ်စပ်နဲ့ တောက်လျှောက် ထိစပ်နေတဲ့ တနင်္သာရီတိုင်းထဲက စတားလင့်ခ်စက်တွေကတော့ အပိတ်ခံရတာ မရှိသေးဘဲ အသုံးပြုနေရဆဲ ဖြစ်တယ်လို့ ထားဝယ်ဒေသက စတားလင့်စက်တွေကို ဝန်ဆောင်မှုပေးနေသူတစ်ဦးက ပြောပါတယ်။
မြန်မာနိုင်ငံဟာ စတားလင့် အင်တာနက် အသုံးပြုခွင့်ကို SpaceX ကုမ္ပဏီဘက်က စာချုပ်ချုပ်ဆိုပြီး တရားဝင် သုံးစွဲခွင့်ပြုထားတာ မရှိပေမဲ့ လူသားချင်းစာနာထောက်ထားမှုအရ သုံးစွဲခွင့်ပြုပေးထားတယ်လို့ သိရပါတယ်။
အရှေ့တောင်အာရှမှာ SpaceX ကုမ္ပဏီဘက်က ဖိလစ်ပိုင်၊ မလေးရှားနဲ့ အင်ဒိုနီးရှား သုံးနိုင်ငံသာ ပညာရေး၊ ကျန်းမာရေးနဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေအတွက် စတားလင့် အင်တာနက်ကို တရားဝင် ဝယ်ယူသုံးစွဲခွင့် ပြုထားပါတယ်။
သတိပေးစာနောက်ပိုင်း စတားလင့် အပိတ်ခံရမှာလား
တနင်္သာရီတိုင်းက စတားလင့် အသုံးပြုသူတွေဆီကိုလည်း ဇူလိုင်လ ၁၅ ရက်မှာ ကုမ္ပဏီဘက်က အီးမေးလ်ကတစ်ဆင့် သတိပေးစာတွေ ပေးပို့ခဲ့ပါတယ်။
ဩဂုတ်လ ၁၇ ရက်နေ့ကစပြီး စတားလင့် အင်တာနက်ဖမ်းယူတဲ့ စက်တွေ မှတ်ပုံတင်ထားတဲ့ မူလနိုင်ငံကို ပြန်ပြီး အသုံးပြုရမယ်လို့ သတိပေးလာတာပါ။
ဒါမှမဟုတ် နောက်တစ်နည်းအနေနဲ့ Global Priority plans ကို ပြောင်းပြီး သုံးရမယ်လို့ ကုမ္ပဏီဘက်က ဆိုပါတယ်။
Global Priority plans ဆိုတာက ကမ္ဘာတစ်ဝန်း သုံးလို့ရနိုင်တဲ့ စတားလင့်ရဲ့ အင်တာနက် ဝန်ဆောင်မှုတစ်ခုဆိုပေမဲ့ အဲဒီဝန်ဆောင်မှုနဲ့ စက်ကို ပြန်အသုံးပြုမယ့် နိုင်ငံကို ပြန်လည်ရွေးချယ်ရမှာပါ။
အဲဒီလို ပြန်လည်ရွေးချယ်ရာမှာ ကုမ္ပဏီဘက်က တရားဝင် ခွင့်ပြုထားတဲ့ နိုင်ငံတွေကိုပဲ ရွေးချယ်ရမယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံလို ကုမ္ပဏီနဲ့ တရားဝင် ချိတ်ဆက်ထားတာ မရှိသေးတဲ့ နိုင်ငံတွေက အဲဒီဝန်ဆောင်မှု အကျုံးဝင်၊ မဝင်ကို အတိအကျ မသိရသေးပါဘူး။
ဒါပေမဲ့ ကုမ္ပဏီဘက်က ပေးပို့လာတဲ့ သတိပေးစာထဲမှာ ပညာရေးနဲ့ လူသားချင်း စာနာထောက်ထားရေး ကိစ္စတွေ ဆောင်ရွက်နေတဲ့ ဒေသတွေအတွက် ချွင်းချက်အနေနဲ့ ကုမ္ပဏီဘက်က စဉ်းစားပေးမယ်လို့ စာသားအတိုတစ်ကြောင်း မထင်မရှား ပါရှိတယ်လို့ သတိပေးစာ လက်ခံရရှိသူတွေဆီက သိရပါတယ်။
ဒါက တိကျတဲ့ အဖြေမဟုတ်ဘဲ အနည်းငယ် မျှော်လင့်လို့ရတဲ့ မျှော်လင့်ချက်လို့ ဆိုရပါမယ်။
စက်တွေကို မှတ်ပုံတင်ထားတဲ့ နိုင်ငံပြန်ဖို့နဲ့ Global Priority Plan ပြင်ဆင်ဖို့အတွက် အချိန်က ဩဂုတ်လ ၁၇ ရက်ကနေ စက်တင်ဘာလ ၁၇ ရက်အထိ အချိန်ရမှာ ဖြစ်ပါတယ်။
အဲဒီနောက်ပိုင်းမှာတော့ စက်တွေ အသုံးပြုရ၊ မရကို စောင့်ကြည့်ရမယ့် အခြေအနေ ဖြစ်တယ်လို့ အသုံးပြုသူတွေက ဆိုပါတယ်။
Global Priority Plan က အလုပ်ဖြစ်၊ မဖြစ် စောင့်ကြည့်ရမယ့် အခြေအနေ ဖြစ်နေသလို မူလစက်မှတ်ပုံတင်ထားတဲ့ နိုင်ငံကို ပြန်သွားဖို့ဆိုတာကလည်း မဖြစ်နိုင်တာကြောင့် ကုမ္ပဏီဘက်က အဖြေပေးထားချက်ဟာ မြန်မာနိုင်ငံက အသုံးပြုသူတွေနဲ့ မဆီလျော်နေတာကို တွေ့ရပါတယ်။
လတ်တလောမှာတော့ စက်တင်ဘာလ ၁၇ ရက်အထိ သုံးလို့ရသမျှ အသုံးပြုရင်း အခြေအနေ စောင့်ကြည့်နေဆဲ အနေအထား ဖြစ်ပါတယ်။
စက်တွေ ပိတ်သွားပြီး စတားလင့် အင်တာနက် အသုံးပြုလို့ မရတော့တဲ့ အခြေအနေလည်း ရှိနိုင်သလို အခြား အဖြေရှာနိုင်မယ့် နည်းလမ်းတစ်ခုကိုလည်း ထပ်မံရှာဖွေနေကြဆဲ ဖြစ်ပါတယ်။
စတားလင့်က ဘာကြောင့်တင်းကျပ်
မူလစက် မှတ်ပုံတင်ထားတဲ့ နိုင်ငံရဲ့ ပြင်ပမှာ ရက် ၆၀ သာ အသုံးပြုခွင့်ပေးတာက ကုမ္ပဏီရဲ့ နဂိုရှိပြီးသား စည်းကမ်းချက်ပါ။
ဒါပေမဲ့ ကုမ္ပဏီဘက်က ဒီစည်းကမ်းချက်ကို ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ခဲ့တာမရှိဘဲ ဖြေလျော့ပြီး သုံးစွဲခွင့် ပေးထားခဲ့ပါတယ်။
အခု ဇူလိုင်လဆန်းကစပြီး မြန်မာနိုင်ငံက စက်အချို့ အပိတ်ခံရတာ၊ သတိပေးစာ ထပ်ဆင့်ပေးပို့ခံရတာတွေ ဖြစ်ခဲ့တာပါ။
ဒါ့အပြင် အခု ၂၀၂၆ ခုနှစ် နှစ်ဆန်းမှာ စက်ကို အသုံးပြုဖို့ အသုံးပြုသူနေရာမှာ စာရင်းသွင်းတဲ့ ကဏ္ဍမှာလည်း ကုမ္ပဏီဘက်က ကြပ်မတ်လာတယ်လို့ ဝန်ဆောင်မှုပေးသူတွေက ဆိုပါတယ်။
အရင်က အင်တာနက်ဖမ်းတဲ့ စက်ဝယ်ယူပြီးရင် နှစ်သက်ရာအမည်၊ အီးမေးလ်လိပ်စာ၊ စက်မှတ်ပုံတင်ဖို့ ရွေးချယ်ချင်တဲ့ နိုင်ငံကို ဝန်ဆောင်မှုပေးသူက အဆင်ပြေသလို စာရင်းသွင်းပေးပြီး ဝန်ဆောင်ခကို Visa card၊ Mastercard တွေနဲ့ ငွေပေးချေလို့ အဆင်ပြေခဲ့ပါတယ်။
၂၀၂၆ ခုနှစ် နှစ်ဆန်းမှာတော့ စက်အသုံးပြုမယ့်သူရဲ့ နိုင်ငံကူးလက်မှတ်လို သက်သေခံအထောက်အထား (ID) အပြင် အဲဒီ ID နဲ့ လူ ယှဉ်တွဲရိုက်ထားတဲ့ ဓာတ်ပုံတွေပါ ကုမ္ပဏီဘက်က တောင်းခံလာပါတယ်။
စာရင်းသွင်းထားတဲ့ စက်အသုံးပြုသူရဲ့ အမည်နဲ့ မွေးနေ့တွေဟာ ID ထဲက အချက်အလက်တွေနဲ့ ထပ်တူမကျရင် စက်အသုံးပြုမရတော့တာမျိုးတွေ ကြုံရတယ်လို့ ဝန်ဆောင်မှု ပေးနေသူတွေက ပြောပြပါတယ်။
အဲဒီလိုတွေ ကြပ်မတ်လာတာဟာ မြန်မာနိုင်ငံနဲ့ ကျားဖြန့်ငွေလိမ်လည်မှုတွေကို ယှဉ်တွဲမြင်ရာကနေ စတင်ဖြစ်ပေါ်လာတာလို့ ဝန်ဆောင်မှု ပေးနေသူတွေက ဆိုပါတယ်။
နိုင်ငံခြားငွေလိမ်လည်မှုဂိုဏ်းများ ဖြိုခွင်းရေး အက်ဥပဒေ (Dismantle Foreign Scam Syndicates Act) HR 5490 ကို အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးကော်မတီက ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၃ ရက်နေ့မှာ အတည်ပြုလိုက်ပါတယ်။
အမေရိကန် နိုင်ငံခြားရေးကော်မတီရဲ့ အတည်ပြုချက်ထဲမှာ ကျားဖြန့်လုပ်ငန်းမှာ မြန်မာနိုင်ငံ ပါဝင်နေပြီး အွန်လိုင်းကျားဖြန့် လိမ်လည်မှုကို ခွင့်ပြုတယ်၊ လျစ်လျူရှုတယ်၊ အမြတ်အစွန်း ရယူတယ်လို့ ဖော်ပြပြီး စုံစမ်းစစ်ဆေးသွားမယ်လို့လည်း ဆိုပါတယ်။
အဲဒီလို ဥပဒေတွေ ထွက်လာပြီးနောက်မှာ အမေရိကန်အခြေစိုက်ဖြစ်တဲ့ SpaceX ကုမ္ပဏီကလည်း မြန်မာနိုင်ငံအပေါ် စတားလင့်နဲ့ ပတ်သက်ပြီး ကန့်သတ်တာတွေ၊ စည်းကမ်းတင်းကျပ်တာတွေ လုပ်ဆောင်လာတာပါ။
မြန်မာစစ်အုပ်စုဘက်ကလည်း ကျားဖြန့်လုပ်ငန်းတွေ လည်ပတ်နေတာဟာ စတားလင့် အင်တာနက်နဲ့ လည်ပတ်နေတာလို့ ပုံဖော်ခဲ့ပါတယ်။
၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းမှာ မြန်မာစစ်အုပ်စုက ဟန်ရေးပြခဲ့တဲ့ ကျားဖြန့် နှိမ်နင်းရေး သတင်းထုတ်ပြန်ချက်တွေမှာ Scam Center တွေထဲ သိမ်းဆည်းရမိ ပစ္စည်းတွေထဲမှာ စတားလင့်တွေ အများအပြား ပါဝင်နေတာကို ဓာတ်ပုံတွေနဲ့ သတင်းထုတ်ပြန်ခဲ့ဖူးပါတယ်။
အရင်က စည်းကမ်းတွေ မကြပ်မတ်ခဲ့ပေမဲ့ အခုလို နိုင်ငံတကာ စောင့်ကြည့်မှုရှိတဲ့ ကျားဖြန့်လို ကိစ္စမျိုးကိုတော့ ကုမ္ပဏီဘက်က လက်ရှောင်ချင်ပုံရကြောင်း သုံးသပ်ကြပါတယ်။
“ကုမ္ပဏီဘက်ကတော့ မူဝါဒတွေအပေါ်မှာ နဂိုကတည်းက အလျော့အတင်းရှိပေမဲ့ အခု ကျားဖြန့်ကိစ္စလို ဖိအားတစ်ခု ရှိနေတော့ ဘယ်လောက်အထိ တင်းကျပ်မလဲ စောင့်ကြည့်ရမှာပေါ့” လို့ ထားဝယ်ဒေသက စတားလင့် ဝန်ဆောင်မှုပေးသူတစ်ဦးက ပြောပါတယ်။
ဘယ်သူတွေ နစ်နာမလဲ
စတားလင့်တွေ ပိတ်သိမ်းသွားရင်တော့ နဂိုကတည်းက ပြည်တွင်းမှာ အင်တာနက် ဖြတ်တောက်ခံထားရတဲ့ ဒေသက ပညာသင်ယူနေသူတွေ၊ စစ်ဘေးရှောင်တွေနဲ့ တော်လှန်ရေး အင်အားစုတွေအတွက် တစ်စုံတစ်ရာ ထိခိုက်နိုင်ပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း တနင်္သာရီတိုင်းအတွင်း တိုက်ပွဲပြင်းထန်တဲ့ ဒေသတွေထဲက ကျေးရွာပေါင်း ၄၀ ကျော်မှာ မိုဘိုင်းဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရပြီး ဒေသခံများ သတင်းအမှောင်ချခံနေရတယ်လို့ Dawei Watch က လက်လှမ်းမီသမျှ ပြုစုထားတဲ့ စာရင်းအရတွေ့ရပါတယ်။
ထားဝယ်အရှေ့တောဒေသ၊ လောင်းလုံးမြို့နယ်၊ သရက်ချောင်းအောက်ပိုင်း၊ ရေဖြူ နဘုလယ်ဒေသက ကျေးရွာအချို့၊ တနင်္သာရီမြို့နယ်ထဲက ကျေးရွာအများစု ဖြစ်ပါတယ်။
အဲဒီဒေသတွေမှာ ၂၀၂၄ ခုနှစ်လောက်ကတည်းက စတားလင့် သုံးစွဲသူတွေရှိပြီး ၂၀၂၅ မှာတော့ ပိုပြီး တွင်တွင်ကျယ်ကျယ် သုံးလာတယ်လို့ ဆိုပါတယ်။
မြေပြင်ကြားကာလ ပညာရေး ဖော်ဆောင်နေသူတွေ၊ တော်လှန်ရေး အင်အားစုတွေအပြင် အိမ်သုံး၊ လုပ်ငန်းသုံးအနေနဲ့ စတားလင့်ကို အသုံးပြုကြတယ်လို့ သိရပါတယ်။
တနင်္သာရီတိုင်းထဲက သတ္တုတွင်း လုပ်ကွက်တွေမှာလည်း စတားလင့်ကို သုံးစွဲကြတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အချို့မှာ စတားလင့်ကို ဝယ်ပြီး အခပေးအင်တာနက်ဆိုင် ဖွင့်သူတွေလည်း ရှိပါတယ်။
စတားလင့်တွေ ပိတ်သွားခဲ့ရင်တော့ ၂၀၂၂ ခုနှစ်တုန်းက အခြေအနေလို ဖြစ်သွားနိုင်တယ်လို့ တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
“အဲဒီတုန်းကဆိုရင် လိုင်းရတဲ့နေရာတွေ သွားပြီး ဆက်သွယ်ရတယ်၊ Zoom တွေ ဘာတွေလည်း ချိတ်မရဘူး။ အဲဒီတုန်းကတော့ တချို့နေရာတွေမှာ မိုဘိုင်းအင်တာနက်တွေ ရသေးတယ်။ အခုအခြေအနေမှာ ပိုဆိုးတာက မိုဘိုင်းအင်တာနက် မရတဲ့ ဒေသတွေ ရှိလာတယ်။ အဲဒီအတွက် အစားထိုးရမယ့် နည်းလမ်းကတော့ တစ်နိုင်ငံလုံး အခက်အခဲ ဖြစ်မယ်” လို့ သူက ပြောပါတယ်။
ဒါ့အပြင် စီးပွားရေးလုပ်ငန်းတွေ ခက်ခဲလာနိုင်တယ်လို့ သုံးသပ်ကြပါတယ်။
“စီးပွားရေးလုပ်ငန်း တော်တော်များများက ခက်ခဲသွားမယ်။ ငွေလွှဲလုပ်ငန်း အပါအဝင် တခြား အွန်လိုင်းကနေ လုပ်နေတဲ့ လုပ်ငန်းတွေ တော်တော်များများ ရပ်ဆိုင်းသွားနိုင်တယ်။ ဂယက်ရိုက်ပြီး ပုံမှန်ထက် ပိုခက်ခဲသွားနိုင်တယ်။ ပုံမှန် အင်တာနက်လိုင်းရတဲ့ အခြေအနေကို စောင့်ပြီး လုပ်ရမယ့် အခြေအနေ ဖြစ်သွားမယ်” လို့ တနင်္သာရီမြို့နယ်၊ တကူရွာသားတစ်ဦးက ပြောပါတယ်။
စတားလင့်တွေ ဘာဆက်ဖြစ်မလဲ
စတားလင့်စက်တွေ ပိတ်သွားတာလည်း ဖြစ်နိုင်သလို ဖြေရှင်းချက်တစ်ခုခုအရ ဆက်သုံးလို့ရရင်တောင် ဝန်ဆောင်မှုစရိတ်တွေ ဈေးတက်သွားနိုင်တယ်လို့ ထားဝယ်ခရိုင်ထဲ စတားလင့် ဝန်ဆောင်မှုလုပ်နေသူတစ်ဦးက ပြောပါတယ်။
လက်ရှိ စတားလင့်စက်တစ်လုံးရဲ့ လစဉ် အင်တာနက် ဝန်ဆောင်မှုစရိတ်ဟာ ထိုင်းဘတ်ငွေ သုံးထောင်ကျော် ရှိပါတယ်။
ဝန်ဆောင်မှုပေးသူတွေက ကြားက ဝန်ဆောင်ခ အပါအဝင် ထည့်ပေါင်းလိုက်ရင် လစဉ် မြန်မာငွေ ကျပ်လေးသိန်းကျော်ကနေ ခြောက်သိန်းဝန်းကျင်အထိ ပေးပြီး ဝယ်ယူအသုံးပြုနေကြရတာပါ။
ဒါပေမဲ့ စက်တင်ဘာလ ၁၇ ရက်နောက်ပိုင်း ကုမ္ပဏီဘက်က ပြောသလို Global Priority Plan ဝယ်သုံးမယ်ဆိုပါက လစဉ်ကြေးအဖြစ် လစဉ် ထိုင်းဘတ်ငွေ ကိုးထောင်ကျော် ပေးဝယ်ရမှာပါ။
ဒါ့အပြင် အရင်ကလို လစဉ်ကြေး ပေးပြီးတာနဲ့ အင်တာနက် တိုက်ရိုက်သုံးလို့မရဘဲ အင်တာနက် ပက်ကေ့ချ် (Package) အနေနဲ့ ထပ်ဝယ်ရမှာဖြစ်ပြီး အနိမ့်ဆုံး ဘတ်ငါးထောင်ကနေ စတင်ဝယ်ယူ သုံးစွဲရမှာ ဖြစ်ပါတယ်။
သဘောတရားအရ အင်တာနက် ဝန်ဆောင်မှုက အရင်ကလို အကန့်အသတ်မဲ့ကနေ အကန့်အသတ်နဲ့ ကိုယ်သုံးစွဲရင် သုံးစွဲသလို ပက်ကေ့ချ်ကုန်မှာဖြစ်ပြီး ထပ်ခါထပ်ခါ ဝယ်ယူသုံးစွဲရမှာပါ။
ဒါကြောင့်မို့ Global Priority Plan အသုံးပြုကြမယ်ဆို လစဉ် ဘတ်တစ်သောင်းခွဲလောက် ကုန်ကျတော့မှာ ဖြစ်ပါတယ်။
အရင်က ဘတ်သုံးထောင်ကျော် လစဉ်ကြေးပေးပြီး အသင့်သုံးနေရာကနေ ဝန်ဆောင်စရိတ်ဟာ ငါးဆလောက် ကွာသွားပြီး အကန့်အသတ်နဲ့ အင်တာနက်ကို အသုံးပြုရမှာပါ။
“အဲဒီပမာဏဆိုရင်တော့ အတော်ခက်ခဲသွားကြမှာပေါ့။ အခု တစ်လ ဘတ်သုံးထောင်ဝန်းကျင်တောင် အတော်ရုန်းကန်နေရတာ။ တကယ်လို့ ပိုက်ဆံတတ်နိုင်လို့ ဝယ်ပြီး စီးပွားရေးအနေနဲ့ အင်တာနက်ဆိုင် ပြန်ဖွင့်ရင်တောင်မှ အခု တစ်နာရီကို နှစ်ထောင်ကျပ်လောက်ကနေ နှစ်သောင်းကျပ်လောက်လည်း ပေးကောင်း ပေးရနိုင်တယ်” လို့ ထားဝယ်အရှေ့တောဒေသက စတားလင့် သုံးစွဲသူတစ်ဦးက ပြောပါတယ်။
စက်သယ်ယူရေး လမ်းကြောင်းတွေဟာလည်း ထိုင်းနိုင်ငံကို အခြေခံရတဲ့အတွက် ထိုင်းဟာလည်း စတားလင့်နဲ့ တရားဝင် ချိတ်ဆက်ထားတာ မရှိသေးတာကြောင့် ကျားဖြန့် နှိမ်နင်းရေး ဖိအားကြောင့် သယ်ယူရေးလမ်းကြောင်း ကြပ်နိုင်သလို စက်ဈေးလည်း တက်သွားနိုင်တယ်လို့ နားလည်သိရှိထားရပါတယ်။
အခြား အင်တာနက်အနေနဲ့ ရွေးချယ်စရာ ရှာဖွေကြည့်ရာမှာတော့ အရင်က ထိုင်းဘက်က ဂြိုဟ်တုတစ်ခုနဲ့ ချိတ်ဆက် အသုံးပြုဖူးပေမဲ့ လိုင်းဆွဲအား မကောင်းတဲ့အပြင် ဈေးကြီးတာကြောင့် တွက်ခြေမကိုက်ဘူးလို့ အသုံးပြုဖူးသူတစ်ဦးက ပြောပါတယ်။
“ထိုင်းဘက်ကနေ ဂြိုဟ်တုစလောင်းပုံစံနဲ့ အင်တာနက်ဖမ်းပြီး သုံးတဲ့ဟာတွေ ရှိတယ်။ ဈေးကြီးတယ်။ လစဉ်ကြေးတောင်မှ ကျပ်ရှစ်သိန်းဝန်းကျင် ပေးသုံးရတယ်။ ပစ္စည်းဖိုးဆိုရင်လည်း ဈေးကြီးတယ်။ ပြီးတော့ အင်တာနက် အမြန်နှုန်းကလည်း နှေးတယ်။ ၂၀၁၄ မှာ အင်တာနက် စသုံးရတဲ့ ပုံစံမျိုးလို သုံးရတယ်။ နေရာတိုင်းမှာလည်း မရဘူး။ ဒါတွေကလည်း လူတိုင်း လက်လှမ်းမမီနိုင်ဘူး။ တခြား ရွေးချယ်စရာက အတော်ရှားတယ် ပြောရမယ်။” လို့ သူက ပြောပါတယ်။
စတားလင့်ကို အစားထိုးနိုင်ဖို့ အခြား နည်းပညာကုမ္ပဏီတွေဘက်က နောက်ထပ် ဂြိုဟ်တုအင်တာနက်တစ်ခုကို တီထွင်နေတာ သတင်းကြားရပေမဲ့ အခု ဩဂုတ်လအထိ စမ်းသပ်တာနဲ့ ဈေးကွက်ထဲ ရောက်လာတာမျိုးတော့ မတွေ့ရသေးဘူးလို့ နည်းပညာ လေ့လာနေသူတွေက ဆိုပါတယ်။
ဒါကြောင့် စတားလင့်ဟာ မြန်မာနိုင်ငံအတွက် သင့်တင့်ဆီလျော်တဲ့ အင်တာနက် ဖြစ်ပေမဲ့ ကျားဖြန့်ရဲ့ ရိုက်ခတ်မှုကြောင့် ဘာဆက်ဖြစ်မလဲဆိုတာကိုတော့ စိုးတထိတ်ထိတ်နဲ့ ဆက်လက်စောင့်ကြည့်နေရဆဲ အခြေအနေ ဖြစ်ပါတယ်။
စတားလင့် ဆက်သုံးလို့ရမရ ဆိုတာကတော့ လက်ရှိအချိန်အထိ တိတိကျကျ မပြောနိုင်သေးပေမဲ့ ဆက်သုံးလို့ ရနိုင်တဲ့ နည်းလမ်းအချို့တော့ ရှိနေပါသေးတယ်။
ဒါကြောင့် စက်တင်ဘာ လလယ်ပိုင်းလောက်အထိတော့ အခြေအနေ စောင့်ကြည့်ရဦးမှာ ဖြစ်ကြောင်းပါ။



