ကိုဗစ်ကပ်ဘေးကာလတွင် အစစအရာရာ ရပ်နားလိုက်ရသည့်အထဲ စာသင်ကျောင်းများလည်း ပါဝင်သည်။ ကပ်ဘေးကာလတွင်ပင် မြန်မာနိုင်ငံ၌ အာဏာသိမ်းမှုပါ ထပ်ကြုံခဲ့ရသည်။
အာဏာရှင်စနစ်ကို မလိုလားသည့် ပြည်သူအများအပြားက ကန့်ကွက်ဆန္ဒပြမှုများနှင့်အတူ အကြမ်းမဖက် အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု (CDM) များ လုပ်ဆောင်ခဲ့ကြသည်။
တနင်္သာရီတိုင်းမှာ CDM လှုပ်ရှားမှု အားကောင်းခဲ့ပြီး ပညာရေးဝန်ထမ်းအားလုံးနီးပါးနှင့်အတူ ကျောင်းသားအများအပြားလည်း ယင်းလှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြသည်။
CDM ပညာရေးဝန်ထမ်းများကလည်း အွန်လိုင်းမှတစ်ဖုံ၊ မြေပြင်ကတစ်နည်း ပညာရေးဖော်ဆောင်ပေးခဲ့ကြသလို ရပ်ရွာအလိုက် စေတနာ့ဝန်ထမ်းများကလည်း ကိုယ်ထူကိုယ်ထ မြေပြင်ကျောင်းများ ထူထောင်ကာ ကလေးများကို ပညာသင်ပေးခဲ့ကြသည်။
ယင်းလုပ်ဆောင်မှုများကို စစ်အုပ်စုက ပြင်းပြင်းထန်ထန် နှိပ်ကွပ်ခဲ့ပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်သူများ၏ ပညာရေးဖော်ဆောင်မှုများကို နည်းအမျိုးမျိုးဖြင့် ဖျက်ဆီးရန်ကြိုးစားခဲ့သည်။
ပညာသင်ကြားသူများ၊ ဆရာ၊ ဆရာမများကို ဖမ်းဆီးအရေးယူမှုများအပြင် စာသင်ကျောင်း အဆောက်အအုံများကိုလည်း ဗုံးကြဲတိုက်ခိုက်ခဲ့သည်အထိ စစ်အုပ်စုက ရက်ရက်စက်စက် လုပ်ဆောင်ခဲ့သည်။
အခြားတစ်ဖက်တွင်လည်း စစ်အုပ်စုက ၎င်းတို့၏ ပညာရေးစနစ်အောက်သို့ ကျောင်းသားများ ရောက်လာစေရေး ပုံစံမျိုးစုံဖြင့် ဆွဲဆောင်နေသည်။
ယခုပညာသင်နှစ်တွင် စစ်အစိုးရဘက်က အသက် ၁၅ နှစ်အောက် ကျောင်းပြင်ပရောက်နေသူများ အတွက် Placement test စာမေးပွဲစစ်ကာ အတန်းပြန်ပေးမည်ဟု ကြေညာခဲ့သည်။
ယင်းအချက်ကြောင့် စစ်အစိုးရလက်အောက်ရှိ ကျောင်းများတွင် ကျောင်းပြန်ထားရန် လုပ်ဆောင်သူများလာသည်ကို တွေ့ရသည်။
အချို့မိဘများကလည်း စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းကင်းလွတ်ခွင့်ရရှိရေးအတွက် ကျောင်းပြန်ထားချင်ကြသည်။ အခြားတစ်ဖက်တွင်လည်း ငွေကြေးအင်အား နည်းပါးသူများအတွက် ပညာရေး ရှေ့ဆက်ရန်မှာ စစ်အုပ်စု၏ ကျောင်းများကိုသာ အားပြုရမည့် အနေအထားဖြစ်နေပြန်သည်။
သို့သော် ယုံကြည်ချက်အရ တော်လှန်ရေးအင်အားစုဘက်က ဖွင့်လှစ်သည့် ကျောင်းများကို တက်၍ ခက်ခက်ခဲခဲ ပညာရေးဆုံးခန်းတိုင်နိုင်အောင် ကြိုးစားနေသူများလည်း ရှိသည်။
မိဘများ၏ စိတ်တွင်မည်သို့ပင် ရှိစေကာမူ ဖိအားမျိုးစုံအောက်တွင် စစ်အုပ်စုက ဖွင့်ထားသော ကျောင်းများကို ပို့ဆောင်ရမည့် အခြေအနေသို့ တွန်းပို့နေမှုများကြောင့် မလွန်ဆန်နိုင်သူများလည်း ရှိလာနေသည်။
ယင်းအခြေအနေများကို သိရှိနိုင်စေရန် ယခုအပတ် တနင်္သာရီပုံရိပ် အစီအစဉ်တွင် မေးမြန်းတင်ဆက်လိုက်ရပါသည်။
“ဗုံးလာကြဲချိန်မှာ ကိုယ့်သားသမီးပါသွားမယ်ဆိုတာကြီးက မခံစားနိုင်ဘူး။ ဒီတော့လည်း ရုန်းကန်ပြီး မြို့ပေါ်ကကျောင်းမှာ သွားထားရတယ်။ ဗုံးသာမကြဲဘူးဆိုရင် အကုန်လုံးက (တော်လှန်ရေးနယ်မြေကကျောင်းမှာ) ထားမှာပဲ”
ကျောင်းသားမိဘတစ်ဦး၊ မြိတ်ခရိုင် တော်လှန်ရေးထိန်းချုပ်နယ်မြေတစ်ခု
DW ။ အခုကာလမှာ တိုက်ပွဲနဲ့စစ်ပွဲတွေလည်း ဖြစ်နေတယ်ပေါ့နော်။ အဲဒီကြားထဲမှာ ကျောင်းမတက်ရဘူးဆို ဘာတွေဖြစ်လာနိုင်လဲ။
ဖြေ ။ ကျောင်းမတက်ရဘူးဆို အညွန့်မတက်နိုင်ဘူးပေါ့။ သူတို့ဘဝတက်လမ်းတွေ အကုန်လုံး လမ်းစတွေ ပျောက်ကုန်မယ်။ အနာဂတ်တွေ ပျောက်ကုန်မယ်။ သူတို့ဘဝရည်မှန်းချက်တွေ ပျောက်ကုန်မယ်။
DW ။ ကျောင်းနေအရွယ်မှာ ကလေးတွေက ကျောင်းမတက်ရဘူးဆိုရင် အပြင်လောကမှာ ဘာတွေဖြစ်သွားနိုင်လဲ။
ဖြေ ။ အထူးသဖြင့် အခုဖြစ်နေတဲ့ ခေတ်အနေအထားအရဆိုရင် ပျက်စီးသွားဖို့ပဲ ရှိတယ်။ သားငယ်တွေမှာ ဒီကျဉ်းကျဉ်းငယ်တွေထဲမှာ မြို့ဆိုလည်း သွားမရ။ ဟိုမှာ ဘာဖမ်းမယ်၊ ညာဖမ်းမယ်ဆိုတာတွေရယ်၊ ဒီဂွင်ထဲမှာ အမြင်ကျဉ်းကျဉ်းငယ်တွေထဲမှာပဲ ဘယ်လိုပြောရမလဲ ဒါနဲ့တင် လမ်းစပျောက်နေမယ်။ ပျက်စီးမယ်။ မူးယစ်ဆေးတွေနဲ့ နီးစပ်လာမယ်။ အကုန်လုံး ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ယူကုန်မယ်။ ဒီလိုနဲ့ ဒီမှာပဲ ရှိနေမယ်။ သူတို့အတွက်ကတော့ ရင်လေးစရာတွေ ဖြစ်ကုန်တာပေါ့။ ဘဝတွေက ဘာလဲ။ အခုချိန် အခုကာလမှာ သားငယ်တွေဘဝက ကုန်ပြီ။ လက်လှမ်းလည်း မမီ၊ ကျောင်းတက်ဖို့ကလည်း မရဆိုတော့ ရေတိမ်နစ်တဲ့သဘော ဖြစ်ကုန်တယ်။
DW ။ ကလေးက ဘယ်ကျောင်းမှာ တက်နေလဲ။
ဖြေ ။ မြို့ကျောင်းပြောင်းသွားတာက နှစ်နှစ်ရှိပြီ။ အရင်နှစ်တွေက ဒီမှာပဲ ထားထားတယ်။ ကိုယ်က ဥယျာဉ်ထဲမှာ၊ သမီးက ရွာကျောင်းမှာ၊ ဗုံးခဏခဏ လာကြဲနေတော့ စိတ်ပူပြီး မြို့ပေါ်ကကျောင်း ပြောင်းလိုက်ရတယ်။
DW ။ စကစ ထိန်းချုပ်ထားတဲ့နယ်မြေ မြို့ပေါ်မှာ ကျောင်းကိုသွားထားဖို့ ဘာကြောင့်ရွေးချယ်လိုက်လဲ။
ဖြေ ။ အန်တီတို့ အများအားဖြင့် မိဘတွေကတော့ ဗုံးလာကြဲတဲ့ဟာကြောင့်ပဲ။ ကိုယ်ဥယျာဉ်ထဲကို အလုပ်သွားနေတယ်ဆိုလည်းပဲ သားသမီးတွေကို အိမ်မှာထားခဲ့ရတယ်။ ဗုံးလာကြဲမယ်ဆို အိမ်မှာကိုယ်လည်း မရှိနေဘူးဆိုတော့ ဒီအန္တရာယ်ကြီးကို ဗုံးလာကြဲချိန်မှာ ကိုယ့်သားသမီး ပါသွားမယ်ဆိုတာကြီးက မခံစားနိုင်ဘူး။ ဒီတော့လည်း ရုန်းကန်ပြီး မြို့ပေါ်ကကျောင်းမှာ သွားထားရတယ်။ ဘာလို့လဲဆိုတော့ ဗုံးသာမကြဲဘူးဆိုရင် အကုန်လုံးက (တော်လှန်ရေးနယ်မြေကကျောင်းမှာ) ထားမှာပဲ။ အဓိက အခုက ပညာရေးပဲ လိုက်ကြဲတယ်လေ။ ကျောင်းတွေပဲ မဖွင့်တဲ့ကျောင်းတောင် အကြောင်းမဲ့ လိုက်ကြဲနေတယ်ဆိုတော့ ကျောင်းဖွင့်လည်း ကြဲမယ်ပဲ။ ဒါကြောင့် မိဘက အလုပ်ကို အေးအေးဆေးဆေးလည်း မလုပ်ရ၊ ရင်တပူပူနဲ့ ဗုံးကြဲပြီဆိုလည်း ပြန်ထွက်ပြေးရ၊ အလျင်အမြန်နဲ့ ဒုက္ခပေါင်းစုံ ဒါတွေကြောင့် သွားထားကြတယ်။ မိဘတွေက တတ်နိုင်လို့တော့ မဟုတ်ဘူး။ အန်တီတို့တောင် ဥယျာဉ်ခြံတွေရှိတာတောင် မတတ်နိုင်ဘူး။ ချေးငှားပြီး သွားထားရတယ်။ အတိုးတွေနဲ့ ချေးပြီးတော့ ရတဲ့ဘက်ကနေ ပြန်ဆပ်၊ ဒါမျိုးပဲ။ အရင်က ဒီမှာပဲ ထားထားတယ်။ မတတ်သာလို့၊ အခုက အခြေအနေက တအားမကောင်းဖြစ်လာတော့ မရတော့လို့ ရွှေ့ပြောင်းရတဲ့ သဘောပဲရှိတယ်။
DW ။ ဒီကလေးတစ်ယောက်ရဲ့ အခုပညာရေးအပေါ်မှာ ယုံကြည်ချက်ဘယ်လောက်ရှိလဲ။
ဖြေ ။ ယုံကြည်ချက်က ဘာမှမရှိဘူး။ သမီးလည်း သွားပဲသွားတက်နေရတယ်။ ဘာမှရှိမနေဘူး။ သူဆယ်တန်းထိပဲတက်ပြီး နိုင်ငံခြားပဲ ထွက်မယ်ပြောတယ်။ ဘာအဓိပ္ပာယ်မှ မရှိပါဘူး။ အခုက စိတ်လိုလက်ရ တက်ရတဲ့ ပညာရေးလည်း မဟုတ်တော့၊ သူပညာသင်ရမယ့် အရွယ်ဖြစ်လို့ မိဘက ပညာသင်မှရမယ်။ သူကလည်း ပညာသင်ရမယ်ဆိုတဲ့ အသိရှိလို့ သွားတက်နေရုံလောက်ပဲ။
DW ။ အဓိကက ကလေးတွေ ပညာရေးလမ်းကြောင်းပေါ်မှာ ရောက်နေရင် ရပြီဆိုတဲ့ သဘောလား။
ဖြေ ။ ဒီလိုသဘောပါပဲ။ ပညာမသင်ဘဲ အိမ်မှာထားထားမယ်ဆိုရင် သိတဲ့အတိုင်းပဲ။ လူပေါင်းစုံနဲ့ အမျိုးမျိုး ဖြစ်နေကုန်တယ်။ သမီးဆိုရင် ရည်းစားတောင် ထားတတ်သွားတယ်။ ကျောင်းမတက်ရတဲ့ အချိန်အတွင်းမှာ ဒီဟာတွေ စိတ်မဝင်စားတတ်တဲ့သူတောင် ဒီမှာနေရင်းနဲ့ ဒီလိုမျိုးတွေ ဖြစ်ကုန်တယ်။ ဒါကြောင့် ပြောင်းပစ်လိုက်ရတယ်။ မိဘကလည်း အိမ်မှာအမြဲမရှိတော့ စိတ်ပူနေရတယ်။
DW ။ အခု မြို့ပေါ်မှာကျောင်းသွားထားတော့ မိဘတွေ ဘယ်လိုအခက်အခဲ ဖြစ်ကုန်လဲ။
ဖြေ ။ ငွေရေးကြေးရေးတွေတော့ တအား အခက်အခဲဖြစ်ကုန်တယ်။ အခုဆိုရင် ကွမ်းသီးတွေလည်း ဈေးမကောင်း၊ ဘာလမ်းကြောင်းလည်း မရှိ။ ပစ္စည်းတွေလည်း ဘာမှတင်မရ။ ကုန်ဈေးနှုန်းကလည်း တက်လာပြီး စားသောက်နေရတယ်။ မထားမဖြစ်လို့ သွားထားရမှာကြောင့် ထားနေရတယ်။ ဆယ်တန်းလောက် ရောက်သွားပါစေ။ ရောက်ပြီးရင်လည်း ဂျပန်တို့ဘာတို့ကို လွှတ်ထုတ်လိုက်မယ်။ အခက်အခဲကတော့ ပေါင်းစုံပဲ။
DW ။ မြို့ပေါ်ကျောင်းတက်တာနဲ့ ရွာမှာကျောင်းတက်တာ ငွေကြေး ဘယ်လိုကွာခြားသွားသလဲ။
ဖြေ ။ ကွာခြားတာပေါ့။ ဒီမှာက ကိုယ့်အိမ်ကနေ ထမင်းစားပြီး ကျောင်းတက်ရတယ်လေ။ ဒီမှာကျောင်းတက်ရင် ဘာမှမကုန်ဘူး။ ဟိုမှာက အဆောင်နေစရိတ် သက်သက်ကို ၅ သိန်းပေးရတယ်။ သူတို့ကျောင်းစရိတ်၊ မုန့်ဖိုး၊ ဘာညာလည်း မရှိသေးဘူး။ ဒီမှာက ဘာမှမကုန်ဘူး။ ဒီမှာအေးဆေး စာသင်ရရင် ဒီမှာပဲ ထားတယ်။ ပြေးနေရ၊ လွှားနေရတဲ့အလုပ်နဲ့ သမီးကလည်း တစ်ယောက်ပဲရှိတယ်။ စိတ်ပူနေရတာပေါ့။ သားတွေနဲ့ မိဘနဲ့က သွားလိုက်ရင် အိမ်မှာက သူတစ်ယောက်တည်း ကျန်ခဲ့တယ်။ ခေါင်းထဲမှာ မီးတောက်နေရတယ်။ အခုက သူများအိမ်မှာလည်း သွားနေရတယ်။ ဒီမှာပဲ အေးဆေးနေရရင် ဒီမှာပဲ အကုန်ထားကြမှာပေါ့။ မိဘတွေက အတော်သနားစရာကောင်းတယ်။
DW ။ အခုက နှစ်ဘက်စလုံး ကျောင်းတွေတက်ဖူးတော့ သူတို့တွေရဲ့ ပညာရေးအပေါ် ဘယ်လောက်ယုံကြည်ချက်ရှိလဲ။ ဘယ်လိုမြင်လဲ။
ဖြေ ။ ဒီဘက်ပညာရေးလည်း ယုံကြည်ချက်သိပ်မရှိဘူး။ ဟိုဘက်ပညာရေးကတော့ ယုံကြည်ချက် လုံးဝကို မရှိဘူး။ NUG ပညာရေးမှာလည်းပဲ ၁၂ တန်းအောင်ပြီးရင် တက္ကသိုလ်တွေလည်း ဒီမှာရှိမနေဘူး။ အန်တီတို့ မိဘတွေအလိုကတော့ ၁၂ တန်းအောင်ပြီးရင် သူတို့က စီစဉ်ပေးသင့်တယ် ထင်တယ်။ ဟိုတစ်နေရာရာမှာ တက္ကသိုလ်တက်နိုင်အောင် စီစဉ်ပေးသင့်တယ်။ ၁၀ တန်းအောင်ပြီး ဒီရွာမှာပဲ ၁၀ တန်းတက်ပြီး လမ်းဆုံးနေတယ်။ တက္ကသိုလ်ကလည်း ဒီရွာမှာ (အွန်လိုင်းကတစ်ဆင့်) သင်မယ်ဆိုလည်း သားငယ်တွေက တအားကြီး စိတ်ဝင်စားမယ်မထင်ဘူး။ အသက်မွေးဝမ်းကျောင်း ပညာရပ်တွေမျိုး သင်ပေးသင့်တယ်ထင်တယ်။ စကစ ပညာရေးက အစကတည်းက ကိုယ်က စိတ်မဝင်စားတာ ဆိုတော့လေ။ စိတ်ကိုမဝင်စားဘူး။ အခုကိုယ့်သမီးက ပညာသင်ရမယ့်အရွယ်မှာ ပညာသင်ပေးရမယ်ဆိုတဲ့ တာဝန်အရ သင်ပေးတာလောက်ပဲ။ သမီးကလည်း သူပညာသင်ချိန်မှာ ပညာသင်တာလောက်ပဲ။ အပြတ်တွေးထားပြီးသား၊ သမီးကလည်း ၁၀ တန်းထိပဲတက်ပြီးရင် ဂျပန်စာသင်ပြီး ဂျပန်ပဲထွက်မယ်ဆိုပြီး သမီးကလည်း ပြတ်တယ်။ အခုကလည်း သင်ချင်လို့ သင်နေတာမဟုတ်ဘူး။ ဘွဲ့ရဖို့အထိလည်း မစဉ်းစားထားဘူး။
“ပညာရေးဆိုတာ လူတစ်ယောက်ရဲ့ အခွင့်အရေး၊ ဘယ်သူမှ ပိတ်ပင်တားဆီးခွင့်မရှိဘူး”
ကျောင်းသားမိဘတစ်ဦး၊ ရေဖြူမြို့နယ် ထားဝယ်မြစ် အနောက်ဘက်ကမ်း ကျေးရွာတစ်ရွာ
DW ။ လက်ရှိ ကျောင်းသားမိဘတစ်ယောက်အနေနဲ့ ဒီနှစ်ကျောင်းထားဖြစ်လား၊ ဘာကြောင့်ထားဖြစ်လဲ။
ဖြေ ။ ကျွန်တော်တို့အခု တော်လှန်ရေး လေးငါးနှစ်အတွင်းမှာ ကလေးတွေလည်း အသက်ကြီးလာကြပြီ။ တချို့ကြီးလာတော့ ကျောင်းမနေချင်ကြတော့ဘူး။ အဲဒီလိုနဲ့ စာမတတ်ဘဲ ကျောင်းပြင်ပ ရောက်သွားကြတဲ့သူတွေ အများကြီး တွေ့နေရတယ်။ ပတ်ဝန်းကျင်မှာ အဲဒီအခြေအနေတွေကို ကျွန်တော်အပါအဝင် တချို့မိဘတွေက မကြည့်ရက်မမြင်ရက်တော့လို့ ရတဲ့နည်းနဲ့ ထိုးဖောက်ပြီး သားသမီးတွေကို ကျောင်းရောက်အောင် ပို့ကြတယ်။ မိဘတစ်ယောက်အနေနဲ့ သားသမီးပညာရေးကို ကိုယ်တိုင် အချိန်ပေးနိုင်တာ မဟုတ်ဘူးဆိုတော့လေ။
DW ။ အဲဒီလိုပို့ရာမှာရော လွယ်လွယ်ကူကူ ချောချောမွေ့မွေ့ ရှိရဲ့လား၊ ဘာတွေကြုံခဲ့ရလဲ။
ဖြေ ။ ကျောင်းအပ်ရာသီအစကတည်းက လက်နက်ကိုင်အဖွဲ့တစ်ခုရဲ့ ပိတ်ပင်တာခံရတယ်။ မြို့ကိုသွားပြီး ကျောင်းသွားအပ်မယ့် ထွက်ပေါက်တွေမှာ လက်နက်ကိုင်ပြီး တားဆီးတာတွေ ကြုံရတယ်။ ကျောင်းဖွင့်ချိန်မှာလည်း ကျောင်းသွားမယ့် လမ်းကြောင်းတွေကို ဂိတ်ချပြီး ပိတ်ဆို့တားဆီးတာတွေ ကြုံကြရတယ်။
DW ။ အဲဒါဆို အခုရော ကျောင်းဆက်မနေတော့ဘူးလား။ ကျောင်းပို့နေဆဲပဲလား။
ဖြေ ။ ဟုတ်ကဲ့၊ ဒီလိုပဲ ဖြစ်တဲ့နည်းနဲ့ ပို့နေကြရတာပါပဲ။ အခု ကျောင်းသွားကြမယ့်သူတွေ မနက်စောစောပိုင်းကစပြီး မိဘက နည်းလမ်းပေါင်းစုံနဲ့ ကျောင်းသားတွေ ခေါ်ပြီး သွားနေရတယ်။ ကျောင်းသားတွေ စာတစ်လုံးတတ်ဖို့အရေး ခိုးစားရတာမျိုး၊ ပုန်းပုန်းလျှိုးလျှိုး သွားနေရတယ်။ အခု ကျောင်းသားတွေ ရွာရောက်တဲ့အခါ ယူနီဖောင်းလည်း မဝတ်ရဲကြဘူး။ မြို့ရောက်ခါနီးမှ လဲဝတ်ကြရတာပေါ့။
DW ။ အဲဒီလိုဖြစ်နေတဲ့အပေါ်မှာရော ကျောင်းသားမိဘတစ်ဦးအနေနဲ့ ဘာပြောမလဲ။
ဖြေ ။ ပညာရေးဆိုတာ လူတစ်ယောက်ရဲ့ အခွင့်အရေး၊ ဘယ်သူမှ ပိတ်ပင်တားဆီးခွင့်မရှိဘူး။ ဘယ်လိုရေခံမြေခံ အခြေအနေမျိုးမှာပဲဖြစ်ဖြစ် ပညာရေးဆိုတာ ပိတ်ပင်တားဆီးလို့ ရကောင်းတဲ့အရာတစ်ခုလို့ ကျွန်တော် မခံယူထားဘူး။
“ကိုယ့်အတွက်ကတော့ ပညာရေးကို တတ်နိုင်သလောက် သင်ယူမယ်လို့ ဆုံးဖြတ်ထားပါတယ်…….. ပညာရေးက အရေးကြီးပါတယ်”
ဒွါဒသမ (Grade 12) အတန်းဖြေဆိုထားသည့် ကျောင်းသူတစ်ဦး NUG အွန်လိုင်းကျောင်း (ထားဝယ်ခရိုင်အတွင်းမှ)
DW ။ အွန်လိုင်းကနေ ပညာသင်ယူနေရတော့ ဘာအခက်အခဲတွေရှိလဲ။
ဖြေ ။ အွန်လိုင်းကနေပြီး သင်ရတာကတော့ အခက်အခဲတွေ အများကြီးရှိပါတယ်။ လျှပ်စစ်မီးအခက်အခဲ၊ လိုင်း (အင်တာနက်) အခက်အခဲ စသဖြင့်ပေါ့။ တချို့နေရာတွေမှာဆို လုံခြုံရေးပါ အခက်အခဲတွေ ရှိပါတယ်။ အွန်လိုင်းကနေ သင်ရတာဆိုတော့ အမြဲတမ်း Screen ပဲ အာရုံစိုက်နေကြရတော့ မျက်စိနဲ့ ပတ်သက်ပြီးတော့ အတော်ပြဿနာလေးတွေ ရှိတာကိုတော့ တွေ့ရပါတယ်ဆိုတာ။ ပြီးတော့ မြေပြင်မှာလိုမျိုး activity တွေမရှိတော့ တစ်ခါတစ်လေကျရင် စာကို စိတ်ဝင်စားမှု အားနည်းလာတာမျိုးတွေတော့ ရှိပါတယ်။ ဒါပေမဲ့ အခုလက်ရှိ တက်နေတဲ့ကျောင်းမှာတော့ ဆရာ၊ ဆရာမတွေက အသင်အပြကောင်းပြီး စေတနာကောင်းတဲ့အတွက် ကလေးတွေက active (တက်ကြွတာ) ဖြစ်တာတော့ တွေ့ရပါတယ်။ ကြားကာလပညာရေး ဖြစ်တဲ့အတွက် စကစကျောင်း (စစ်အစိုးရထိန်းချုပ်နယ်မြေက စာသင်ကျောင်း) ဘက်က လူတွေနဲ့ ယှဉ်ရင်တော့ တချို့ကျောင်းသားတွေက အခွင့်အရေးနည်းတဲ့အတွက် တခြားဘက်ကို ပြောင်းလိုက်တာမျိုးတွေ ရှိပါတယ်။
DW ။ သူငယ်ချင်းတွေရော ဘာအခက်အခဲတွေ ကြုံကြရလဲ။
ဖြေ ။ တချို့နယ်ဘက်က ကျောင်းသားတွေဆိုရင် စစ်ကြောင်းထိုးလို့ ပြေးရတာမျိုးတွေ ရှိတဲ့အတွက် စာသင်ဖို့ ခွင့်ရက်ရှည်ယူရတာမျိုးတွေ ရှိပါတယ်။ လိုင်း (အင်တာနက်) ဖြတ်တာတို့ လုပ်ရင်လည်း ခွင့်ယူကြရပါတယ်။ စကစတွေ စစ်ကြောင်းထိုးရင်တော့ တစ်လနီးပါးလောက်အထိ ဖြတ်တာမျိုးတွေတောင် ရှိပါတယ်။ စစ်ကြောင်းထိုးရင် ညနက်ကြီး ထပြေးရတာမျိုးတွေရှိရင် အရမ်းအန္တရာယ်များပါတယ်။ လျှပ်စစ်မီး အခက်အခဲကတော့ ရန်ကုန်နဲ့ နယ်ဘက်က ကျောင်းသားတွေမှာ အများဆုံးဖြစ်တာ တွေ့ရပါတယ်။ စာတွေကျန်ခဲ့ရင် သူငယ်ချင်းအချင်းချင်း ရှင်းပြတာတို့၊ record ပြန်ကြည့်တာတို့ လုပ်ကြပါတယ်။ နားမလည်တာ၊ မရှင်းတာတို့ကိုလည်း ဆရာမတွေက ပြန်ပြီး ရှင်းပြပေးပါတယ်။
DW ။ လုံခြုံရေးအရက ဘာတွေစိုးရိမ်ရလဲ။
ဖြေ ။ လုံခြုံရေးစိုးရိမ်တာက မြို့ပေါ်မှာရော၊ နယ်ဘက်မှာရော နေတဲ့အတွက် တစ်မျိုးစီတော့ ရှိပါတယ်။ မြို့ပေါ်မှာဆို အသံအကျယ်ကြီး စာသင်လို့ မရပါဘူး။ လမ်းသွားလမ်းလာတွေ၊ သတင်းပေးသူတွေကို ဂရုစိုက်ရပါတယ်။ ၂၀၂၄ ခုနှစ်လောက်က ကျောင်းသားနှစ်ယောက် ဖုန်းကိုစစ်တာ ဒီဘက်နဲ့ ဆက်သွယ်ပြီး စာသင်ထားတာတွေ့လို့ဆိုပြီးတော့ အဖမ်းခံခဲ့ရပါတယ်။ အဲဒီအချိန်တွေတုန်းကဆို သင်ကြားရေးကို ယာယီနားထားရတာမျိုးတွေ လုပ်ခဲ့ရပါတယ်။ နယ်တွေမှာကတော့ ရုတ်တရက် စစ်ကြောင်းထိုးတာမျိုးနဲ့ ကြုံမှာကိုပဲ စိတ်ပူရပါတယ်။
DW ။ အခု ငါးနှစ်တာထဲ ပညာရေးအတွက် ကိုယ်တိုင်ဘယ်လို ဖြတ်သန်းခဲ့ရလဲ။
ဖြေ ။ ကိုယ်တိုင်အခက်အခဲဆိုရင်တော့ စိတ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီးတော့ ပိုများပါတယ်။ သူများတွေနဲ့ နှိုင်းယှဉ်မိတာမျိုးတို့ပါ။ တော်လှန်ကျောင်းသားတစ်ယောက်အနေနဲ့ ဘာအခွင့်အရေး ရရမယ် ဘာညာဆိုတာမရှိဘဲ သိသင့်သိထိုက်၊ တတ်မြောက်သင့်တဲ့ ပညာတစ်ခုအနေနဲ့ ဆက်ပြီးသင်ကြားမယ်လို့ ဆုံးဖြတ်ထားပါတယ်။
DW ။ ဘယ်လိုယုံကြည်ချက်နဲ့ ပညာရေးကို တစိုက်မတ်မတ် လုပ်ခဲ့တာလဲ။
ဖြေ ။ ၅ နှစ်တာကာလမှာ စိတ်ပင်ပန်းတာတို့၊ စိုးရိမ်မှုတွေကတော့ ကျောင်းသား၊ ကျောင်းသူတိုင်း ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။ တချို့ကတော့ ပညာရေးကို လက်လျှော့လိုက်ပြီး မိသားစုစီးပွားရေးအတွက် အလုပ်လုပ်နေကြတဲ့ ကလေးတွေလည်း အများကြီးရှိပါတယ်။ ပညာရေးကို လက်မလွှတ်ဘဲ အခက်အခဲတွေ အများကြီးကြားက သင်ယူနေကြတဲ့ ကလေးတွေလည်း အများကြီးရှိပါတယ်။ ကိုယ့်အတွက်ကတော့ ပညာရေးကို တတ်နိုင်သလောက် သင်ယူမယ်လို့ ဆုံးဖြတ်ထားပါတယ်၊ ဘဝရဲ့တက်လမ်းတစ်ခုအနေနဲ့ တစ်ချိန်ချိန်မှာ အသုံးဝင်လာမယ်ဆိုတာကိုလည်း ယုံကြည်ပါတယ်။ ပညာရေးက အရေးကြီးပါတယ်။ လူတစ်ယောက်ရဲ့ဘဝကိုရော ကိုယ့်မိသားစုရဲ့ဘဝကိုပါ တစ်ဆစ်ချိုး ပြောင်းလဲလာနိုင်တယ်လို့ ထင်ပါတယ်။ အခုလိုမျိုး အခြေအနေမှာတော့ ပညာရေးအတွက် အခွင့်အလမ်းနည်းနေပေမယ့် ပညာတတ်ထားရင် တခြားသော လူမှုပတ်ဝန်းကျင်ကိစ္စတွေမှာ အများကြီးအသုံးဝင်လာတယ်လို့ ထင်ပါတယ်။
DW ။ အခု လျှောက်လှမ်းနေတဲ့ ပညာရေးနဲ့ ပတ်သက်ပြီး ရည်မှန်းချက်တွေ ဘယ်လိုထားဖြစ်လဲ။ ဘာဆက်လုပ်မယ်လို့ တွေးထားလဲ။
ဖြေ ။ အခု BECA (အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း) ဖြေပြီးရင် ကိုယ်နဲ့သင့်တော်မယ့် တက္ကသိုလ်တစ်ခုကို ဆက်တက်မယ်လို့ ဆုံးဖြတ်ထားပါတယ်။ အွန်လိုင်းကတော့ ဖြစ်ဖို့များပါတယ်။ ဖြစ်နိုင်ရင်တော့ စိုးမိုးနယ်မြေတွေကို သွားပြီးတက်ချင်ပေမဲ့ အလှမ်းဝေးလို့ပါ။ ရည်မှန်းချက်ဆိုတာကတော့ ကိုယ်နဲ့လည်း အများကြီးဆိုင်တာမို့လို့ ကိုယ့်ကိုယ်ကိုယ် ပိုပြီးပြောင်းလဲဖို့ကိုပဲ တွေးပါတယ်။
DW ။ ကိုယ့်သူငယ်ချင်းတွေရော နယ်ပယ်အသီးသီးမှာ ပညာသင်နေတာလည်းရှိမယ်၊ မသင်ရတာလည်းရှိမယ်။ သူတို့ကိုရော ပညာသင်ဖို့ တိုက်တွန်းချင်လား။ ဘာပြောချင်လဲ။
ဖြေ ။ ပညာသင်ဖို့အတွက် တိုက်တွန်းချင်ပါတယ်။ အခုလိုမျိုး ခေတ်ကြီးထဲမှာ ပညာရပ်တွေ အများကြီးရှိပါတယ်။ ဒါကြောင့်မို့ ကိုယ်လက်လှမ်းမီတဲ့ အသက်မွေးဝမ်းကြောင်း လုပ်နိုင်မယ့် ပညာတစ်ခုခုကိုတော့ ရအောင်သင်စေချင်ပါတယ်။
DW ။ ပညာရေးနဲ့ ပတ်သက်ပြီး အမျိုးမျိုး သဘောထားကွဲလွဲကြတာရော၊ ကိုယ်တိုင် ကျောင်းသားတစ်ယောက်အနေနဲ့ ဘာပြောချင်လဲ၊ ဘယ်လိုခံစားရလဲ။
ဖြေ ။ ဒီမေးခွန်းက ကိုယ့်ရဲ့ခံစားချက်တွေ များသွားမှာစိုးလို့ မဖြေတော့ပါဘူး။ အခုလိုမျိုး အခက်အခဲတွေကို ကျောင်းသားတွေကိုယ်စား ပြောပြပေးရတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်ရှင်။
DW ။ ကျေးဇူးတင်ပါတယ်။
“အာဏာသိမ်းပြီးတော့ ပညာရေးက ပိုဆိုးလာတယ် “
NUG အွန်လိုင်းကျောင်း တက်နေသော ကျောင်းသားတစ်ဦး၏ မိခင်၊ တနင်္သာရီမြို့နယ်
DW ။ ဒီပြေးလွှားနေရတဲ့ ကာလမှာ ကလေးတွေ ကျောင်းကို ဘာကြောင့်တက်ကြတာလဲ။
ဖြေ ။ စကစက အာဏာသိမ်းပြီးကတည်းက ကလေးတွေရဲ့ ပညာရေးက ကမောက်ကမ ဖြစ်ခဲ့ကြရပါတယ်။ ပညာမရှိရင် အသိမရှိသလို၊ စစ်အာဏာရှင်တွေ အဆက်ဆက်ကတည်းက မြန်မာပြည်မှာ ပညာရေးဆိုတာ အရေးမပါသလို ရိုက်သွင်းခံရတဲ့ ခေတ်တွေကြောင့် လူငယ်တွေဆိုတာ အသိပညာမဲ့ ဘဝတွေကိုပဲ ရောက်လာကြပါတယ်။
DW ။ တကယ်လို့ ကလေးတွေ ဒီကာလမှာ ပညာသင်ကြားခွင့်မရခဲ့ဘူးဆိုရင် ဘယ်လိုတွေ ဖြစ်လာနိုင်လဲ။
ဖြေ ။ ဒီအချိန်ကာလမှာ ပညာသင်ကြားခွင့်မရရင် အင်တာနေရှင်နယ် ခေတ်ကြီးမှာ ဘာအသိတရားမှမရှိ၊ ဘာအတွေ့အကြုံမှမရှိနဲ့ ကိုယ့်နိုင်ငံရဲ့ အခင်းအကျင်းကို ဘာမှစိတ်မဝင်စား၊ သိရှိနားမလည်တဲ့ လူငယ်တွေပဲ ဖြစ်နေကြပါလိမ့်မယ်။
DW ။ လက်ရှိက ဘယ်ကျောင်းမှာ တက်နေလဲ။ ဘာကြောင့်လဲ။
ဖြေ ။ လက်ရှိမှာတော့ NUG လက်အောက်မှာရှိတဲ့ ကျောင်းမှာပေါ့နော်။ ဘာဖြစ်လို့ စကစကျောင်းမှာ မထားလဲဆိုရင် စကစ အာဏာသိမ်းတာကိုလည်း ဆန့်ကျင်သလို စကစ လက်အောက် ပညာရေးကိုလည်း မလိုလားလို့ပါ။
DW ။ ပညာရေးက ကလေးတွေအတွက် ဘယ်လောက်အရေးပါသလဲ။
ဖြေ ။ ပညာရေးဆိုတာ ကလေးတွေအတွက် အနာဂတ်အလင်းရောင်ပေးတဲ့ လမ်းတစ်ခုပါပဲ။ နိုင်ငံတကာမှာ ပညာရေးဆိုတာ နံပါတ်တစ် ဦးစားပေးပါ။ ကလေးတွေရဲ့ အနာဂတ်ပါပဲ။ ပညာမတတ်ရင် နိုင်ငံတကာနဲ့ ယှဉ်တဲ့အခါ အသိပညာဆိုတာလည်း သူတို့မှာ ရှိလာမှာမဟုတ်ဘူး။ ကိုယ့်နိုင်ငံအတွက်လည်း အထောက်အကူပြုလာနိုင်မယ့် လူငယ်တွေ ဖြစ်လာနိုင်မှာမဟုတ်ပါဘူး။
DW ။ ဖြည့်စွက်ပြောချင်တာရှိရင် ဖြည့်စွက်ပြောပေးပါ။
ဖြေ ။ ကိုယ့်နိုင်ငံမှာ စကစ အာဏာသိမ်းပြီးတော့ ပညာရေးက ပိုဆိုးလာတယ်။ နဂိုကတည်းက အခြေခံမကောင်းတဲ့ မြန်မာနိုင်ငံ ပညာရေးစနစ်မှာ အရွယ်ရောက်လာတဲ့ လူငယ်တွေ ၈၀ ရာခိုင်နှုန်းလောက်က အသိဉာဏ်တွေက မထိုးဖောက်နိုင်ဘဲ နိမ့်ကျသွားကြတယ်။ လိုတာထက် သင်ယူမှု၊ လေ့လာမှု ထပ်ပြီး မတိုးတက်လာကြတော့ဘူး။ ဒီဝန်းကျင်မှာ ရှင်သန်ကြီးပြင်းလာရင် ဒီဝန်းကျင်အသိ၊ အတတ်ကလွဲပြီး တခြားပညာရေးနဲ့ အတွေ့အကြုံကို ထပ်ပြီးမရှာနိုင်တော့ဘဲ ပြီးပြီ၊ ပြည့်စုံသွားပြီလို့ သူတို့ထင်ကြတယ်။ တချို့မိဘတွေကလည်း ရေးတတ်ဖတ်တတ်ရင် တော်ပြီပေါ့၊ အဲဒီလို အားပေးကြတယ်။ အနိမ့်ဆုံးအတွေ့အကြုံတွေကျတော့လည်း ပညာရေးက အရေးမကြီးဘူး၊ အဓိက ပိုက်ဆံရှာနိုင်ဖို့၊ အဲဒီလိုတွေ ဆိုကြတယ်။ လူတစ်ယောက်ရဲ့ ပညာရေးနဲ့ အသိပညာကို ဘယ်လိုဒွန်တွဲပြီး လမ်းဖွင့်ပေးနိုင်ရင် ကောင်းမလဲဆိုတာကလည်း မိဘတွေနဲ့ အများကြီးသက်ဆိုင်တယ်လို့လည်း မြင်မိတယ်။ ပညာမတတ် အသိမရှိလို့ အခုလို ငါတို့နိုင်ငံဖြစ်နေရခြင်းပါလားဆိုတဲ့ အတွေးမျိုး ရှိသူနည်းပါးနေသရွေ့ မြန်မာပြည် ပညာရေးစနစ်လည်း ပိုအားနည်းလာလိမ့်မယ်လို့ မြင်မိတယ်။
” ကျောင်းသားကတ်လေးများ ရထားရင် စစ်မှုထမ်းစုဆောင်းခံရတာကနေ လက်တလော လွတ်မြောက်နိုင်တယ်ဆိုတဲ့ အတွေးလေးနဲ့ ကျောင်းထားဖို့ စဉ်းစားရတဲ့ မိဘတွေလည်းရှိတယ်”
ပညာရေးလုပ်သက် နှစ် ၂၀ ကျော်ရှိ ထားဝယ်မြို့ခံ ဘာသာရပ်သင်ဆရာတစ်ဦး
DW ။ အခုပညာသင်နှစ် ကျောင်းဖွင့်ရာသီ အခြေအနေလေး ပြောပြပေးပါ ။
ဖြေ ။ မြို့ပေါ်မှာတော့ ပုံမှန်ပဲ။ နယ်ကျောင်းသားတွေကတော့ အခုနှစ်မှာ စဉ်းစားစရာတွေ ဖြစ်လာတယ်ပေါ့။ အခြားတော့မဟုတ်ဘူး။ Placement test ဖြေပြီး အတန်းတက်ခွင့်ပေးမှာဆိုတော့ အွန်လိုင်းကနေ သင်ထားတဲ့ ကျောင်းသားမိဘတွေရော၊ တစ်နေရာရာမှာ တက်နေတဲ့ ကျောင်းသားတွေရော၊ အားလုံးက အတန်းရမယ်ဆိုတော့ စိတ်ဝင်စားလာကြတယ်ပေါ့။ Placement test ဖြေခိုင်းဖို့ မိဘတွေဘက်က စဉ်းစားလာတဲ့ အပိုင်းတွေရှိတယ်။ အဲဒီအချိန်မှာ အခက်အခဲကတော့ အခုပွဲဆူနေတဲ့ တားဆီးခံရတာမျိုးတွေ ဖြစ်နေတာပေါ့လေ။ လောလောဆယ် မြေပြင်အနေအထားအရ အဲဒီတစ်ခုတော့ရှိတယ်။
DW ။ ကျောင်းသားဦးရေ တိုးလာတာမျိုးတွေ ရှိလား။ အခြေခံပညာရေးအပြင် အခြား ဘယ်နယ်ပယ်တွေ တွေ့ရသေးလဲ။
ဖြေ ။ မျက်မြင်အနေအထားအရကတော့ အချို့ကိုယ်ပိုင်ကျောင်းတွေမှာ ကျောင်းသားအရေအတွက် အတော်များများ တိုးလာတာတွေ့ရတယ်။ ကျောင်းတွေအတော်များများကတော့ ကျောင်းသားဦးရေ တိုးလာနေတာကို မြင်နေရတယ်။ ဥပမာ- ကျောင်းတစ်ကျောင်းကို KG အတန်းတွေဆိုရင် ကျောင်းသားဦးရေ သုံးရာတွေ စသဖြင့် အခုနှစ်မှာ မူလတန်းအဆင့် ကျောင်းသားတိုးလာတာ တွေ့ရတယ်။ နောက်တစ်ခုရှိတာက မနှစ်က ထားဝယ်မှာ စဖွင့်တဲ့ ကျောင်းပြင်ပ ပညာရေး၊ ကျောင်းပြင်ပ ပညာရေးမှာ မူလတန်းအဆင့် level 1 တက်ပြီးသူတွေက အတန်းကျောင်း Grade 4 ကို ကူးလာကြသူတွေလည်းရှိတယ်။ level 2 အောင်သူတွေက Grade 6 ကို သွားသူတွေရှိတယ်။ ကိုယ်ပိုင်ကျောင်းတွေဘက် ပြောင်းကြသူတွေလည်း ရှိတယ်။ ကျောင်းပြင်ပ ပညာရေးကတော့ ဇူလိုင်လထဲ ပြန်ဖွင့်ဖို့ရှိတယ်။ ဒီအစီအစဉ်တွေကတော့ ဆရာတစ်ယောက်အမြင်နဲ့ ပြောရရင် ပညာရေးနဲ့ပတ်သက်ပြီး အဆုံးသတ်သွားပြီလို့ တွက်ဆထားတဲ့ မိဘတွေအတွက် အမှိုက်ထဲကရွှေလို့ပဲ ပြောရမလား။ သူတို့အတွက် မျှော်လင့်ချက်တစ်ခု ဖြစ်လာတယ်။ Placement test ကတော့ ဝင်ဖြေကြလိမ့်မယ်လို့ ထင်တယ်။ မြို့ပေါ်မှာလည်း ကျောင်းမတက်တဲ့ ကျောင်းသားတွေရှိတယ်။ ပြင်ပအင်္ဂလိပ်စာသင်တန်းတွေမှာ တွေ့တွေ့ရတဲ့အခါ မေးကြည့်တာ သူတို့က ကျောင်းမတက်ဘူး။ ဒါပေမဲ့ သူတို့က GED (ကမ္ဘာ့အဆင့်မီ တက္ကသိုလ်တွေ တက်ရောက်နိုင်ဖို့ အသုံးများတဲ့ ရွေးချယ်စရာ အထက်တန်းအောင်လက်မှတ်) အတန်းတွေ တက်ကြတာမျိုးရှိတယ်။ ကျောင်းသားတွေမှာ ရည်မှန်းချက် မတူကြဘူး။ တချို့ကလည်း IGCSE (UK ပညာရေးစနစ်ကို အခြေခံထားတဲ့ နိုင်ငံတကာအဆင့်မြင့် အထက်တန်းအောင်လက်မှတ်) အတန်းဘက်ကို လေ့လာနေသူတွေရှိတယ်။ အတန်းလည်းကြီးတယ်၊ အသက်အရွယ်အားဖြင့်လည်း ၁၈ နှစ်ဝန်းကျင် ရှိပြီဖြစ်တဲ့အတွက် အခြားပညာရေးလမ်းကြောင်းတစ်ခုကို ထွက်ပေါက်ရွေးပြီး ရည်မှန်းကြိုးစားနေကြတာ တွေ့ရတယ်။ မိဘကလည်း ပိုက်ဆံအခြေခံရှိတယ်၊ ကျောင်းသားကလည်း ပညာရေးအမြင်ရှိကြတဲ့ အုပ်စုက တစ်မျိုးပေါ့။ နောက်တစ်ခုက ထားဝယ်မှာပဲနေပြီး သုံးနှစ်လောက်တက်ပြီး သင်လို့ရတဲ့ နည်းပညာနဲ့ စီးပွားရေးပရိုဂရမ်တွေကို ဒီပလိုမာတစ်ခု ရမယ်၊ နောက်တစ်ခုခုအတွက် နိုင်ငံခြားမှာ ဒီဂရီတစ်ခုခု သွားယူကြဖို့ လုပ်သူတွေလည်းရှိတယ်။ အခုလက်ရှိ တွေ့နေရတဲ့ အနေအထားပေါ့။
DW ။ GED နဲ့ ပညာရေးက မြန်မာနိုင်ငံကနေ ဒီဂရီတစ်ခုခု ဆုံးခန်းတိုင်အောင် သွားဖို့ လွယ်ကူလား။ ဘယ်လိုအခြေအနေတွေ တွေ့ရလဲ။
ဖြေ ။ အခုလောလောဆယ် အနေအထားမှာ နိုင်ငံတကာပညာရေးကို သွားဖို့အတွက် မိဘဆီက အထောက်အပံ့ ငွေကြေးဓနအင်အားရှိဖို့ လိုမယ်။ အမေရိကန်နိုင်ငံမျိုးဆို သွားချင်ရင်တောင် သွားလို့မရဘူး။ ထိုင်းနိုင်ငံလောက်တော့ သွားကြတယ်ပေါ့။ နောက်တစ်ခုက GED အောင်ပြီးရင် ရန်ကုန်မှာ ပုဂ္ဂလိကကောလိပ်တွေ သွားတက်ကြသူတွေလည်းရှိတယ်။ အဲဒီမှာ ပထမနှစ် တစ်နှစ်လောက်တက်ပြီးတာနဲ့ ငွေကြေးမလုံလောက်တော့လို့ ပညာရေးရပ်နားလိုက်ရသူတွေလည်း တွေ့ရတယ်။ ဥပမာ- အသိတစ်ယောက်ရဲ့ သားဆိုရင် ပုဂ္ဂလိကကောလိပ်တစ်ခုမှာ ပထမတစ်နှစ်တက်လိုက်တာ သိန်းနှစ်ရာလောက် ကုန်သွားတယ်။ ကျန်နှစ်တွေ ဆက်တက်ဖို့အတွက်က အင်အားမရှိတော့တာမျိုးရှိတယ်၊ ကိုယ်လက်လှမ်းမီတဲ့နေရာမှာ မြင်တွေ့နေရတာ။ အဲဒီလိုမျိုး ရပ်နားလိုက်ရသူတွေက ဒီဘက်က အခြေခံပညာနဲ့ တက္ကသိုလ်တွေဘက် ပြန်တက်ဖို့ မဖြစ်နိုင်တော့ဘူး။ သူတို့အနေနဲ့ နောက်တစ်ခုရွေးချယ်စရာက ဘာသာစကားတစ်ခုခု ထပ်သင်ပြီး နိုင်ငံခြားထွက်ရဖို့ ကြိုးစားရလိမ့်မယ်။ အခုကျောင်းထားဖို့ ကြိုးစားနေကြတဲ့အထဲမှာ အခြေခံပညာရအောင်လို့ ထားကြသူရှိသလို Grade 12 အောင်လက်မှတ်ရှိမှ နိုင်ငံခြားကို ထွက်လို့ရမယ်ဆိုတဲ့ အမြင်ရှိတဲ့ မိဘတွေလည်းရှိတယ်။ နောက်တစ်ခုက သားသမီးတွေက အသက် ၁၆ ကနေ ၁၈ ဝန်းကျင်အကြား အရွယ်ရောက်လာတယ်။ လူကောင်ကလည်း ထွားနေပြီ၊ သွားချင်လာချင်စိတ်ကလည်း ရှိနေပြီဆိုတော့ လွှတ်ထားလိုက်ရင် စစ်မှုထမ်း စုဆောင်းခံရနိုင်ခြေရှိတယ်။ အဲဒီတော့ ကျောင်းတက်ခိုင်းထားရင် ကျောင်းသားကတ်လေးများ ရထားရင် စစ်မှုထမ်းစုဆောင်းခံရတာကနေ လက်တလော လွတ်မြောက်နိုင်တယ်ဆိုတဲ့ အတွေးလေးနဲ့ ကျောင်းထားဖို့ စဉ်းစားရတဲ့ မိဘတွေလည်းရှိတယ်။
DW ။ ပညာသင်ဖို့ ရွေးချယ်တာနဲ့ ပတ်သက်ပြီး လွတ်လပ်ခွင့်အပေါ်မှာရော ဘယ်လိုအမြင်ရှိလဲ။
ဖြေ ။ ပညာရေးလွတ်လပ်ခွင့်လို့သာ ပြောကြတာ၊ အချို့အတော်များများက နားလည်ချင်မှ နားလည်မှာ။ အခုတားကြဆီးကြတာတွေလည်း တွေ့ရတယ်၊ စိတ်ခံစားချက်တစ်ခုကြောင့်ပေါ့။ သူတို့ (တားဆီးနေသူတွေ) အပိုင်းကို ဖတ်လည်းဖတ်ရပါတယ်။ တစ်ခုကစဉ်းစားမယ်ဆိုရင် ကျောင်းကို ဆက်တိုက်ထားလာပြီး ပညာတတ်တဲ့လူက တစ်ဖက်မှာပဲရှိပြီး တစ်ဖက်မှာက အတန်းပညာလည်းမရဘဲ စာတတ်ရုံမျှသင်ပြီး သွားနေမယ်ဆိုရင် လူ့စွမ်းအားအရင်းအမြစ်နှစ်ခုသည် ထိပ်တိုက်တွေ့ပြီး ယှဉ်ပြိုင်ကြတဲ့အခါ အားနည်းချက်၊ အားသာချက် ရှိလိမ့်မယ်။ ပညာကို ပညာနဲ့ပဲ ခုခံမယ်လို့ တွေးထားရင် ကိုယ့်ဘက်က အဖွဲ့အစည်းများသည်လည်း နည်းလမ်းမျိုးစုံနဲ့ ပညာရေးကို လုပ်ပေးဖို့လိုတယ်။ နောက်တစ်ခုက မြေပြင် (တော်လှန်ရေးအားကောင်းသည့်ဒေသ) မှာ ကျောင်းတွေရှိတယ်။ အားလုံးကို လွှမ်းခြုံပြီး ထိထိရောက်ရောက် လုပ်ပေးနိုင်တဲ့ အနေအထားမျိုးလည်း ရှိချင်မှရှိမယ်၊ ငွေရေးကြေးရေးအရသော်လည်းကောင်း၊ ဆရာ၊ ဆရာမအင်အား အရသော်လည်းကောင်းပေါ့။ ဆရာတစ်ယောက်အမြင်နဲ့ ပြောရရင်တော့ တတ်နိုင်တဲ့ မိဘတွေလည်း သွားချင်သွားကြပေါ့။ မတတ်နိုင်လို့ ကျန်ခဲ့တဲ့ ကျောင်းသားတွေကို အကောင်းဆုံးဖြစ်အောင် လုပ်ပေးမယ်ဆိုတဲ့အမြင်နဲ့ ချဉ်းကပ်ရင်တော့ ပိုကောင်းမယ်။ ကျောင်းသားတိုင်းသည် စာသင်ခန်းထဲရောက်ရတာကို စိတ်ပျော်ရွှင်တယ်၊ ခုံမင်ကြတယ်။ စာသင်ခန်းထဲ ရောက်လာကြတဲ့ ကလေးတွေကတော့ အရောင်မပါဘူး။ ပညာသင်ကြားရေးကိုပဲ ခုံမင်ပြီး ရောက်လာတယ်။ ကျောင်းသားဘဝကို သူတို့လိုချင်တယ်။ ကျောင်းနေအရွယ်ကလေးတစ်ယောက်က ကျောင်းနေနေရရင် သူတို့အတွက် ပျော်ရွှင်မယ်လို့ မြင်တယ်။
DW ။ တစ်ဖက်က စိုးရိမ်ချက်ရှိတာက စာသင်ကျောင်းကနေတစ်ဆင့် စစ်အုပ်စုရဲ့ ဝါဒလွှမ်းမိုးမှုအောက် ရောက်သွားမလားပေါ့လေ။ အဲဒါကရော လက်တွေ့ဘယ်လိုအခြေအနေရှိလဲ။
ဖြေ ။ အခြေခံပညာကျောင်းသည် စစ်တက္ကသိုလ် မဟုတ်ဘူးဆိုတော့ ခုနကပြောသလို brainwash လုပ်တဲ့အပိုင်းက မရှိသလောက်နည်းမယ်လို့ပဲ ခံယူတယ်။ အခုတော်လှန်ရေးထဲ ရောက်နေသူအားလုံးသည် အခြေခံပညာကျောင်းကနေ ပညာသင်ကြားခဲ့သူတွေပဲ များတယ်။ အခြေခံပညာကျောင်းကို သွားတက်ရုံနဲ့ စစ်တပ်လူဖြစ်သွားမယ်ဆိုတာမျိုးကတော့ လက်ခံပေးလို့မရဘူး။ ပြီးတော့ လက်ရှိသင်ကြားနေတဲ့ သင်ရိုးညွှန်းတမ်းများသည် ခေတ်မီပါတယ်၊ ကိုယ်တိုင်သင်နေလို့သိတယ်။ အင်္ဂလိပ်စာတွေဆိုရင်လည်း 4 skills အပြည့်သင်ကြားရမယ့် သင်ရိုးပုံစံဖြစ်တယ်။ နောက်တစ်ခုက ပညာရေးလောကထဲမှာ ကျန်ရစ်တဲ့ ဆရာ၊ ဆရာမများသည် နောက်ခံအကြောင်းတရား အမျိုးမျိုးကြောင့် CDM မလုပ်ဘဲနဲ့ Non-CDM ဆရာ၊ ဆရာမတွေရှိတယ်။ ဆရာ၊ ဆရာမအားလုံးသည် တစ်ရာ ရာခိုင်နှုန်းလုံးတော့ စစ်တပ်ကို ထောက်ခံနေတာမျိုး မဟုတ်ဘူး။ ဘဝပေးအခြေအနေအရ မလွှဲမရှောင်သာ ရွေးချယ်ထားရသူတွေလည်းရှိတယ်။ အဲဒီအထဲမှာ စိတ်စေတနာကောင်းတဲ့၊ သင်ကြားရေးဝါသနာပါတဲ့ ဆရာ၊ ဆရာမတွေလည်း ကျန်ရစ်သေးတယ်။ ဒါပေမဲ့ ရာခိုင်နှုန်း အနည်းငယ်လောက်တော့ စစ်တပ်ဘက်ယိမ်းသွားတာမျိုး ရှိနိုင်တယ်။ ကျောင်းသားတွေအနေနဲ့ကတော့ အခြေခံပညာပြီးလို့ တက္ကသိုလ်ရွေးချယ်ကြမယ်ဆိုရင် စစ်တက္ကသိုလ်လိုမျိုး စစ်တပ်နဲ့ဆက်စပ်တာကို ရွေးကြမယ်ဆိုရင်တော့ စစ်တပ်လူဖြစ်သွားမှာပေါ့။ အဲဒီလိုမဟုတ်ဘဲ အခြားပညာရေးလမ်းကြောင်းကို ရွေးချယ်ကြမယ်ဆိုရင်တော့ စစ်တပ်လူဖြစ်မယ်ဆိုတာကတော့ မဖြစ်နိုင်ဘူး။ အခုအခြေအနေမှာ ရွေးချယ်စရာက နှစ်ခုရှိတယ်။ ဒီအခြေခံပညာကျောင်းတွေကို မကြိုက်ရင် ပုဂ္ဂလိကကျောင်းတွေကို သွားလို့ရတယ်။ ပုဂ္ဂလိကကျောင်းသည် အခြေခံပညာကျောင်းနဲ့ မတူတာက ပုဂ္ဂလိကကျောင်းတွေမှာက ထိန်းကျောင်းမှုရှိတယ်။ အဖိုးငွေကြေးကို ယူထားတာဖြစ်လို့ မိဘတွေဘက်က စောဒကတက်ပိုင်ခွင့်ရှိတယ်။ ကိုယ်တွေဆိုလည်း စီးပွားရေးမပြေလည်ဘူးပဲ၊ ဒါပေမဲ့ ကိုယ့်သားသမီးကို အဖြူနဲ့အစိမ်းဝတ်တာလည်း မမြင်ချင်ဘူးဆိုတော့ ပုဂ္ဂလိကပညာရေးကို ရွေးချယ်ထားရတယ်။
DW ။ စစ်တပ်က ထားဝယ်မှာ ကျောင်းသားတွေကို ပြည်သူ့စစ်အဖြစ် လုပ်ခိုင်းတာမျိုးကလည်း ရှိတော့လေ၊ အဲဒါကရော သက်ရောက်မှု ရှိနိုင်လား။
ဖြေ ။ စစ်တပ်က ကျောင်းသားတိုင်းကို အသုံးချနိုင်မယ့် ပမာဏတော့မရှိဘူး။ အလွန်ဆုံး တစ်ရာခိုင်နှုန်း သို့မဟုတ် သုည ဒသမ ငါးရာခိုင်နှုန်းလောက်ပဲ ရှိမယ်။ နောက်ခံ နောက်ကြောင်းအနေနဲ့ သူတို့ (စစ်အာဏာရှင်တပ်) နဲ့ ဆက်နွယ်နေတဲ့ ကျောင်းသားကိုပဲ သူတို့အသုံးချလို့ရမယ်။ သူတို့နဲ့ ဆက်နွယ်မှုမရှိတဲ့ ကျောင်းသားတွေကိုတော့ အသုံးချနိုင်မယ်မထင်ဘူး။ အဲဒီလိုကျောင်းသားက ကျောင်းတစ်ကျောင်းမှာ ရှိလှပါ့ ငါးယောက်ပေါ့။ ကျောင်းသားဦးရေ ရာဂဏန်းလောက်မှာ ငါးယောက်လောက်က စစ်တပ်အသုံးချခံဖြစ်သွားတာပေါ့။ တစ်ခုရှိတာက စစ်တပ်က အခုနှစ်မှာ ထပ်တိုးဖွင့်တဲ့ တပ်မတော်လူငယ်လေ့ကျင့်ရေးကျောင်းတွေမှာကတော့ သွားတက်တဲ့ ကျောင်းသားအားလုံး စစ်တပ်လူဖြစ်သွားမှာပေါ့။
DW ။ လက်ရှိ အကျပ်အတည်းကာလမှာ ပညာရေးကို ဘယ်လိုထိန်းသိမ်းဆောင်ရွက်သင့်သလဲ။
ဖြေ ။ ပညာရေးဆိုတာက လူတိုင်းလက်လှမ်းမမီနိုင်တဲ့ကိစ္စ၊ နားမလည်နိုင်တဲ့ကိစ္စလို့ပဲ ပြောချင်တယ်။ ပညာရေးကို တော်လှန်ရေးနဲ့ ပေါင်းစပ်ပြီးမြင်မယ်ဆိုရင်တော့ ကလေးတွေအတွက် အန္တရာယ်ရှိတယ်၊ အဆိပ်အတောက်ဖြစ်စေမယ်။ ဘာလို့လဲဆိုတော့ ဗီယက်နမ်နိုင်ငံမှာတုန်းကဆိုရင် စစ်ပွဲထဲမှာ လယ်ထွန်ရင်း စာသင်ရတာမျိုး၊ ပညာရေးကို အဆက်မပြတ်ဘဲနေအောင် ကြိုးစားကြရတာကိုး။ အခု ၅ နှစ်အတောအတွင်းထဲမှာ ပညာရေးနဲ့ပတ်သက်ပြီး ဆုံးရှုံးခဲ့ရတဲ့ ကျောင်းသားတွေလည်း မနည်းတော့ဘူး။ ပညာရေးမှာ သွားနိမ့်ကျရင် ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးမှာ ဆုတ်ယုတ်မှုများတယ်။ အဲဒါတွေကို ကုစားဖို့ အများကြီး ကြိုးစားကြရမယ်။ အဲဒါကို ကာမိဖို့အတွက် အရမ်းမဆိုးဝါးသွားအောင် အကောင်းဘက်ကို ဦးတည်ပြီး ပညာရေးကို ချဉ်းကပ်စေချင်တယ်။
DW ။ ဖြည့်စွက်ပြောလိုတာပြောပေးပါ။
ဖြေ ။ နိဂုံးချုပ်အနေနဲ့ ပြောချင်တာကတော့ မိဘတိုင်းသည် ကိုယ့်သားသမီးတွေကို ကိုယ့်ထက် ထူးချွန်ထက်မြက်သူတွေ ဖြစ်စေချင်တယ်။ ကျေးလက်က သားသမီးတွေဆို ပညာတတ်မှ လူရာနည်းနည်းဝင်မယ်။ အဲဒီတော့ ပညာတတ်တွေ ဖြစ်စေချင်တယ်။ မြန်မာနိုင်ငံရဲ့ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်နေ လူတန်းစားဖြစ်တယ်။ ဒါကြောင့် ကျေးလက်ကလူတွေ ပညာတတ်များလာမှ ဒီနိုင်ငံက တိုးတက်မှာဖြစ်တယ်။ ကျေးလက်နေ မိဘပြည်သူတွေသည် တော်လှန်ရေးကို အများဆုံး အထောက်အကူပေးနေသူတွေလည်း ဖြစ်တယ်။ ခေတ်အဆက်ဆက်ပဲ အမှန်တရားဘက်မှာ ရပ်တည်ရင်း ဖိနှိပ်ခံရသူတွေလည်း ဖြစ်တယ်။ သူတို့မှာ မျှော်လင့်စရာ များများစားစားမရှိဘူး၊ သားသမီးတွေရဲ့ အနာဂတ်ပဲရှိတယ်။ အဲဒီမျှော်လင့်ချက်နဲ့ ပတ်သက်တာကို သွားတားဆီးမိတာက သူတို့ရဲ့စေတနာကို စော်ကားသလိုဖြစ်တယ်။ အဲဒီလုပ်ရပ်တွေကတစ်ဆင့် ပြုလုပ်တဲ့အဖွဲ့အစည်းတွေကို စိတ်ပျက်မှုတွေ ဖြစ်လာစေနိုင်တယ်။ ကိုယ့်ကို အထောက်အပံ့ပြုနေသူတွေကို စိတ်ပျက်အောင် မလုပ်စေချင်ဘူး။ တချို့ကိစ္စတွေ မျက်ကွယ်ပြုသင့်တာ ပြုပေးသင့်တယ်။
DW ။ ကျေးဇူးတင်ပါတယ်။







