ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

လောင်းလုံးမှာ PDF ရဲဘော်ဆီက မူးယစ်ဆေး ဖမ်းမိတယ်ဆိုပြီး စစ်အုပ်စု ပုံဖျက်မှုအပေါ် စိစစ်ချက်

September 13, 2026

ထားဝယ်ခရိုင် ၊ လောင်းလုံးမြို့နယ်မှာ စက်တင်ဘာလ ပထမအပတ်ထဲက အမျိုးသားတစ်ဦးကို မူးယစ်ဆေးဝါးတချို့၊ သေနတ်တစ်လက်နဲ့အတူ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (ပလဖ) က ဖမ်းဆီးခဲ့ပါတယ်။

အဲဒီ ဖြစ်စဥ်မှာ ဖမ်းဆီးခံရသူဟာ PDF ရဲဘော် ဖြစ်တယ်ဆိုပြီး စစ်အုပ်စုဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေက စက်တင်ဘာလ ၇ ရက်မှာ စတင်ဖြန့်ချိနေပါတယ်။

စစ်အုပ်စုဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေရဲ့ ဖြန့်ချိချက်တွေကို Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch က အချက်အလက် စိစစ်ကြည့်ရာမှာတော့ မြေပြင်အချက်အလက်နဲ့ကွဲလွဲနေတဲ့ ပုံဖျက်ထားတဲ့ သတင်းအမှားဖြစ်တာကို စိစစ်တွေ့ရှိရပါတယ်။

Subscriber နှစ်သောင်းကျော်ရှိတဲ့ MT News အမည်နဲ့ တယ်လီဂရမ်ချန်နယ်က စတင်ဖြန့်ချိခဲ့တာဖြစ်ပြီး အဲဒီဖြန့်ချိချက်ကို Sitt Naing News အမည်နဲ့ တယ်လီဂရမ်ချန်နယ်က ထပ်ဆင့် ကူးယူဖော်ပြပါတယ်။

MT News ရဲ့ ဖြန့်ချိချက် လင့်ခ် – https://archive.ph/rais8

Sitt Naing News ရဲ့ ဖြန့်ချိချက် လင့်ခ် – https://archive.ph/qTkRS

လောင်းလုံးမှာ ပလဖ က မူးယစ်ဆေးဖမ်း

လောင်းလုံးမြို့နယ်မှာ ဆိုင်ကယ်ပြင်ဆိုင်တစ်ခုထဲ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားနေတယ်ဆိုပြီး သတင်းအရ လောင်းလုံးမြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့(ပလဖ) က သွားရောက်ရှာဖွေခဲ့တယ်လို့ စက်တင်ဘာလ ၆ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ဝင်ရောက်ရှာဖွေရာမှာ မူးယစ်ဆေးဝါး အရောင်းအဝယ်ပြုလုပ်နေသူ အသက် (၃၈) နှစ်အရွယ် အမျိုးသားတစ်ဦးကို ငွေသားတွေ ၊ မူးယစ်ဆေးဝါးတွေအပြင် သေနတ်တစ်လက်နက်နဲ့အတူ ဖမ်းမိတယ်လို့ ဖော်ပြပါတယ်။

ဖမ်းဆီးရမိထားတဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်သူကို ထိရောက်စွာ အရေးယူမယ်လို့ ပလဖ က ဆိုပါတယ်။

ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (လောင်းလုံးမြို့နယ်) ရဲ့ထုတ်ပြန်ချက်လင့်ခ် – https://shorturl.at/9RGUi

သေနတ်နဲ့ပတ်သက်ကို စိစစ်ချက်

မူးယစ်ဆေးဝါး ရောင်းဝယ်သူရဲ့ လက်ထဲမှာ သေနတ် ဘာကြောင့်ရောက်နေလဲဆိုတာကို ပလဖ တာဝန်ရှိသူနဲ့ ဒေသခံတွေကို Dawei Watch က မေးမြန်းကြည့်ရာ အဲဒီသေနတ်ဟာ စစ်အာဏာရှင်တပ်စစ်ကြောင်းက ကျန်ခဲ့တဲ့ အသုံးပြုလို့ မရတဲ့ လက်နက်ပဲဖြစ်တယ် လို့ပြောဆိုကြပါတယ်။

မူးယစ်ဆေးဝါးကိစ္စနဲ့ လောင်းလုံး မှာ ဖမ်းဆီးထားသူဟာ PDF မဟုတ်ဘဲ စက်ပြင်လုပ်ငန်းလုပ်ကိုင်နေတဲ့ အရပ်သားဖြစ်တယ်လို့ ပလဖတာဝန်ရှိသူက ဆိုပါတယ် ။

သိမ်းဆည်းရမိခဲ့တဲ့ သေနတ်ဟာလည်း စစ်အာဏာရှင်တပ်သားတွေ လောင်းလုံးမြို့နယ်မှာ စစ်ကြောင်းဝင်စဥ် ကျန်ခဲ့တဲ့ သေနတ်ဖြစ်ပြီး မောင်းတံ မပါတာကြောင့် အသုံးပြုလို့ မရဘူးလို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ် ။

သိမ်းထားတဲ့ သေနတ်ဟာ BA 94 အမျိုးအစား ဖြစ်ပြီး အသုံးပြုမရတဲ့သေနတ်ဖြစ်တာကို လောင်းလုံး ပလဖ က ဓာတ်ပုံနဲ့တကွ သတင်းထုတ်ပြန်ထားပါတယ် ။

အဲဒီ ထုတ်ပြန်ချက်ပါ သတင်းဓာတ်ပုံက သေနတ်ကို Google lens နဲ့ တိုက်ဆိုင်စစ်ဆေးကြည့်ရာ BA 94 အမျိုးအစားမှန်ကန်ကြောင်း စစ်ဆေးတွေ့ရှိရပါတယ် ။

BA 94 သေနတ်အမျိုးအစားဟာ မြန်မာ စစ်အာဏာရှင်တပ်က ထုတ်လုပ်တဲ့သေနတ်ဖြစ်ပြီး စစ်အာဏာရှင်တပ်သားနဲ့ ရဲတွေ ကိုင်ဆောင်လေ့ရှိတယ်လို့ သေနတ်အကြောင်းတွေ လေ့လာလို့ရတဲ့ Gun Wiki ဝက်ဆိုက်ဘ်မှာ ဖော်ပြပါတယ် ။

Gun Wiki ရဲ့ BA 94 အကြောင်းဖော်ပြချက် လင့်ခ် – https://shorturl.at/cyMRJ

ဒါ့အပြင် BBC မြန်မာပိုင်းသတင်းဌာနရဲ့ ဆောင်းပါးတစ်ပုဒ်မှာလည်း BA 94 သေနတ်အကြောင်း အခုလိုဖော်ပြထားပါတယ် ။

စစ်အာဏာရှင်တပ်မှာ အသုံးပြုတဲ့ BA 94 သေနတ်ဟာ အစ္စရေးလုပ် အူဇီ သေနတ်ကို ပုံစံယူ ထုတ်ထားတာ ဖြစ်ပြီး အစ္စရေးဆီက နည်းပညာကို တိုက်ရိုက်ရယူ ခဲ့တာလား၊ ဒါမှမဟုတ် ပုံစံတူလိုက်ပြီး မြန်မာစစ်အာဏာရှင်တပ်ဘက်က ကိုယ့်ဘာသာ ထုတ်လုပ်ခဲ့တာလား ဆိုတာကတော့ ကွဲကွဲပြားပြား မသိရဘူးလို့ ဖော်ပြပါတယ် ။

BA 94 သေနတ်အကြောင်း ဖော်ပြထားတဲ့ “အစ္စရေး လက်နက်ပြပွဲရောက် မြန်မာ တပ်မတော် အရာရှိတွေ” ဆိုတဲ့ အမည်နဲ့ဖော်ပြခဲ့တဲ့ BBC မြန်မာပိုင်းသတင်းဌာနရဲ့ဆောင်းပါးလင့်ခ် – https://shorturl.at/SHWWf

ဖမ်းဆီးမှုဖြစ်စဥ် ဖြစ်ခဲ့တဲ့ ကျေးရွာက ဒေသခံတွေကို မေးမြန်းအတည်ပြုကြည့်ရာမှာလည်း မူးယစ်ဆေးဝါး ဖမ်းဆီးခံရတဲ့သူဟာ လက်နက်ကိုင်တပ်ဖွဲ့ဝင် မဟုတ်ဘဲ စက်ပြင်တဲ့ အရပ်သားတစ်ဦး ဖြစ်တယ်လို့ ပြောဆိုကြပါတယ်။

စစ်အာဏာရှင်တပ်ရဲ့ သေနတ်တစ်လက်ကို ကောက်ယူသိမ်းဆည်ထားတာလည်း မှန်ကန်တယ်လို့ ပြောပါတယ် ။ ကျေးရွာအမည်ကို လုံခြုံရေး အရ သီးခြားမဖော်ပြတာဖြစ်ပါတယ် ။

စိစစ်တွေ့ရှိ သုံးသပ်ချက်

ဒါကြောင့် လောင်းလုံးမှာ မူးယစ်ဆေးဝါးနဲ့အတူ ဖမ်းဆီးရမိတဲ့ အမျိုးသား မှာရှိနေတဲ့ လက်နက်ဟာ စစ်အာဏာရှင်တပ်ဘက်က ကျန်ခဲ့တဲ့ အသုံးပြုမရတော့တဲ့လက်နက်ဖြစ်တာကို စိစစ်တွေ့ရှိရသလို အဲဒီပုဂ္ဂိုလ်ဟာ PDF မဟုတ်တာကိုလည်း ဖြစ်စဥ် မှာ တာဝန်ရှိတဲ့ တော်လှန်ရေးဘက်က တာဝန်ရှိသူနဲ့ ဒေသခံတွေကို မေးမြန်းပြီး စိစစ်တွေ့ရှိရပါတယ် ။

အရပ်သားတစ်ဦးကို မူးယစ်ဆေးဝါးတချို့၊ သေနတ်တစ်လက်နဲ့ အတူ ဖမ်းမိတဲ့ ဖြစ်စဉ်အပေါ် တော်လှန်ရေးတပ်ဖွဲ့တွေကို ပုံဖျက်ဖို့အတွက် စစ်အုပ်စု ဝါဒဖြန့်ချန်နယ်တွေက PDF တစ်ဦးလို့ ပုံဖော်တံဆိပ်ကပ်ဝါဒဖြန့်တာဖြစ်တယ်လို့ သုံးသပ်ရပါတယ်။

စာဖတ်သူတွေအနေနဲ့ သတင်းတု၊ သတင်းအမှားတွေ၊ စစ်ဆေးပေးစေလိုတဲ့ သံသယဖြစ်ဖွယ် သတင်းအချက်အလက်တွေ ရှိလာရင်ဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ် မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ် Myanmar Fact Checking Network နဲ့ Myanmar Fact Checking Network အဖွဲ့ဝင်ဖြစ်တဲ့Dawei Watch ရဲ့ မက်ဆင်ဂျာကနေတစ်ဆင့် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။