တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စုကို စစ်အာဏာရှင်တပ်က ကာမီကာဇေဒရုန်းဖြင့် တိုက်ခိုက်ကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။
ယနေ့ စက်တင်ဘာလ ၁၂ရက် ညနေပိုင်းတွင် စစ်အာဏာရှင်တပ်က တကူကျေးရွာအုပ်စုရှိ သံတိုက်နှင့် ပြည်အေးကျေးရွာ တို့ကို ကာမီကာဇေဒရုန်းနှစ်စီးဖြင့် ဝင်ရောက်တိုက်ခိုက်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
သံတိုက်ရွာရှိ တိုက်နယ်ဆေးရုံအနီးတွင် တစ်စီးနှင့် ပြည်အေးရွာဘောလုံးကွင်းအနီးတွင် တစ်စီး ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
“ဒရုန်းက ပေါက်ကွဲသွားတယ်။ လူထိခိုက်မှု မရှိဘူး”ဟု ၎င်းက ပြောဆိုသည်။
တကူကျေးရွာအုပ်စုတွင် တိုက်ပွဲတစ်စုံတစ်ရာမရှိဘဲ ဒရုန်းဖြင့် တိုက်ခိုက်ခြင်းဖြစ်ကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။
ကာမီကာဇေဒရုန်းသည် ဒရုန်းကို ဆုံးရှုံးခံကာ ဝင်ရောက်ဖောက်ခွဲတိုက်ခိုက်သည့် အမျိုးအစားဖြစ်ပြီး အသေခံဒရုန်းဟု လူသိများသည်။
စစ်အာဏာရှင်တပ်သည် တကူကျေးရွာအုပ်စုကို ကာမီကာဇေဒရုန်းဖြင့် မကြာခဏ တိုက်ခိုက်လေ့ရှိသည်။







