တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာအုပ်စု ရမ်းဖိုနှင့် ကမ်းတိုကျေးရွာတို့ကို စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးပြီး လက်နက်ကြီးဖြင့် ပစ်ခတ်နေကြောင်း ဒေသခံများက ပြောသည်။
စက်တင်ဘာလ ၅ရက်တွင် တနင်္သာရီမြို့မှ မြိတ်မြို့သို့ပြန်သည့် တိုင်းစစ်အစိုးရဝန်ကြီး ဦးသိန်းလွင်၏ ယာဥ်တန်းကို တော်လှန်ရေးတပ်များက ကမ်းတိုရွာအနီးတွင် တိုက်ခိုက်ခဲ့သည်။
ယင်းနောက် စက်တင်ဘာလ ၁၀ရက်တွင် ရမ်းဖိုနှင့် ကမ်းတိုရွာတို့ကို စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးပြီး စက်တင်ဘာလ ၁၁ရက်နှင့် ၁၂ရက်တို့တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း ဒေသခံများက ဆိုသည်။
ရမ်းဖိုကျေးရွာ ဒေသခံများ တောထဲတွင် စစ်ဘေးရှောင်နေကြရာမှ ယခုနှစ် မေလအတွင် ဒေသခံအချို့ ကျေးရွာတွင် ပြန်လည်နေထိုင်နေကြပြီး လက်ရှိတွင် စစ်ကြောင်းထိုးလာသဖြင့် ထပ်မံထွက်ပြေး တိမ်းရှောင်ရကြောင်း ၎င်းတို့က ပြောဆိုသည်။
“ရှောင်တာက ရွာထဲနေသူရော။ တောထဲ နေသူရော အကုန်ရှောင်ရတယ်။ တောထဲဘက်ကို လက်နက်ကြီးတွေ ထုနေတယ်။ ထိခိုက်မှုမရှိဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။
စစ်အာဏာရှင်တပ်သည် ကမ်းတိုရွာအနီး တောဘက်သို့ စစ်ကြောင်းထိုပြီး ယနေ့ စက်တင်ဘာလ ၁၂ရက် နံနက်ပိုင်းတွင် မော်တုန်းရွာအခြေစိုက် ၃၀၆ အမြောက်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်နေကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
ကမ်းတိုရွာတွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွားသောကြောင့် ဒေသခံများ တိမ်းရှောင် နေရ သည်မှာ လေးနှစ်ကျော်ပြီဖြစ်ပြီး ကွမ်းသီးခူးရန်နှင့် အိမ်သန့်ရှင်းရေးလုပ်ရန်သာ ခေတ္တပြန်လာလေ့ရှိကြောင်း ၎င်းက ပြောဆိုသည်။
“ဝန်ကြီးယာဥ်တန်း ပစ်ခံရပြီး အဲဒီနှစ်ရွာကို နယ်မြေရှင်းတာမျိုး လုပ်နေတယ်။ လက်နက်ကြီးတွေလည်း ပစ်နေတယ်။ စစ်ကြောင်းလည်းထိုးနေတယ်” ဟု အထက်ပါ ဒေသခံက ပြောဆိုသည်။
ရမ်းဖိုနှင့် ကမ်းတိုရွာသည် တစ်ဆက်စပ်တည်းရှိသည့် ကျေးရွာများဖြစ်သည်။
ဝန်ကြီး ဦးသိန်းလွင်ယာဥ်တန်းကို တိုက်ခိုက်မှုတွင် မြိတ်ခရိုင်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဝင်တစ်ဦး ဒဏ်ရာရကြောင်း တော်လှန်ရေးတပ်နှင့် နီးစပ်သူများထံမှ သိရသည်။







