ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထိုင်းတောင်ပိုင်းတွင် မြန်မာရေလုပ်သားများပါသည့် ငါးဖမ်းလှေတစ်စီး နစ်မြုပ်

September 12, 2026

ဓာတ်ပုံ - ကိုကုလား

ထိုင်းနိုင်ငံတောင်ပိုင်း၊ ချွန်ဖော်ခရိုင် ပင်လယ်ပြင်အတွင်း မြန်မာရေလုပ်သားများ လိုက်ပါလုပ်ကိုင်နေသည့် ဝါတန်းငါးဖမ်းလှေတစ်စီး စက်တင်ဘာလ ၁၀ ရက် နံနက်ပိုင်းက မီးလောင်နစ်မြုပ်သွားကြောင်း ရေလုပ်သားများနှင့် နီးစပ်သူများထံမှ သိရသည်။

မြန်မာရေလုပ်သား ၂၀ ဦးနှင့် ထိုင်းနိုင်ငံသား လှေဦးစီး (ငါးဆရာ)၊ ပဲ့နင်းငယ်တို့ လိုက်ပါလာသည့် အဆိုပါ ဝါတန်းငါးဖမ်းလှေသည် ကမ်းသို့ ပြန်လည်ဝင်ရောက်လာစဉ် လျှပ်စစ်ဝါယာရှော့ခ်ဖြစ်ရာမှတစ်ဆင့် အင်ဂျင်စက်ခန်း မီးလောင်ကျွမ်းကာ နစ်မြုပ်သွားခြင်းဖြစ်ကြောင်း ရေလုပ်သားများနှင့် နီးစပ်သည့် ကိုကုလားက ပြောသည်။

“လူတွေတော့ ထိခိုက်ဒဏ်ရာရတာ မရှိဘူး။ ပြီးတော့ တစ်ချက်ကောင်းသွားတာက မီးလောင်တဲ့အချိန်မှာ (တခြား) လှေကြီးနဲ့ ကပ်မိပြီး ပစ္စည်းတွေ အကုန်လုံး သယ်လိုက်နိုင်တယ်” ဟု ၎င်းက ဆိုသည်။

လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့နေသည့် ရုပ်သံမှတ်တမ်းများအရ လှေစက်ခန်းအတွင်းမှ မီးခိုးများ အူထွက်နေကာ မီးသတ်ဆေးဘူးများဖြင့် ငြှိမ်းသတ်ခဲ့သော်လည်း မီးထိန်းမရသဖြင့် တဖြည်းဖြည်း နစ်မြုပ်သွားသည်ကို တွေ့ရသည်။

“ပင်လယ်ထဲမှာ မီးတအားလောင်တဲ့အချိန် မီးမသတ်နိုင်တော့ လှေကို မြုပ်ပစ်မှရမယ်ဆိုတဲ့ ပုံစံမျိုးဖြစ်သွားပြီး အဲဒီလို လုပ်ပစ်လိုက်တာ” ဟု ကိုကုလားက ရှင်းပြသည်။

အဆိုပါ မီးလောင်နစ်မြုပ်သွားသည့် ငါးဖမ်းလှေကို ယနေ့ စက်တင်ဘာလ ၁၂ ရက်တွင် ပြန်လည်ဆယ်ယူနေကြောင်း သိရသည်။

ထိုင်းနိုင်ငံ အရှေ့ဘက်ပင်လယ်ပြင်ရှိ ချွန်ဖော်ခရိုင်၊ ချွန်ဖော်ပါနမ် (ဆိပ်ကမ်း) တွင် ဝါတန်းငါးဖမ်းလှေ အများအပြား အခြေစိုက်ပြီး မြန်မာရေလုပ်သား ရာနှင့်ချီ လုပ်ကိုင်နေကြသည့် ဒေသတစ်ခု ဖြစ်သည်။