ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ချင်းမိုင် ပျံကျဈေးတွင် မြန်မာစျေးသည် ကိုးဦးဖမ်းဆီးခံရ

September 11, 2026

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ ပျံကျဈေးတွင် ဈေးရောင်းနေသော မြန်မာနိုင်ငံသား ကိုးဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင် လဝက က ထုတ်ပြန်သည်။

စက်တင်ဘာလ ၁၀ ရက်က ယူနန်ဈေးသစ်တွင် မြန်မာနိုင်ငံသားများ ဈေးရောင်းနေကြောင်း တိုင်ကြားချက်က ရရှိသဖြင့် ရဲတပ်ဖွဲ့က ဝင်ရောက်စစ်ဆေး ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

ဈေးထဲတွင် ဈေးရောင်းနေသော မြန်မာနိုင်ငံသား ကိုးဦးနှင့် တရုတ်နိုင်ငံသား သုံးဦးတို့ကို အလုပ်လုပ်ခွင့် လက်မှတ် မရှိမှု၊ လုပ်ပိုင်ခွင့်ထက် ကျော်လွန်လုပ်ကိုင်မှုများဖြင့် ဖမ်းဆီးခဲ့သည်။

ဈေးထဲတွင် ထိုင်းနိုင်ငံသားများသာ ဈေးရောင်းခွင့်ရှိကြောင်း ပြောဆိုပြီး ရဲစခန်းတွင် ဒဏ်ငွေ ငါးထောင် ပေးဆောင်ခဲ့ရကြောင်း ဖမ်းဆီးခံရသူ မြန်မာစျေးသည်အမျိုးသမီးက ပြောသည်။

“ဘတ်ရှိတာဖြစ်စေ မရှိတာဖြစ်စေ ထိုင်းတွေက လွဲရင် အကုန်ဖမ်းပါတယ်။ ဒီရက်ပိုင်းတော့ ဘယ်ဈေးမှာဖြစ်ဖြစ် ဈေးရောင်းရင် သတိထားစေချင်တယ်” ဟု ၎င်းက ပြောဆိုသည်။

မြန်မာနိုင်ငံသားများ အပါအဝင် ရွှေ့ပြောင်းအလုပ်သမားများသည် ဆံပင်ညှပ်၊ ဧည့်လမ်းညွှန်၊ ဈေးရောင်း၊ ခရီးသည်ကြိုပို့ စသော တားမြစ်ထား လုပ်ငန်းများကို လုပ်ပိုင်ခွင့်မရှိပေ။

အကယ်၍ တရားမဝင် ဝင်ရောက်လုပ်ကိုင်ပါက ဒဏ်ငွေ ဘတ် ၅၀၀၀ မှ ၅၀၀၀၀ အထိ ချမှတ်ခံရနိုင်ပြီး နေရပ်ပြန်ပို့ခံမည်ဖြစ်ကာ ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ခွင့် ၂ နှစ်ပိတ်သိမ်းခံရမည်ဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။