ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရေဖြူ ကလိန်အောင်တံတားဂိတ်တွင် စစ်မှုထမ်းစုဆောင်း

September 11, 2026

ပုံစာ - ကလိန်အောင်တံတားဂိတ်(ပုံဟောင်း)

ရေဖြူမြိုနယ်၊ ကလိန်အောင်မြို့ ရှိ ကလိန်အောင်တံတားဂိတ်တွင် စစ်အာဏာရှင်တပ်က အမျိုးသား တစ်ဦးကို အဓမ္မ စစ်မှုထမ်းစုဆောင်းခဲ့ကြောင်း ဖမ်းဆီးခံရသည့်ဖြစ်စဉ်ကို သိရှိသူအချို့က ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂၂ ရက်တွင် ရန်ကုန်မြို့မှ ထားဝယ်မြို့သို့ လိုက်ပါလာသည့် အမျိုးသားတစ်ဦးကို ကလိန်အောင် တံတားဂိတ်တွင် ကားပေါ်က ခေါ်ချစစ်ဆေးကာ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

ဖမ်းဆီးခံရပြီးနောက် နောက်ဆက်တွဲ အခြေအနေများကိုမူ ရှင်းရှင်းလင်းလင်း မသိရတော့ကြောင်း ၎င်းတို့က ပြောဆိုသည်။

ကလိန်အောင်တံတားအပြင် ရေဖြူမြို့အဝင် ရေဖြူတံတားအနီးတို့တွင်လည်း ခရီးသွားများကို စစ်ဆေးကာ လူငယ်များကို စစ်မှုထမ်းအဖြစ် မကြာခဏ စုဆောင်းလေ့ရှိကြောင်း ခရီးသွားဒေသခံအချို့က ပြောသည်။

“ရေဖြူမြို့အထွက် တံတားနားက ဆီဆိုင်နားမှာ အမြဲတမ်းထွက်တား ထွက်စစ်ကြပြီး ဖမ်းဆီးလေ့ရှိတယ်။ တစ်ခါတလေ လင်မယား နှစ်ယောက်ပါလာတာတောင်မှ လင်ကို ခေါ်ခဲ့ပြီး မယားကို တစ်ယောက်တည်းပြန်လွတ်လိုက်တာမျိုးတွေ တောင်ရှိတယ်” ဟု ခရီးသွားဒေသခံတစ်ဦးက ဆိုသည်။

ရေဖြူတံတားတွင် ဖမ်းဆီးရာ၌ ရေဖြူမြို့ နယ်အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများနှင့် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက် နှိမ်နင်းရေးအဖွဲ့ (ပလကဖ) အပြာရောင် ဝတ်စုံဝတ်ထားသူများကို အများဆုံးတွေ့ရကြောင်း ခရီးသွားအချို့က ပြောဆိုသည်။

ရေဖြူမြို့တံတားအနီးတွင် လစဉ် လကုန်ပတ်များတွင် ခရီးသည်တင်ကား၊ ကုန်ကားနှင့် ခရီးသွားများကို စစ်ဆေးကာ ဖမ်းဆီးလေ့ရှိကြောင်း မြို့ခံများ၏ ပြောကြားချက်အရသိရသည်။

တနင်္သာရီတိုင်း၌ ဩဂုတ်လအတွင်း စစ်မှုထမ်း အပတ်စဉ် (၂၈) ကို သင်တန်းသား ၁၂၀ ခန့်ဖြင့် ဖွင့်လှစ်ကြောင်း စစ်အုပ်စု၏ ထုတ်ပြန်ချက်နှင့် ဓာတ်ပုံမှတ်တမ်းများအရ သိရသည်။

ဧပြီလမှ ဩဂုတ်လအထိ ငါးလတာကာလအတွင်း တနင်္သာရီတိုင်း၌ အဓမ္မစစ်မှုထမ်း စုဆောင်းခံရသည့် လူငယ် ခုနစ်ရာ ကျော် ရှိကြောင်း Dawei Watch က စုစည်းထားသည့် သတင်းမှတ်တမ်းများအရသိရသည်။