ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

လောင်းလုံးတွင် အရပ်သားလေးဦးကို စစ်အာဏာရှင်တပ် ပစ်သတ်

September 10, 2026

လောင်းလုံးမြို့၏ အရှေ့ဘက် ကျေးရွာများကို တစ်ရွာဝင်တစ်ရွာထွက် စစ်ကြောင်းထိုးနေသည့် စစ်အာဏာရှင်တပ် စစ်ကြောင်းသည် ယနေ့ နံနက်ပိုင်းတွင် အရပ်သားပြည်သူလေးဦးကို ပစ်ခတ်သတ်ဖြတ်ကြောင်း ဒေသခံများက ပြောသည်။

ဝေဒီကျေးရွာတွင် တပ်စွဲထားသည့် အင်အား တစ်ရာဝန်းကျင်ရှိ စစ်ကြောင်းသည် ယနေ့ စက်တင်ဘာလ ၁၀ ရက် နံနက် ၃ နာရီခန့်တွင် ဝေဒီကျေးရွာမှ သေနတ်ပစ်ဖောက်ကာ ပြန်လည်ထွက်ခွာကြောင်း ဒေသခံများက ဆိုသည်။

ယင်းနောက် ကုန်းဇရပ်ကျေးရွာသို့ ရောက်ရှိချိန်တွင် အသက် ၉၀ ကျော်အရွယ် ဦးဖေအေးကို ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး နေအိမ်တစ်ဆောင်ကိုလည်း မီးရှို့ ဖျက်ဆီးသွားကြောင်း ၎င်းတို့က ပြောဆိုသည်။

ကုန်းဇရပ်ကျေးရွာနှင့် တစ်ဆက်တည်းရှိသည် မဲမော်ကျေးရွာတွင်လည်း အသက် ၂၀ ကျော်အရွယ် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ကိုလည်း ထပ်မံပစ်ခတ်သတ်ဖြတ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“သူတို့နှစ်‌ယောက် ဖုန်းဘေလ်ကုန်လို့ လိုင်းရတဲ့နေရာမှာ ဖုန်းဘေလ်လိုက်ဖြည့်နေတုန်း စစ်ကြောင်းနဲ့ တွေ့ပြီး ပစ်ခတ်ခံလိုက်ရတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါလူငယ်နှစ်ဦးမှာ ချစ်သူသမီးရည်းစားများဖြစ်ကြကြောင်း ဒေသခံများထံမှ သိရသည်။

အမျိုးသားဖြစ်သူမှာ ဝေဒီကျေးရွာဇာတိဖြစ်ပြီး မဲမော်ရွာတွင် လာရောက် စစ်ဘေးရှောင်နေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။

စစ်အာဏာရှင်တပ် ထွက်သွားပြီးနောက် ဒေသခံအချို့ ဝေဒီကျေးရွာအတွင်း ဝင်ရောက်ရှာဖွေရာ အရပ်သားတစ်ဦး၏ အလောင်းနှင့် စစ်အာဏာရှင်တပ်သားတစ်ဦးတို့၏ အလောင်းတို့ကိုလည်း ထပ်မံတွေ့ရှိကြောင်း ဒေသခံ အခြားတစ်ဦးက ပြောသည်။

သတ်ဖြတ်ခံရသည့် ဝေဒီရွာသားမှာ စိတ်ကျန်းမာရေးမကောင်းသူဖြစ်ပြီး ၎င်းကို လူအများက မာစတာ ဟု ခေါ်ဝေါ်ကြကြောင်း အထက်ပါဒေသခံက ဆိုသည်။

“သူ့အလောင်းကို အိမ်သာကျင်းထဲ ပစ်ချခဲ့တာ။ ကုက္ကိုပင်အောက်မှာက စစ်သားအလောင်းတစ်လောင်း မြေမြှုပ်ခဲ့တာ တွေ့ရတယ်” ဟု ၎င်းက ပြောဆိုသည်။

မြေမြှုပ်ထားခဲ့သည့် စစ်အာဏာရှင်တပ်သားမှာ စက်တင်ဘာလ ၉ ရက် နံနက် စောစောက ပြင်းထိန်ကျေးရွာမှ ဝေဒီကျေးရွာသို့ စစ်ကြောင်းထိုးလာစဉ် တော်လှန်ရေးတပ်တို့က ဒရုန်းဗုံးချ တိုက်ခိုက်ရာမှ သေဆုံးခြင်းဖြစ်နိုင်ကြောင်း ဒေသခံများက ပြောသည်။

စစ်အာဏာရှင်တပ် စစ်ကြောင်းသည် လက်ရှိတွင် မဲမော်ကျေးရွာနှင့် သဗျာကျေးရွာကြားတွင် ပျောက်နေကြောင်း ဒေသခံများထံမှ သိရသည်။

စစ်အာဏာရှင်တပ် စစ်ကြောင်းသည် စက်တင်ဘာလ ၈ ရက် နံနက်ပိုင်းကစပြီး လောင်းလုံးမြို့မှ စတင်ထွက်ခွာကာ ပြင်းထိန်၊ ဝေဒီကျေးရွာများသို့ တစ်ရွာဝင်တစ်ရွာထွက် စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။

ထိုစစ်ကြောင်းနှင့် တော်လှန်ရေးတပ်တို့ စက်တင်ဘာလ ၈ ရက်က ပြင်းထိန်ကျေးရွာတွင် တစ်ကြိမ်၊ စက်တင်ဘာလ ၉ ရက်က ဝေဒီကျေးရွာတွင် တစ်ကြိမ် နှစ်ဘက်အပြန်အလှန် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။