တနင်္သာရီမြို့နယ်တွင် တိုင်းစစ်အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးသိန်းလွင် လိုက်ပါလာသည့် ယာဉ်တန်းကို တော်လှန်ရေးတပ်များက ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများနှင့် တော်လှန်ရေး တပ်ဖွဲ့ဝင်များထံမှ သိရသည်။
စက်တင်ဘာလ ၅ ရက်တွင် ယာဉ်တန်း တိုက်ခိုက်ခံရခြင်းဖြစ်ပြီး တိုက်ခိုက်ခံရသည့် နေရာနှင့် အနီးဝန်းကျင်ကို စစ်အာဏာရှင်တပ်က စက်တင်ဘာလ ၉ ရက်တွင် စစ်ကြောင်းထိုးနေကြောင်း ဒေသခံများက ပြောသည်။
တနင်္သာရီမြို့တွင် ရေဘေးသင့်ပြည်သူများကို ထောက်ပံ့ပစ္စည်းပေးပြီး မြိတ်သို့ ပြန်လာချိန် စက်တင်ဘာလ ၅ ရက် ညနေ ၄ နာရီကျော်တွင် လမ်းပိုင်း၌ ယာဉ်တန်းကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များက ဆိုသည်။
ယာဥ်တန်းတွင် စစ်အစိုးရဝန်ကြီး ဦးသိန်းလွင်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြိတ်ခရိုင်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ကော်မတီနှင့် စစ်အာဏာရှင်တပ်သားများ လိုက်ပါလာပြီး ကားကိုးစီးပါဝင်ကြောင်း တော်လှန်ရေးတပ်နှင့် နီးစပ်သူ တစ်ဦးက ဆိုသည်။
အဆိုပါတိုက်ခိုက်မှုတွင် ယာဉ်တန်းတွင် လိုက်ပါလာသူတစ်ဦး ဒဏ်ရာရပြီး ကားတစ်စီး မှန်များ ပျက်စီးကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
“ပစ်ခတ်ခံရပြီး ယာဥ်တန်းက မောင်းပြေးသွားတယ်။ လမ်းကင်းနဲ့ မိနစ်သုံးဆယ်ကြာ ပစ်ခတ်မှုဖြစ်တယ်။ တစ်စီးတော့ ကားမှန် အကုန်ကြေသွားတယ်” ဟု အထက်ပါ တပ်ဖွဲ့ဝင်က ပြောဆိုသည်။
ယာဥ်တန်းတိုက်ခိုက်ခံရပြီးနောက် ညနေ ၄ နာရီခွဲတွင် ရမ်းဖိုရွာတွင် ယာဥ်တန်းရပ်နားပြီး ဒဏ်ရာရသွားသည့် သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီဝင်တစ်ဦးကို အရေးပေါ်ကားဖြင့် မြိတ်မြို့သို့ ပို့ဆောင်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယာဉ်တန်းတွင် ခရီးသည်တင် မှန်လုံကား လေးစီး၊ vigo ကား လေးစီးနှင့် အိမ်စီးကားတစ်စီးပါဝင်ကြောင်း တော်လှန်ရေးတပ်နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
“လူနာ လာသယ်တာကတော့ ကားကြီးပေါ်က သယ်ချနေတယ်။ နောက်တစ်ပိုင်းဖွင့် ကားတွေမှာက စစ်သားတွေ ပါနေတယ်” ဟု ၎င်းက ပြောဆိုသည်။
လက်ရှိတွင် စစ်အာဏာရှင်တပ်က ရမ်းဖိုရွာအနီးဝန်းကျင်ကို စစ်ကြောင်းထိုးနေသဖြင့် ရမ်းဖိုကျေးရွာဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။
ယာဥ်တန်းသည် မြိတ်မြို့မှ တနင်္သာရီမြို့သို့ ယာဥ်တန်းမလာမီ စစ်အာဏာရှင်တပ်သားများသည် ပြည်ထောင်စု လမ်းမကြီး တစ်လျှောက် လမ်းကင်းချခဲ့သလို ဇဝဲကျေးရွာအခြေစိုက် အမှတ်-၃၀၆ အမြောက်တပ်ကလည်း အနီးဝန်းကျင် ကျေးရွာများဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများ ပြောသည်။







