ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မောတောင် အမှတ် ၃ရွာဝန်းကျင်ရှိ စစ်ဘေးရှောင်စာသင်ကျောင်းကို စစ်အာဏာရှင်တပ် မီးရှို့ဖျက်ဆီး

September 8, 2026

မောတောင်မြို့၊ အမှတ် (၃) ကျေးရွာဝန်းကျင်ရှိ စစ်ဘေးရှောင်ကလေးငယ်များ ပညာသင်ယူခဲ့သည့် စာသင်ကျောင်းကို စစ်အာဏာရှင်တပ်စစ်ကြောင်းက မီးရှို့ဖျက်ဆီးကြောင်း ဒေသခံများနှင့် ကျောင်းဆရာများက ပြောသည်။

စစ်ဘေးရှောင်‌ ကျောင်းသား ခုနစ်ရာကျော် ပညာသင်ယူခဲ့သည့် စာသင်ကျောင်းကို စက်တင်ဘာလ ၃ရက်တွင် စစ်အာဏာရှင်တပ်သားများသည် မီးရှို့ခဲ့ကြောင်း ကျောင်းဆရာတစ်ဦးက ဆိုသည်။

တကော့ဖောလူရွာ (ဒေသအခေါ်) တွင် စစ်ဘေးရှောင်များအတွက် ဖွင့်လှစ်ထားသည့် စာသင်ကျောင်း နှစ်ကျောင်းရှိကြောင်း ဒေသခံများထံမှ သိရသည်။

စစ်အာဏာရှင်တပ် မေလ ၂၅ရက်တွင် ပထမကြိမ်စစ်ကြောင်းထိုးရာ အမှတ် ၃ရွာအနီးရှိ စာသင်ကျောင်းကို မီးရှို့ဖျက်ဆီးခဲ့ပြီး တတိယအကြိမ်တွင် ရွာအပြင်ဘက်တွင် ကျန်ရှိနေသည့် စာသင်ကျောင်းတစ်ကျောင်းကို ထပ်မံမီးရှို့ဖျက်ဆီးခြင်း ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“စစ်ကြောင်းက ခဏခဏ ဝင်နေတယ်။ တတိယအကြိမ်မှာ ရှို့သွားတယ်။ အကုန်ရှို့လိုက်တယ်။ ကျောင်းဆောင်အားလုံးကို ရှို့လိုက်တယ်” ဟု အထက်ပါ ‌ကျောင်းဆရာက ပြောသည်။

ယခု မီးရှို့ခံရသည့် စာသင်ကျောင်းသည် ကွန်ပျူတာ၊ ဓာတ်ခွဲခန်း၊ စာသင်ခန်းနှင့် သစ်တောပညာရပ်အခန်း အပါအဝင် ကျောင်းဆောင်ငယ် စုစုပေါင်း ၃၀ ကျော်ဖြင့် ၂၀၂၂ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း ကျောင်း၏ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

၂၀၂၆ ခုနှစ် မေလတွင် စစ်အာဏာရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် စစ်ကြောင်းထိုးခြင်းကြောင့် ပြောင်းရွှေ့ခဲ့ရကျောင်း ၎င်းက ဆိုသည်။