ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

လေကြောင်းတိုက်ခိုက်မှုကြောင့် တစ်လအတွင်း တနင်္သာရီအပါအဝင် နိုင်ငံတစ်ဝန်း အမျိုးသမီး ၅၀ကျော် သေဆုံး

September 5, 2026

မြန်မာနိုင်ငံတစ်ဝန်းတွင် ဩဂုတ်လအတွင်း စစ်အာဏာရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၅၅ ဦး အသက်ဆုံးရှုံးကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က စက်တင်ဘာလ ၄ ရက်တွင် ထုတ်ပြန်သည်။

တနင်္သာရီ၊ ကရင်၊ မန္တလေး၊ ကရင်နီ (ကယား)၊ ပဲခူး၊ မကွေး၊ ချင်း၊ စစ်ကိုင်း၊ ရခိုင် စသည့် ပြည်နယ်နှင့်တိုင်း ကိုးခုတွင် အသက်ဆုံးရှုံးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ သေဆုံးသူများအနက် အသက် ၁၈ နှစ်အောက် ခြောက်ဦးပါဝင်သည်။

ရခိုင်ပြည်နယ်တွင် သေဆုံးသူ ၁၇ ဦး၊ စစ်ကိုင်းတိုင်းတွင် ၁၃ ဦး၊ ချင်းပြည်နယ် ကိုးဦး၊ မကွေးတိုင်းတွင် ခြောက်ဦးဖြင့် အမျိုးသမီး သေဆုံးမှုနှုန်း အများဆုံးရှိခဲ့ပြီး ကျန်ဒေသ ငါးခုတွင်မူ တစ်ဦးမှ သုံးဦးကြား သေဆုံးကြောင်း ဖော်ပြသည်။

တနင်္သာရီတိုင်းတွင် သြဂုတ်လအတွင်း စစ်အာဏာရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း BWU က ထုတ်ပြန်သည်။

သြဂုတ်လ ၄ ရက်တွင် တနင်္သာရီမြို့နယ် တကူကျေးရွာအုပ်စုရှိ လမိုင်းကော့ရွာကို ဂျိုင်ရိုကော်ပတာဖြင့် ဗုံးနှစ်လုံးကြဲချ တိုက်ခိုက်ရာတွင် အမျိုးသမီးကြီးတစ်ဦး ဗုံးစထိမှန်၍ သေဆုံးခဲ့ခြင်းဖြစ်သည်။

ယင်းအပြင် သြဂုတ်လ တစ်လတာအတွင်း နိုင်ငံတစ်ဝန်း စစ်အာဏာရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ၄၃ ဦး၊ လက်နက်ကြီး ပစ်ခတ်ခံရမှုကြောင့် သုံး ဦး ၊ ကျည်ထိမှန်မှုကြောင့် သုံးဦး ၊ မြေမြှုပ်မိုင်းကြောင့် သုံးဦး စုစုပေါင်း အမျိုးသမီး ၅၂ ဦးလည်း ဒဏ်ရာရခဲ့ကြောင်း BWU က ဖော်ပြသည်။